လူ့အခွင့်အရေးဆိုင်ရာ ပြင်ပသတင်းများ

မေလ၊ ၂၂ရက်မှ ဇွန်လ၊ ၅ ရက်အထိ ကရင်ပြည်နယ်ရှိ မြို့နယ်(၄)ခုရှိ ကျေးရွာပေါင်း ၁၂၈ ရွာသို့ ကိုဗစ်ကပ်ရောဂါကို အကြောက်လွန်ပြီး ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုကို ဦးတည်စေသော အမုန်းစကား လျှော့စေရေး၊ သတင်းမှားကို သတိပြုရှောင်ကြဉ်စေရေး လူထုလှုပ်ရှားမှုကမ်ပိန်း လုပ်ဆောင်ခဲ့ပါသည်။

အဆိုပါ မြို့နယ်များမှာ ကော့ကရိတ်မြို့နယ်တွင် (၁၈)ရွာ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် (၂၅) ရွာ၊ လှိုင်းဘွဲမြို့နယ်တွင် (၂၁)ရွာ၊ ဘားအံမြို့နယ်တွင်(၆၄) ရွာ၊ စုစုပေါင်းကျေးရွာ (၁၂၈)ရွာတို့တွင် ၅ လပိုင်း ၂၂ မှ ၃၁ ရက်နေ့အထိ၊ ၆ လပိုင်း (၁)ရက်နေ့၊ (၃)ရက်နေ့နှင့် (၅)ရက်နေ့တို့ကမ်ပိန်းပြုလုပ်ခဲ့ပါသည်။

ဒိုင်းပြကျေးရွာ ကိုဗစ်စောင့်ကြည့်လူနာကြီးကြပ်ရေးအဖွဲ့ဝင်  ဦးစောတောက်ထွန်းက “ ထိုင်းမှပြန်လာသူတွေကို သီးသန့် quarantine center တွင်ထားထားပါတယ်။ ရွာသူ ရွာသားတွေနဲ့ သူတို့၏မိသားစုဝင်တွေကက ပြည်တော်ပြန်တွေကို ကြောက်လို့ ခွဲခြား ဆက်ဆံတာတွေရှိနေပါတယ်။ ပြန်တော်ပြန်များအနေဖြင့် သူတို့ကို အဲလိုခွဲခြားဆက်ဆံတာ တွေကြောင့် စိတ်ကျဉ်းကြပ်သလို ခံစားနေရတာကိုတွေ့ရပါတယ်” လို့  ဆိုပါသည်။

ဆက်ပြီးသူက ယခုလိုကမ်ပိန်းလုပ်ပြီး ပညာပေးဗီနိုင်းများကပ်ပေးသည့်အတွက် အကျိုးရှိကြောင်းနှင့် သတင်းမှားမဖြန့်ရန်၊ ပြည်တော်ပြန်များကို ခွဲခြားဆက်ဆံမှုမပြုလုပ်ရန် အချက်များက ကျေးရွားနေပြည်သူများကို နားလည်စေပါသည်ဟု ပြောပါသည်။

ရွာကိုင်းကောင်းရွာ အုပ်ချုပ်ရေးမှူး  စောလှဝင်းကလည်း “ အခုလိုဗီနိုင်းကပ်တွေပေးခြင်း၊ အသိပညာပေးခြင်း က တစ်ဦးနဲ့တစ်ဦးအပေါ်သိတတ် နားလည်ပြီးအချင်းချင်းကြား အမုန်းပွားမှု မဖြစ်အောင် နားလည်လာစေမယ်။ ပြည်တော်ပြန်များအတွက်လည်း အခုလိုဗီနိုင်းကိုတွေ့ရင်အရမ်းဝမ်းသာမယ်” လို့ ပြောပါသည်။

လူထုအသိပညာပေးကမ်ပိန်းကို ကရင်ပြည်နယ် အမုန်မစကားဆန့်ကျင်ရေး ကွန်ရက်(Anti – Hate Speech Network (Kayin) ) ဦးအောင်ကျော်ဦး၊ ဦးမောင်ကို၊ ဦးမြင့်အောင်၊ မန်းသိန်း၊ စောဘာနားယာ၊ နန်းတင်တင်လှိုင်၊ နန်းနှင်းနှင်းဝေနှင့် ဒေါ်မိငယ်တို့ကဦးဆောင်ခဲ့ပါသည်။

ဝင်းရွှေဝါသံလွင်အနောက်ခြမ်း၊ Karen Open Group (KOG)၊ Karen Development Network (KDN)၊ Zwekabin Image၊ Young Men’s Christian Association (YMCA)၊ Harmony Youth Association (H.Y.A)၊ ခူးဖိုကပေါ်၊ စိမ်းလန်းမျိုးဆက်သစ်၊ Kayin Women Democracy Action Group (KWDAG)၊ Phoenix (Hpa-an)၊ LGBT ၊ Women Initiatives Group (WIG)၊ Local Resource Center (LRC)၊ တော်ဝင်သဇင်အမျိုးသမီးအဖွဲ့ တို့နှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့် အုပ်စုမှူးများသည် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါသည်။

မြန်မာနှစ်သစ်ကူးရက်မှာ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားအချို့ လွတ်မြောက်လာတဲ့ သတင်းကို ဗွီအိုအေ သတင်းထောက်မေခက တင်ပြပေးမှာပါ။

မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူထုစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအရဆိုပြီး အကျဉ်းသူ၊ အကျဉ်းသား ၂သောင်းခွဲလောက် ကို သမ္မတက လွတ်ငြိမ်းခွင့်ပေးတာမှာ၊ အခုအချိန်လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်တာမို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ မြန်မာနှစ်သစ်ကူး မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၂သောင်းခွဲကို စည်းကမ်း သတ်မှတ် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုပေးတဲ့ အထဲမှာ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၈၇ ဦးလည်း ပါဝင်ပါတယ်။

