ကလေးသူငယ်အခွင့်အရေးဥပဒေမူကြမ်းထဲက ကလေးမွေးစားခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ
မွေးစာရင်းရရှိခွင့်ဆိုတဲ့အကြောင်းရေးသားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဥပဒေမှာ အငြင်းပွားနေကြတဲ့ ကလေးမွေးစားခြင်းဆိုတဲ့အကြောင်း ထပ်ရေးဖို့ ပြင်ထားပေမဲ့ အကြောင်းအရာပေါင်းစုံတွေပေါ်လာတာကြောင့် ဒီစာကို စာရေးဖို့နောက်ကျသွားခဲ့ပါတယ်.. ကိုယ်မရေးနိုင်ပေမဲ့ ဒီအတောအတွင်း တခြားသူတွေက ရေးသားရှင်းပြတာတွေ၊ ဒေါက်တာမြဉာဏစိုးနဲ့ လဝက၀န်ကြီးကိုယ်တိုင်ရှင်းပြတာတွေရှိလာတော့ ကိုယ်တောင် ရှင်းပြစရာသိပ်မလိုတော့ဘူးဖြစ်သွားပါတယ်… ကလေးများကို မွေးစားခြင်းနဲ့ပတ်သက်လို့ စိတ်ပူကန့်ကွက်နေတဲ့အကြောင်းအရာကို သေသေချာချာပြန်လေ့လာကြည့်တဲ့အခါ အခုလက်ရှိကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ကလေးတွေကို မွေးစားခွင့်ပြုတဲ့ပုဒ်မကို ထည့်သွင်းထားတဲ့အတွက် နိုင်ငံသားမဟုတ်သူ ကလေးတွေကို နိုင်ငံသားဖြစ်တဲ့မိဘနှစ်ပါးက မွေးစားနိုင်တဲ့အတွက် နိုင်ငံခြားသားကလေးတွေအမြောက်အများ နိုင်ငံသားဖြစ်လာနိုင်ပြီး လူမျိုးရေးဝါးမျိုမှုဖြစ်နိုင်တယ်လို့ စိုးရိမ်နေတာကို တွေ့ရပါတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသားမဟုတ်တဲ့ “ရိုဟင်ဂျာ” ကလေးတွေဟာ မွေးစားခွင့်ကိုအသုံးချပြီး မြန်မာနိုင်ငံသားဖြစ်လာမယ်.. နဂိုရှိပြီးသား လူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာစေမယ်.. ကြာလာရင် လူမျိုးရေးဝါးမျိုမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကြောက်လန့်မှုရှိနေကြတာကို တွေ့ရပါတယ်.. ဒီကြားထဲမှာ နိုင်ငံရေးအရတိုက်ခိုက်မှုတွေဖြစ်တဲ့ လက်ရှိအစိုးရဟာ “ရိုဟင်ဂျာ” တွေကို နိုင်ငံသားဖြစ်လာစေဖို့ လမ်းဖွင့်ပေးဆိုတတာဖြစ်တယ်.. […]