မြန်မာနိုင်ငံလက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးများအကြမ်းဖက်ခံရမှု မြှင့်တက်နေဆဲ အပေါ် ညီမျှခြင်းမြန်မာစိုးရိမ်

Equality Myanmar January 23, 2018
မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များတွင် ကလေးသူငယ်များအား လက်နက်ကိုင်ပဋိပက္ခ အတွင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု၊ အသုံးပြုမှုများ မြှင့်တက်နေဆဲဟု ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ မြန်မာနိုင်ငံလက်နက်ကိုင်ပဋိပက္ခနှင့် ကလေးသူငယ်များဆိုင်ရာ ကိုယ်စားလှယ်မှ တင်သွင်းခဲ့သည့် အစီရင်ခံစာကို ဇန်နဝါရီလ၊ ၁၅ရက်နေ့တွင်ထုတ်ပြန်လိုက်ပါသည်။

ထိုအစီရင်ခံစာတွင် ကလေးစစ်သားအသုံးပြုမှုရပ်တန့်ရေးအတွက် မြန်မာအစိုးရ၏ လုပ်ဆောင်ချက် များတိုးတက်လာသည်ဟု အသိအမှတ်ပြုထားသော်လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးများ အပေါ်အကြမ်းဖက်မှုများ ဆက်လက်ရှိနေသေးကြောင်း ထောက်ပြထားသည်။

ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက“စစ်ပွဲတွေကြောင့် ကလေးတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာတာတွေ့နေရပါတယ်။ အရပ်သားတွေ နေထိုင်တဲ့နေရာမှာ လက်နက်ကြီးတွေ ဗုံးဆံတွေကျလို့ လသားငယ်လေးတွေ အပါအဝင် ကလေးတွေ သေဆုံးမှုက မဖြစ်သင့်ပါဘူး။ လက်နက်မဲ့ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို မထိခိုက်အောင် ကာကွယ်ပေးဖို့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေအားလုံး တာဝန်ရှိသလို လေးစားလိုက်နာ သင့်ပါတယ်။ အကောင်းဆုံးကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ ဖြစ်ပါတယ်” ။

အစီရင်ခံစာရေးသား တင်သွင်းရမည့် ကာလအချိန်(၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁ ရက် – ၂၀၁၇ခုနှစ်၊ ဇွန်လ၊ ၃၀ ရက်) အတွင်း ကလေးငယ်(၂၁)ဦးဟာ အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းခံခဲ့ရပြီး၊ (၄၀)ဦးမှာ ဖမ်းဆီးခံရခြင်းနှင့် ပြန်ပြေးဆွဲခံခဲ့ရသည်။ကလေးပေါင်း(၄၁)ဦးဟာ အသတ်ခံ ရပြီး၊ (၁၀၄)ဦးသည် သေရာပါဒဏ်ရာဒဏ်ချက်ရရှိခဲ့ရသည်။အများစုဟာ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေ နိုင်သည့် လက်နက်များ၏ သားကောင်ဖြစ်နေကြရသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားပါသည်။

မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှုကြောင့် လက်နက်ထိပြီး ကလေး သေဆုံးသူပေါင်း (၅၃)ဦးရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၁)ရက်နေ့ မနက်၊ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်၊ ပူဝမ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ဝန်းအတွင်း ဆော့ကစားနေသော ၂နှစ်အရွယ် မမန်ရှန်ဇုန်းမျှော် သေဆုံးခဲ့ရပြီး၊ ၆နှစ်အရွယ် မောင်လဂွီဘောမ်လာန်းနှင့် ၅နှစ်အရွယ် မောင်လဂွီတိန့်ကျန်းတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု မြန်မာတိုင်း(မ်) သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာတွင် စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်ခတ်ခြင်းများလည်းရှိသည့်အပြင်၊ စာသင် ကျောင်းနှင့်ဆေးရုံများကို လစဉ် စစ်ရိက္ခာသိုလှောင်ခြင်း၊ ညအိပ်ခြင်း၊ စစ်တပ် အပြောင်းအလဲ ပြုခြင်းများအတွက် အသုံးပြုခဲ့မှု (၂၃)ကြိမ်ရှိသည်ဟု ဆိုထားပါသည်။

အစီရင်ခံစာတွင် ကလေးစစ်သားများကို ပြန်လည်လွတ်ပေးဖို့ လုပ်ဆောင်ရာတွင် အချိန်ကြန့်ကြာမှုများ မရှိလုပ်ဆောင်းပေးရန်၊ ခြွင်းချက်မရှိ ချက်ချင်း လွတ်ပေးရန်၊ မြန်မာတပ်မတော်နှင့် အစိုးရထံသို့ အကြံပြုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရန်နှင့် ကာကွယ်ရန် အတွက်(Myanmar Countary Task Force) နှင့်အတူ ပူးပေါင်းစောင့်ကြပ်ခြင်း၊ အစီရင်ခံခြင်း လုပ်ဆောင်ရန် အကြံပြုထားသည်။

မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေကို ကုလသမဂ္ဂအဖွဲ့က ပြောထားသည့် အကြံပြုချက်များကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းနှင့် ဦးအောင်မျိုးမင်က ထပ်မံပြီး အခုလို “လက်နက်ကိုင်ပဋိပက္ခများကြောင့် အကြမ်းဖက်ခံရသည့် ကလေးများ တရားမျှတမှုရရှိရေးအတွက် ဥပဒေဖြင့် ကာကွယ်ပေးပြီး၊ မဖြစ်အောင်တားဆီးဖို့လိုသလို ဖြစ်လာရင်လဲ နစ်နာမှုအတွက် ကုစားမှု တွေ လုပ်စေချင်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုပါသည်။

ဤအစီရင်ခံစာတွင် လက်ရှိဖြစ်ပွားနေသော ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ကလေးများအပေါ် အကျိုးသက်ရောက်မှု ထည့်သွင်းထားခြင်းမရှိသေးဟု ဆိုထားပါသည်။

အစီရင်ခံစာ အပြည့်အစုံ။ ။ Fourth report on the impact of armed conflict on children in Myanmar