နောက်ပြီး သေဒဏ်ကျခံနေရသူတွေကို လွတ်ရက်မရှိထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိနဲ့ ထောင်တစ်သက်ကျခံနေရသူတွေကို ထောင်အနှစ် ၄၀၊ ထောင်အနှစ် ၄၀ အထက် ကျခံနေရသူတွေကို နှစ်၄၀၊ ထောင် အနှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို တော့သူတို့ကျတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ ပဲကျခံဖို့လည်း လျော့ပေး လိုက်ပါတယ်

ဒီလို လျော့ပေါ့ပေးတာမှာ စစ်ကိုင်းတိုင်းက အကျဉ်းထောင်ကနေ နာဂတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ NSCN-K ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်‌ဟောင်းတွေ၊ အိန္ဒိယနိုင်ငံသား‌‌တွေလည်း ပါဝင်ပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ထိပ်ပိုင်းခေါင်းဆောင် ၁၁ ဦးကို မတရားအသင်းပုဒ်မနဲ့ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက ဖမ်းဆီးအရေးယူခံခဲ့ရတာပါ။ ဒါ့အပြင် ကလေးအကျဉ်းထောင်ကနေ အိန္ဒိယနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးတို့ကိုလည်း ပြည်နှင်ဒဏ်နဲ့ လွတ်ငြိမ်ချမ်းသာခွင့် ပေးခဲ့ကြောင်းသိရပါတယ်။

လက်ရှိလွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်သေးတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ဦးတိတ်နိုင်က ပြောပါတယ်။

“အဓိကကတော့ နိုင်ငံရေး အကျဉ်းသားရယ်လို့ သတ်မှတ်တာမရှိတော့ နိုင်ငံရေး အကျဉ်းသားလွတ်တယ်လို့ ပြောဖို့အတွက် အကျဉ်းဦးစီးကလည်း သတ်မှတ်ပေးဖို့ ခက်ပါလိမ့်မယ်။ နောက်ထပ် ကြေညာပြီးတော့ လွှတ်မလားတော့မသိပါဘူး။ ဒီပုံတိုင်းကတော့ မျှော်လင့်လို့မရတဲ့ ပုံ အတိုင်းရှိပါတယ်။ နိုင်ငံရေးအရ ဆက်စပ်ပြီး အကျဉ်းကျရတာ၊ လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ တောင်းဆိုလို့ ထောင်ကျတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့ အကျဉ်းကျခံရတာရှိတယ်။ နောက်မတရားအသင်းဆက်သွယ်လို့ ဆိုပြီး အမှုတွေ အများကြီးရှိပါတယ်။ ဒီလူတွေဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အမှုတွေပါ။”

ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ ကိုယ့်ယုံကြည်ချက်ကြောင့် ၊ မွေးရာပါလူ့အခွင့်အရေးကျင့်သုံးမှုကြောင့် အကျဉ်းကျနေသူတွေရှိပါတယ်။ အမှန်ကတော့ သူတို့တွေက ထောင်ထဲကိုမရောက်သင့်ပါဘူး။ ငြိမ်းချမ်းစွာ သူတို့ အခွင့်အရေးကို ကျင့်သုံးပေမယ့် မြန်မာနိုင်ငံက ဖိနှိပ်တဲ့ ဥပဒေတွေကြောင့်ထောင်ထဲရောက်နေတယ်။ ပထမဆုံး မရောက်သင့်တဲ့သူတွေ ရောက်တာကိုက မှားယွင်းမှုပါ။ ခုလွှတ်တာမှာလည်း နိုင်ငံရေး အကျဉ်းသား ဆိုပြီး သတ်မှတ်လွှတ်တာမရှိဘူး။ တခြားအကျဉ်းသားတွေနဲ့ ရောပြီး လွတ်ရက်နီးသူတွေဘဲပါလာ တယ်။ ဒါက သူတို့အတွက် ထိခိုက်နစ်နာမှုဖြစ်စေပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူဆိုတာ ရှိကိုမရှိသင့်ပါဘူး။ ရှိရင်လည်း အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ အခုက ကျနော်တို့လိုချင်နေတဲ့ နိုင်ငံရေး အကျဉ်းသားကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ အဟန့်အတားဖြစ်စေပါတယ်။”

လက်ရှိမှာ အကျဉ်းထောင်များမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်ပြီး ပြစ်ဒဏ်ကျခံနေသူ ၇၇ဦး၊ အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်နေရသူ အယောက် ၂၀၀နီးပါးရှိနေကာ အကျဉ်ထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ အယောက် ၄၀၀ ဦးခန့် ၊ စုစုပေါင်း အယောက် ၆၀၀နီးပါးရှိ တယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ အခုလွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်ရက်နီးသူတွေဖြစ်ကြတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

ဒီနေ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၊ အကျဉ်းသူတွေကို အစိုးရက ဆန်ငါးပြည်အပါအဝင် အခြေခံစား သောက် ကုန်တွေ ပါပေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အခု လွတ်လာတဲ့အထဲမှာ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်စီရင်ခံသူတွေ ရဲစည်းကမ်းဖောက်မှုနဲ့ ပြစ်ဒဏ်ချခံခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် မြန်မာနှစ်သစ်ကူးတုန်းကလည်း အကျဉ်းသားနှစ်သောင်းကျော်ကို သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ဖူးပါတယ်။

https://burmese.voanews.com/pp/5377613/ppt0.html

 

By ထွန်းထွန်း 5 March 2020Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် Frontier Myanmar သတင်းဌာန၏ သတင်းထောက် မနော်ဘက် တီဟန်အား ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း နယ်ခြားစောင့် တပ်ဖွဲ့(BGF)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ် သူက ဧရာဝတီသို့ ပြောသည်။

