ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နှင်းမှုအပေါ် သဘောထားထုတ်ပြန်ချက်

ICCPR Myanmar Action Group

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နှင်းမှုအပေါ် သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်ချက် (၁/ ၂၀၁၈) နေ့ရက်။ ။ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၈ ခုနှစ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အခမ်းအနား စာပေဟောပြောပွဲကို သက်ဆိုင်ရာမှ ပိတ်ပင်တားမြစ်သည့်ကိစ္စနှင့် ပတ်သက်၍ လူထုမှမကျေနပ်ဘဲ ဇန်နဝါရီ (၁၆) ရက်ညပိုင်းတွင် ခွင့်ပြုရန်တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်ကာ ရဲမှ သေနတ်နှင့်ပစ်၍လူစုခွဲခဲ့သဖြင့် ပြည်သူ (၇)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

ICCPR Action Group အနေဖြင့် အဓိကရုဏ်းတွင် သေဆုံးခဲ့ရသည့် ဆန္ဒပြရခိုင်ပြည်သူလူငယ်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများ၏ ဆုံးရှုံးမှုများအတွက် ရခိုင်ပြည်နေပြည်သူများ၊ မိသားစုများနှင့် ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရပါသည်။

ယခုပစ်ခတ်နှိမ်နှင်းမှုဖြစ်စဉ်တွင် လူစုလူဝေးဖြင့် အော်ဟစ်ဆူပူမှုများ၊ ရိုက်ချိုးဖျက်ဆီးမှုများ၊ လက်နက်လုယူခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ပစ်ခတ်မှုဖြစ်ပွားရသည်ဟု အစိုးရကြေငြာချက်တွင် တွေ့ရသကဲ့သို့ မလွဲသာသော အခြေအနေများအရ ပြည်သူများက ဆိုးရွားစွာ လုပ်ဆောင်လာသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေပြီး ပြည်သူများ၏ လွတ်လပ်စွာစုဝေးခွင့်နှင့် ထုတ်ဖော်ခွင့်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှ အာမခံထားပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာစုဝေးခြင်း၊ အခမ်းအနားများ ကျင်းပခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို တာဝန်ရှိသူများနှင့် ပြည်သူများမှလေးစားရမည်။ ပွဲကျင်းပရန်အချိန်နီးကပ်ကာမှ ကျင်းပခွင့်ပြုမိန့်ကို ပြန်လည်ရုတ်သိမ်းခြင်းသည် ပြည်သူလူထု၏ဒေါသကို ပိုမိုကြီးမားစေပြီး အထင်အမြင်လွဲမှားမှုများ ဖြစ်ခဲ့ခြင်းကို သတိပြုသင့်သည်။

အဓိကရုဏ်းနှိမ်နှင်းရာတွင် တရားဥပဒေနှင့်အညီ လူစုခွဲရန်အတွက် အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများကို ရဲတပ်ဖွဲ့ဝင်များသည် မည်သည့်နေရာဒေသတွင် တာဝန်ကျသည်ဖြစ်စေ လေ့ကျင့်ထားပြီးသားဖြစ်ရမည်။ အမြင့်ဆုံးဆိုးရွားသည့် အခြေအနေများတွင်ပင် အသက်အန္တရာယ်မထိခိုက်အောင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများရှိပြီး ဖြစ်သည်။ ပွဲခွင့်ပြုမိန့်မရသဖြင့် ခွင့်ပြုမိန့်ရရန် စိတ်ဆန္ဒပြင်းပြနေသော လက်နက်မဲ့ပြည်သူများထဲသို့ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရထားသူများက လက်နက်အသုံးချ၍ အသက်သေဆုံးသည်အထိ မည်သည့်အကြောင်းပြချက်နှင့်မျှ ပစ်ခတ်ပိုင်ခွင့်မရှိပေ။

ICCPR Action Group အနေဖြင့်

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အကြမ်းဖက်ဖြိုခွင်းသူများကို ပြန်လည်စုံစမ်းစစ်ဆေးပြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခြင်းရှိပါက ထိရောက်စွာအရေးယူရန်။
ပြည်သူများ၏ ငြိမ်းချမ်းစွာစုဝေး၊ ဟောပြောခွင့်ကိုလေးစားပြီး ခွင့်ပြုချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုရှင်းလင်းလွယ်ကူစေရန်အတွက် ဥပဒေပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်။
ယခုပြဿနာမှ အစပြု၍ လူမျိုးရေးမုန်းတီးမှု၊ ပဋိပက္ခပိုမိုကြီးထွားမှုမဖြစ်လာစေရန် ကာကွယ်တားဆီးနိုင်မည့် အစီအစဉ်များကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်တားဆီးရန်။
ပြည်သူလူထုများအနေဖြင့်လည်း လွတ်လပ်စွာ စုဝေးဟောပြောခွင့်ကို တလွဲအသုံးချ၍ အမုန်းတရားပြန့်ပွားအောင် ဟောပြောလှုံ့ဆော်ခြင်း၊ အကြမ်းဖက်မှုများဖြစ်ပေါ်စေသည့်လှုံ့ဆော်ခြင်းများ မပြုလုပ်မိစေရန် သတိပြုသင့်ကြောင်း တိုက်တွန်းတောင်းဆိုအပ်ပါသည်။
အထက်ပါ သဘောထားထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လှုပ်ရှားနေသော လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများနှင့် ကွန်ယက်ပေါင်း (၄၂) ဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအဖွဲ့မှာ နိုင်ငံတကာနိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ် (International Covenant on Civil and Political Rights-ICCPR)ကို မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုး အတည်ပြုစေရေးအတွက် တိုက်တွန်းလှုံ့ဆော်လှုပ်ရှားမှုများကို လုပ်ဆောင်နေသော ကွန်ယက်အဖွဲ့ဖြစ်သည်။

ဆက်သွယ်ရန်

ဦးအောင်မျိုးမင်း (Equality Myanmar, 09 – 44801 5306, myominburma@gmail.com )

ကိုမင်းမင်းဇော် (Genuine People’s Servants, 09- 250 754 619, minminzaw.gps@gmail.com)

မောင်ဆောင်းခ (အသံ-Athan, 09- 7739 37 273, saungkhasithu@gmail.com)