နော်ဘက်တီဟန်သည် မြဝတီမြို့ အမှတ် ၁ နယ်စပ် ဂိတ်တွင်း သတင်းရယူနေစဉ် BGF တပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး မတ်လ ၄ ရက် မွန်းလွဲပိုင်းကတည်းက ဌာနနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း Frontier Myanmar က ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီး စောချစ်သူ က “BGF က စီးပွားရေး လုပ်နေတာ ဟုတ်နေတာပဲ။ ဒီ Resort တွေ၊ မြို့သစ်တွေ လုပ်နေတာ လည်း ဟုတ်နေတာပဲ။ ကာစီနိုရှိတာလည်း ဟုတ်နေတာပဲ။ သတင်းထောက်က သတင်းဖြစ်တာ၊ ရှိတာကို ရေးမှာပဲ၊ သူ့ ဘာသာရေးတာ ဘာဖြစ်လဲ။ ရေးထားတာကို ဖတ်လိုက်၊ ပြီးရင် လိုတာပိုတာတွေကို ပြန်ရှင်းလင်းချက် ထုတ်ရင်ရတာပဲ။ သတင်းထောက်ကို ဒီလို လုပ်စရာမှ မဟုတ်တာလေ။ ဒီလိုလုပ်တဲ့သူကို ကျနော် အပြစ်ပေးခိုင်းလိုက်ပြီ။ သတင်းထောက် ကိုလည်း လွှတ်လိုက်ပြီ။ ဒီလိုလုပ်တာဟာ ရှက်စရာလည်း ကောင်းပါတယ်။ နောင်ဒါမျိုး မလုပ်ဖို့ ကျနော့် အဖွဲ့တွေကို ထပ် မှာလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သတင်းထောက်အနေဖြင့် အမှတ် ၁ ဂိတ်တွင် ဓာတ်ပုံရိုက်နေသည့်အတွက် ရဲဘော်များက စစ်ဆေးမေးမြန်းစဉ် ၎င်း၏ မှတ်စုအတွင်းမှ မြို့သစ်ကိစ္စ၊ ချစ်သူမြိုင်ပန်းခြံနှင့် ကာစီနိုကိစ္စများ တွေ့ရှိရသည့် အတွက် ထိန်းသိမ်း စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းလည်း BGF ဘက်က ပြောဆိုသည်။

အဆိုပါ သတင်းထောက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင်လည်း ဗိုလ်မှူးကြီး စောချစ်သူထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ပြန်လွှတ်ရန် တပ်ဖွဲ့ဝင်များထံသို့ ညွှန်ကြားခဲ့ခြင်း ဖြစ် သည်။
Irrawaddy News

September 9, 2019
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အပြစ်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ လူသားချင်းစာနာမှု အဖွဲ့တွေကို တားဆီးပစ်ခတ်တာမျိုး မလုပ်ဖို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သြဂုတ်လ ၁၅ ရက်ကစလို့ စက်တာဘာလဆန်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ တရုတ်နယ်စပ်အခြေစိုက် ညီနောင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၃ ခု (TNLA/ AA/ MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာ တိုင်ရင်းသားလက်နက်ကိုင် တပ်တွေက မြန်မာစစ်တပ် အခြေစိုက်စခန်းတွေနဲ့ ကုန်သွယ်ရေးတံတားကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး မြန်မာစစ်တပ်ဘက်က လုံခြုံရေးတပ်သား ၁၀ ဦးလောက် သေဆုံးခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံးရသလို ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းကို ကိုးကားပြီး စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကို ပြန်ကြည့်ရင် မြန်မာစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကပါ စစ်ပွဲအတွင်း အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေပြီး စစ်ပွဲအတွင်း စောင့်ထိန်းရမယ့် ဂျနီဗာကွန်ဗန်းရှင်းပါ အချက်တွေကိုပါ လိုက်နာမှုမရှိတာ တွေ့ရကြောင်း HRW အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် John Sifton က VOA မြန်မာပိုင်းကို ပြောပါတယ်။

“အဓိကအချက်ကတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေဟာ စစ်ပွဲအတွင်း အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ သတိထား ရှောင်ကြဉ်ရမယ့် ကျင့်ဝတ်တွေကို လိုက်နာခြင်းမရှိတာ တွေ့ရပါတယ်။ ကျေးရွာတွေနားမှာ တိုက်ခိုက်ကြတယ်ဆိုရင် အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေကို ထိခိုက်စေနိုင်တဲ့ အင်အားသုံး တိုက်ခိုက်မှုမျိုးကို မလုပ်မိဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။”

ညီနောင်တိုင်ရင်းသား တပ်ဖွဲ့တွေက ပြင်ဦးလွင်နဲ့ ဂုတ်တွင်းတံတား တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ် လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးတဝိုက်ဖြစ်တဲ့ တိုက်ပွဲအတွင်း လားရှိုးမြို့ပြင်ဘက်မှာ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတဦး သေဆုံးသွားခဲ့ပါတယ်။ ဒီသေဆုံးမှုဟာ ညီနောင်တပ်ဖွဲ့တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကယ်ဆယ်ကူညီရေး ကားတွေကို ပစ်ခတ်မှုမလုပ်ဖို့ကိုလည်း HRW က တိုက်တွန်းကြောင်း John Sifton က ပြောပါတယ်။

“နှစ်ဖက်တပ်ဖွဲ့အနေနဲ့ အသက်ကယ် ကျန်းမာရေးအဖွဲ့တွေ၊ လူသားချင်းစာနာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ပစ်မှတ်မထားသင့်ပါဘူး။ ရှမ်းပြည်နယ်က တိုက်ပွဲတွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာကြီးတခုက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ အန္တရာယ်ကြား အရောက်သွားကြတဲ့ ကယ်ဆယ်ရေးကားတွေကို တားဆီးနေကြတာပါ။”

တကယ်တော့ ရှမ်းပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာတိုင်း ကြားထဲက ဒေသခံပြည်သူတွေသာ ဒုက္ခရောက်ရလေ့ရှိပြီး ကုလသမဂ္ဂက တိုက်တွန်းသလိုမျိုး စစ်ပွဲအတွင်း အရပ်သားပြည်သူတွေ မထိခိုက်ရအောင် အထူးရှောင်ကြဉ်ဖို့ လိုတယ်လို့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က တောင်းဆိုလိုက်ပါတယ်။

“အခု ကျနော်တို့ရှမ်းပြည်မှာ ဖြစ်နေတာက တိုက်ပွဲဖြစ်တိုင်းဖြစ်တိုင်း ရွာထဲကို အမြောက်တွေနဲ့ပစ်၊ လက်နက်ကြီးတွေနဲ့ပစ်၊ ရွာသူရွာသားတွေ သေကြ။ အဲဒါတော့ လုံးဝ လက်မခံနိုင်ဘူးဗျ။ ဒါပေမယ့် ခက်တာက အခုက အရပ်သားတွေရှိတဲ့ နေရာကိုပဲ ပစ်မှတ်ထားပြီးတော့ ပစ်တာ။ ဥပမာ ဂျနီဗာကွန်ဗန်းရှင်းမှာ ဆိုရင်လည်း ဒီတိုက်ပွဲ စစ်ပွဲ ဖြစ်နေလို့ရှိရင် ပြည်သူတွေကို ငဲ့ညှာရမယ်၊ ပြည်သူတွေကို မထိခိုက်ရအောင် ကာကွယ်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်။”

သြဂုတ်လ ၃၁ ရက်နေ့ ရှမ်းမြောက်ပိုင်းမှာဖြစ်တဲ့ အပြန်အလှန် တိုက်ပွဲအတွင်း ကွတ်ခိုင်မြို့မှာ အရပ်သား ၅ ဦး သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ၃ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း စက်တာဘာ ၂ ရက်နေ့ထိ လေကြောင်းကပါ တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာ NGO အဖွဲ့ ၃၄၆ ဖွဲ့က အရပ်သားတွေ ထိခိုက်စေတဲ့ တိုက်ပွဲတွေ အမြန်ရပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

သြဂုတ်လ တိုက်ပွဲကြောင့် လူပေါင်း ၇၅၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ဘေးဒုက္ခသည် ၃၅၀၀ ဟာ အခုချိန်ထိ ယာယီစခန်းတွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ မြန်မာပြည်တွင်း ကုလသမဂ္ဂအဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
VOA News

September 6, 2019
ကလေးစစ်သားဘဝ အတွေ့အကြုံများကို မီဒီယာအား ဖြေကြားခဲ့ခြင်းသည် တပ်မတော်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရသူ ကိုအောင်ကိုထွေးသည် ယနေ့ မနက် ၈ နာရီ တွင် လွတ်ရက်စေ့၍ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည်။

ゞင်းသည် ပုဒ်မ ၅၀၅(ခ) အမှုအတွက် ရင်ဆိုင်နေဆဲမှာပင် တရားသူကြီးအား “နွား” ဟု ခေါ်သည့်အမှု အတွက် ထောင်ခြောက်လ ချခံခဲ့ရသေးသူဖြစ်သည်။ စတင်ဖမ်းဆီးခံရချိန်မှ ပြန်လွတ်လာချိန်အထိ ထောင်ထဲတွင် နှစ်နှစ် နေခဲ့ရသည်။

ထောင်ဘူးဝမှထွက်ထွက်ချင်းတွင် ၂၀ဝ၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ဖျက်သိမ်းရန် အမှန်တကယ် လိုအပ်နေကြောင်း အသက် ၂၈ နှစ်အရွယ် ゞင်းက ပြောသည်။

၂၀ဝ၅ ခုနှစ် အသက် ၁၄ နှစ်အရွယ်တွင် နေပြည်တော်မှအပြန် ရန်ကုန်ဘူတာကြီး၌ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်းနှင့် အတွေ့အကြုံများကို လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်းကို ၂၀၁၇ ဩဂုတ်လ ၁၈ ရက်က ဖြေကြားခဲ့သည့်အတွက် ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ယင်းလမှာပင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မတ်လ ၂၈ ရက်တွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရသည်။

ပုဒ်မ ၅၀၅ (ခ)အတွက် တရားရင်ဆိုင်ချိန်အတွင်း ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးကို “နွားတရားသူကြီး” ဟု ကို‌အောင်ကိုထွေးက တရားရုံးလျှောက်လမ်းတွင် အော်ဟစ်ပြောဆိုခဲ့ရာ တရားစီရင်မှုဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား တမင်စော်ကားခြင်း၊ သို့တည်းမဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း ပုဒ်မ ၂၂၈ ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်၌ ယင်းမြို့နယ်တရားရုံးကပင် အလုပ်မဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ သည်။

ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်သည့်နေ့၌ပင် အောင်ကိုထွေးနှင့် ဝန်းရံသူအချို့သည် တရားရင်ဆိုင်နေစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေဖြင့်နင်း၍ ဆန္ဒပြခဲ့သည်ဆိုကာ အထူးဥပဒေဖြစ်သည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ ဖြင့် ထပ်မံတရားစွဲခံရသော်လည်း အောင်ကိုထွေးမှာ အပြစ်မရှိသဖြင့် ယင်းပုဒ်မအတွက် တရားသေလွတ်မြောက်ခဲ့သည်။

ゞင်း၏အစ်မဖြစ်သူ မနေဇာထွန်းသည်လည်း ゞင်း၏မောင် ပုဒ်မ၅၀၅ (ခ) ဖြင့် တရားရင်ဆိုင်‌နေရခြင်းအပေါ် မကျေနပ်၍ ရုံးထုတ်ချိန်တွင် တရားရုံးရှေ့၌ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြခဲ့ရာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ဆူပူအောင်ဖန်တီးစေမှု ပုဒ်မ ၁၅၃ တို့ဖြင့် ဒဂုံဆိပ်ကမ်းရဲစခန်းမှ တရားစွဲခဲ့ပြီး ယခုအချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

ကိုအောင်ကိုထွေးသည် ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး နှစ်နှစ်ကျော်အကြာ တပ်မှထွက်ပြေးချိန်တွင် အတူပြေးလာသူတစ်ဦးက ဆိုင်ကယ်လုရင်း လူသတ်မိခြင်းကြောင့် ကြံရာပါအဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသည်။ ထို့နောက် ထောင် ဒဏ် ၁၀ နှစ် ပြောင်းလဲကျခံရ၍ ၂၀၁၇ ဇူလိုင် ၇ ရက်တွင် မန္တလေးအိုးဘိုထောင်မှ ゞင်း အသက် ၂၆ နှစ်အရွယ်၌ လွတ်မြောက်ရာမှ တပ်မတော်တွင်း စုဆောင်းခံထားရမှုမှလည်း လွတ်မြောက်ခဲ့သူ ဖြစ်သည်။

ပုဒ်မ ၅၀၅(ခ) တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ် ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌဌာန်းထားသည်။
Myanmar Now

ကော့သောင်း၊ သြဂုတ် (၂၀) ။ ။ ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်သမားအမျိုးသမီးနှစ်ဦးကို ဆိုင်ပိုင်ရှင်မှ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကော့သောင်း မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် ထားကြောင်း သိရသည်။

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တစ်ခုမှ ဆိုင်အလုပ်သမားအမျိုးသမီး ၂ ဦးဖြစ်သော မစန်းစန်းဝင်းနှင့် မမြတ်မြတ်မိုးတို့ကို ဆိုင်ရှင်ဖြစ်သူက နေအိမ် အိပ်ခန်းအတွင်း နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပဲ နှိပ်စက်ခံရတဲ့ အလုပ်သမား အမျိုးသမီး နှစ်ဦး ဖြစ်တဲ့ မစန်းစန်းဝင်းနဲ့ မမြတ်မြတ်မိုးတို့ စခန်းမှာ လာရောက် အမှုဖွင့်ထားပါတယ်။ အမှုကိုတော့ ကျွန်တော်တို့ အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်တယ်။ ဘယ်လိုကြောင့် အခုလိုမျိုး နှိပ်စက်ခံရလဲဆိုတာ လက်ရှိမှာမသိရှိရ သေးဘူး”ဟု ကော့သောင်း မြို့မ ရဲစခန်း မှ စခန်းမှူး ဒုရဲမှူး အောင်မိုးက ပြောသည်။

အဆိုပါ အလုပ်သမားနှစ်ဦးကို ဆိုင်ရှင်ဖြစ်သူ ဒေါ်မအေးဆိုသူက နေအိမ်၌ အလုပ်များကို ခိုင်းစေခဲ့ပြီး ချုပ်နှောင်ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း ထွက်ပြေးပါက သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် သြဂုတ်လ ၁၂ နှင့် ၁၉ ရက်တို့တွင် ယင်း နေအိမ်မှ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးမှ ရဲစခန်းတွင် ထွက်ဆိုခဲ့ကြသည်။

နှိပ်စက်ခံရမှုကြောင့် အလုပ်သမား မစန်းစန်းဝင်း အသက် (၃၂) နှစ်၊ (ဘ) ဦးတင်ဝင်းတွင် ဦးခေါင်း၊ ခြေလက် နာကျင်၊ အမာရွတ်များ၊ ဒူးခေါင်း ရောင်ကိုင်း ဒဏ်ရာများရရှိခဲ့ပြီး အလုပ်သမား မမြတ်မြတ်မိုး အသက် (၃၈) နှစ်၊ (ဘ) ဦးခင်ကြွယ်တွင် ဝဲပါးစောင် နာကျင် ရောင်ကိုင်း၊ ကျောပြင် ရေနွေးပူ လောင်၊ ဒူးနှစ်ဖက် နာကျင် ရောင်ရမ်း၊ ဦးခေါင်းဒဏ်ရာ အမာရွတ်များ အသီးသီးရရှိ ထားသောကြောင့်မှုခင်းဆေးစာဖြင့် ကော့သောင်း ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကာ ဆေးကုသမှုခံနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ကော့သောင်းမြို့မ ရဲစခန်းတွင် (ပ) ၁၇၆၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ. ၃၂၆/၃၄၂/ ၅၀၆/၁၁၄ တို့အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Mizzima News

Aug 19, 2019
LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ

LGBT ဆိုတဲ့ အတိုကောက်စကားလုံးလေးကို လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က မြန်မာပြည်က လူတွေကို မေး ကြည့်မယ်ဆိုရင် ဖြေဆိုနိုင်မဲ့သူတွေ မရှိသလောက်နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ L ဆိုတာ Lesbian (အမျိုးသမီးချင်းစုံမက်သူ)၊ G ဆိုတာ Gay (အမျိုးသားချင်းစုံမက်သူ)၊ B ဆိုတာ Bisexual (ကျားမနှစ်မျိုး စလုံးကို စုံမက်သူ)၊ T ဆိုတာ Transgender (ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ) တွေကို ဆိုလိုတယ်လို့ ရှင်းပြလိုက်ရင် သိလာပါလိမ့်မယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သိသွားပြီးတဲ့နောက် ဒီလူတွေကို LGBT လို့မခေါ်ဘဲ မြန်မာလို ဘယ်လိုခေါ်ကြသလဲဆိုတဲ့ မေးခွန်းကို ဆက်မေးကြည့်လိုက်ပါ။ မြန်မာလိုခေါ်တဲ့ ဗန်းစကားအသုံးအနှုန်းတွေကို ဒလစပ်ပြောပြပါလိမ့်မယ်။ “အခြောက်၊ ဂန်ဒူး၊ မိန်းမလျာ၊ နှစ်ပိုင်းတပိုင်း၊ ဘော ပြား၊ နှစ်ဖက်ချွန်”ဆိုတဲ့ စကားလုံးတွေ ထွက်ကျလာပါ့လိမ့်မယ်။

LGBT တွေအပေါ် သုံးစွဲခေါ်ဝေါ်လေ့ရှိတဲ့စကားလုံးတွေသာ ကွဲရင်ကွဲသွားလိမ့်မယ်။ အသုံးအနှုန်း အခေါ် အဝေါ်တိုင်းမှာ နိမ့်ချချင်တဲ့စိတ်၊ ပြောင်လှောင်ချင်တဲ့စိတ်၊ လူတယောက်လို သဘောမထား၊ မနှစ်သက်တဲ့ ရည်ရွယ်ချက်တွေပါနေတာကို တွေ့နိုင်ပါတယ်။ LGBT ဖြစ်တဲ့သူတွေဟာ ဒီလိုအသုံးအနှုန်းမျိုးတွေနဲ့ အခေါ်ခံ လိုက်ရတိုင်း ရှက်ရွံ့စိတ်၊ အားငယ်စိတ်တွေဖြစ်လာမှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစကားလုံး အသုံးအနှုန်းတိုင်းဟာ အထင်သေးစော်ကားလိုတဲ့ အဆိုးဖက်အဓိပ္ပါယ်တွေပါဝင်နေလို့ဘဲဖြစ်ပါတယ်။ မယုံရင် အမျိုးသားတယောက်ကို “မိန်းမကျနေတာဘဲ”ဆိုတဲ့စကားနဲ့ “အခြောက်ကျနေတာဘဲ”ဆိုတဲ့ စကားနှစ်ခွန်းကို ပြောကြည့်ပါ။ ဘယ်လိုပြောတဲ့စကားမျိုးအပေါ် ပိုပြီးနာသလဲမေးကြည့်ရင် “အခြောက်”လို့ အပြောခံရတဲ့အပေါ် ပိုပြီးဒေါသထွက်တာကို တွေ့ရပါမယ်။

အဲဒီလူကိုဘဲ ဒီလိုလူတွေကို ဘယ်လိုလုပ်ငန်းတွေမှာ မြင်သလဲဆိုတဲ့မေးခွန်း ထပ်မေးကြည့်စေလိုပါတယ်။ လွန်ခဲ့တဲ့နှစ် (၂၀) လောက်မှာ ဒီမေးခွန်းကိုမေးရင် နတ်ကတော်၊ မိတ်ကပ်၊ အလှပြင်ပန်းပြင်နဲ့ ရှောက်သီး ဆေးပြားရောင်းတဲ့အလုပ်မျိုးတွေမှာ တွေ့ရတယ်လို့ မဆိုင်းမတွပြန်ဖြေပါလိမ့်မယ်။ ဒါတွေကတော့ လွန်ခဲ့တဲ့နှစ် (၂၀) လောက်က LGBT တွေကို သဘောထားတဲ့ ပုံရိပ်အမြင်တွေဘဲ ဖြစ်ပါတယ်။ ဒီလိုခွဲခြားဖိနှိပ်တဲ့ အသုံး အနှုန်းတွေ၊ အမြင်တွေ၊ သဘောထားတွေကြောင့် LGBT အတော်များများဟာ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ လိင်စိတ်သဘောထားခံယူမှုကို လျှို့ဝှက်ထားခဲ့ရတာများပါတယ်။ ကိုယ်ယုံကြည်ရတဲ့အသိုင်းအဝိုင်းလောက်မှာ ဘဲ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်းနေထိုင်လေ့ရှိကြပါတယ်။ လူအများရှေ့နဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ဝင်ကစွပ်ကောင်လို အငှားခန္ဓာမြှောင်ရတဲ့ ဘဝမျိုးတွေနဲ့ ပုန်းခဲ့ရသူတွေ အများကြီးရှိခဲ့ပါတယ်။

အခုနှစ်တွေပိုင်းတော့ LGBT ဆိုတဲ့စကားကို လူတွေနားလည်လာတာ များလာပြီလို့ ပြောလာပါတယ်။ ဒီလို လိင်စိတ်ကွဲပြားသူတွေဟာ အရင်ကထက်ပွင့်လာပြီး အရင်တုံးက ဖွင့်ဟမပြောရဲခဲ့တဲ့ အခြေအနေမျိုးကနေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲလာတာတွေ့ရတယ်။ အနုပညာရှင်တွေ၊ ထင်ရှားတဲ့သူတွေထဲမှာလည်း LGBT ဖြစ်ကြောင်း ရဲရဲရင့်ရင့်ကြေညာထုတ်ဖော်ပြောဆိုလာတာရှိခဲ့ပါတယ်။ ကိုယ်တိုင် LGBT မဟုတ်တောင် LGBT supporter ဆိုပြီး ကြေညာလုပ်ကိုင်လာတာတွေ ရှိလာပါတယ်။ လူငယ်အကြောင်းဆွေးနွေးပွဲတွေ၊ အမျိုးသမီးအကြောင်းဆွေးနွေးပွဲတွေ၊ လူ့အခွင့်အရေးအကြောင်းဆွေးနွေးပွဲတွေမှာ LGBT များအကြောင်းကို ထည့်သွင်းဆွေးနွေးတာတွေရှိလာတာကို တွေ့ရပါတယ်။ LGBT အရေးလုပ်ဆောင်တဲ့အဖွဲ့အစည်းတွေ၊ ကွန် ယက်တွေ၊ အွန်လိုင်းဂရုဖ်တွေ၊ စာစောင်တွေတောင် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ LGBT တွေကို ရှေးရိုး ပုံစံခွက်တွေမျိုးသာမက လူမှုအသိုင်းအဝိုင်းရဲ့ ကဏ္ဍတိုင်းနီးပါးမှာ တွေ့မြင်လာနိုင်ခဲ့တယ်။ ပွင့်လင်းမြင်သာမှု ရေစီးကြောင်းမှာ LGBT တွေနဲ့ သူတို့ရဲ့ကြိုးပမ်းမှုတွေက မျောလိုက်ပါရင်း အမြင်၊ အသိ၊ လက်ခံနိုင်မှု၊ အသိ အမှတ်ပြုမှုတွေ ပြောင်းလဲလာပါတယ်။

အခုလို လက်ခံမှု၊ အသိအမှတ်ပြုမှု၊ လူကိုလူလိုမြင်မှုတွေ ပြောင်းလဲလာပြီး LGBT တွေကို အသိအမှတ် ပြုလာတယ်ဆိုတာ ကြိုဆိုစရာကောင်းတဲ့အရာတခုပါ။ LGBT တွေဟာ လူသားတွေဖြစ်တဲ့အတွက် LGBT အသိုင်းအဝိုင်းနဲ့သီးသန့်နေလို့မရနိုင်ပါဘူး။ LGBT မဟုတ်သူများရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံ၊ လုပ် ကိုင်ရတာတွေ မလွဲမသွေရှိလာမှာဖြစ်ပါတယ်။ ဒီလိုလူ့အသိုင်းအဝိုင်းတွေထဲမှာ LGBT ဖြစ်လို့ အထင်သေးမှု၊ ရွံရှာမှုတွေ၊ အကြမ်းဖက်မှုတွေ မရှိတော့ရင် LGBT များကိုယ်တိုင် ယုံကြည်မှုတွေ တိုးပွားလာပြီး လူမှုအသိုင်း အဝိုင်းကောင်းကျိုးအတွက် စွမ်းဆောင်လိုတဲ့ ခွန်အားတွေနဲ့အတူ လောကကောင်းကျိုးကို အများနည်းတူ ထမ်း ဆောင်လာနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ။

ဥပမာပြောရရင်တော့ အဖွဲ့အစည်းတွေမှာ လိင်စိတ်ကွဲပြားမှုကို အသိအမှတ်ပြုဖို့၊ LGBT တွေအပေါ် ခွဲခြား ဆက်ဆံတာတွေ မလုပ်ဖို့ ပေါ်လစီ၊ စည်းကမ်းတွေ ချလာကြပေမဲ့ အဖွဲ့အစည်းမှာရှိတဲ့ ဝန်ထမ်းတွေကြားမှာ LGBT တွေအပေါ် ပြောင်လှောင်နှိမ့်ချအထင်သေးမှုတွေက ရှိနေတတ်ဆဲပါ။ မကြာမီက လုပ်ငန်းအတွင်း လိင်စိတ်ခံယူမှုကို အတင်းအကြပ်ဖွင့်ဟဝန်ခံခိုင်းပြီး အွန်လိုင်းမှာ ဝိုင်းဝန်းပြောင်လှောင်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ရန်ကုန်မြို့ Myanmar Imperial University က စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းအမှု ဆိုရင် ဒီလိုအဖြစ်မျိုးတွေကို တွေ့နေရပါတယ်။ ရန်ကုန်မှာဖွင့်ထားတဲ့ကျောင်းမှာရော ဒီကျောင်းနဲ့ချိတ်ဆက် ထားတဲ့ အင်္ဂလန်က တက္ကသိုလ်မှာပါ LGBT ဖြစ်မှုအပါအဝင် တခြားဘယ်အကြောင်းကြောင်းကြောင့် ခွဲခြား ဆက်ဆံခြင်းမပြုရဆိုတဲ့ ကျင့်ဝတ်တွေ ပေါ်လစီတွေရှိပြီးသားပါ။ ဒါပေမဲ့ ဒီပေါ်လစီတွေဟာ စာအုပ်မှတ်တမ်း တွေမှာဘဲရှိပြီး လက်တွေ့ဘဝကို လွှမ်းမိုးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် အခုလို အဖြစ်ဆိုးဖြစ်ပွားခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း သေဆုံးသွားတဲ့သူဟာ LGBT ဖြစ်တာကြောင့် သေဆုံးသင့် ကြောင်း၊ စောစောဝဋ်ကျွတ်သွားတဲ့အတွက် ဝမ်းသာကြောင်း၊ ရေးသားတဲ့ ပို့စ်တွေတွေ့ရပါတယ်။ အံ့သြစရာ ကောင်းတာက ဒီလိုအဆိုးမြင်ရေးသားတဲ့သူတွေထဲမှာ LGBT တွေကို အားပေးပါတယ်ဆိုတဲ့ပိုစ့်တွေ တင်ထား ဖူးတဲ့သူတွေ၊ သက်တန့်ရောင်သင်္ကေတအလံကို နောက်ခံထားပရိုဖိုင်းဓာတ်ပုံတင်ထားတဲ့သူတွေလည်း ပါဝင် နေတာကို အံ့သြဖွယ်ရာတွေ့ရှိလိုက်ရတာပါ။

ရုပ်ရှင်ဗီဒီယိုဘက်မှာဆိုလည်း LGBT တွေကို ဟာသဇာတ်ကောင်အဖြစ် ထည့်သွင်းရိုက်ကူးတာ၊ မင်းသားတွေ အားလုံးနီးပါး ပက်ပက်စက်စက်ပွင့်ပြီး သဘာဝလွန်ဇာတ်ကောင်တွေနဲ့ သရုပ်ဖော်ထားတဲ့ရုပ်ရှင်ကားတွေ ဒုနဲ့ဒေးပါ။ အခုနောက်ပိုင်းမှာ LGBT အရေး ပြောဆိုသံတွေများလာတော့ အရင်လို ဟာသကားသက်သက် ရိုက်တာမျိုးမဟုတ်ဘဲ ဘဝဇာတ်လမ်းသရုပ်ဖော်ရိုက်လာပြန်တော့လဲ ပြင်ပမှာရှိတဲ့ LGBT တွေ ဘယ်လိုနေထိုင် တာကို မလေ့လာဘဲ ဇာတ်ရုပ်နဲ့လွဲတဲ့ ဝတ်စားဆင်ယင်မှု သရုပ်ဆောင်မှုတွေကို ရိုက်ကူးသရုပ်ဆောင်နေတဲ့ မင်းသား၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေ၊ တချို့ဆိုရင် LGBT တွေကို ချစ်ပါတယ်လို့ အင်တာဗျူးတွေ ဖြေကြား ခဲ့တဲ့သူတွေ ပါဝင်နေတာတွေ့ရပါတယ်။

LGBT အရေးတက်ကြွလှုပ်ရှားသူတွေဟာ အရင်ကထက် မီဒီယာတွေမှာ အလေးထားနေရာပေး၊ အင်တာဗျူး တွေလုပ်ကြတာတွေကို သတိထားမိပါတယ်။ အင်တာဗျူးတခုမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ် ဝတ်စား ဆင်ယင်နေထိုင်သူတဦးက “လွှတ်တော်မှာ LGBT ကိုယ်စားလှယ်တယောက်ဖြစ်ချင်တယ်”လို့ ဖြေကြားမိတဲ့ အပေါ် ပြောင်လှောင်ကဲ့ရဲ့ကြတဲ့သူတွေထဲမှာလည်း အထိမ်းအမှတ်နေ့တွေမှာ သက်တန့်ရောင်အလံကို နောက်ခံထားပြီး ပြုံးပြုံးကြီးရိုက်ထားတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာတင်ထားဖူးတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင် နေတာကို မယုံနိုင်စရာ သတိပြုမိပါတယ်။

LGBT တွေအပေါ် ဖိနှိပ်တဲ့ဥပဒေတွေ ပယ်ဖျက်ပေးဖို့၊ ကာကွယ်ပေးတဲ့ ဥပဒေလုပ်ငန်းစဉ်တွေနဲ့ အစားထိုးဖို့ အတွက် လွှတ်တော်အပါအဝင် အစိုးရဌာနတွေကို ချဉ်းကပ်စည်းရုံးတဲ့အခါမှာလည်း ““ဒီလိုလူတွေကို စာနာမိပါ တယ်။ ဒါပေမဲ့ သူတို့အရေးကို တောင်းဆိုပေးရင် ကိုယ့်ကိုပါ LGBT လို့ ထင်သွားမှာစိုးတယ်“လို့ ပြောကြား တဲ့သူတွေကိုလည်း ကြုံရပါသေးတယ်။ တဖက်ကလဲ LGBT တွေကိုနားလည်ပါတယ်လို့ ဆိုသေးတယ်၊ တခြား တဖက်ကျတော့ LGBT လို့ အထင်ခံရမှာ ကြောက်တယ်ဆိုတော့ ဘယ်လိုမျိုး နားလည်ပေးရမှန်းတောင် မသိတော့ပါဘူး။

မြန်မာနိုင်ငံရဲ့ ဥပဒေတွေထဲမှာ LGBT အခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ပေးထားတဲ့ဥပဒေဆိုတာ မရှိသေး ပါဘူး။ ကာကွယ်ပေးတဲ့ဥပဒေတွေမရှိသေးပေမဲ့ LGBT များနဲ့ပတ်သက်ပြီး ပါလာတဲ့ ပေါ်လစီတခုကတော့ လူငယ်ရေးရာမူဝါဒ (Youth Policy) ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ပေါ်လစီဖြစ်ပါတယ်။ ကြိုးပမ်းခဲ့သူတွေရဲ့ လုံ့လကြောင့် ကောင်းမွန်တဲ့ပေါ်လစီတခုလို့ ပြောလို့ရပါတယ်။ အခုခေတ်စားနေတဲ့ All Inclusiveness ကို
တော်တော်လေး အလေးပေးထားတာတွေ့ရတယ်။ အမျိုးသမီးငယ်တွေ၊ တိုင်းရင်းသားလူငယ်တွေအပြင် LGBT လူငယ်တွေ မသန်စွမ်းလူငယ်တွေအတွက်ပါ ထည့်သွင်းရေးဆွဲထားတာတွေ့ရပါတယ်။ လူတွေမေးလာလို့ ပြော ရတိုင်း လူငယ်ပေါ်လစီကို အကောင်းဖက်က ကိုးကားပြီး ပြောနိုင်တဲ့ပေါ်လစီတခုပါ။

ဒီလိုပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားနေပါတယ်ဆိုတဲ့သူတွေကြားမှာတောင် တနေ့က သတင်းတခုကြားလိုက်ပါတယ်။ လူငယ်များနေ့ကျင်းပတဲ့အခမ်းအနားတခုမှာ ပါဝင်တဲ့ LGBT တေးသံရှင် တယောက်ကို ခွဲခြားဆက်ဆံတယ်ဆိုတာပါ။ တခြားတေးသံရှင်တွေကို သီးသန့်ထားပြီး သူ့ကိုတော့ နေရာမပေး တာ၊ အစီအစဉ်တွေကို တမျိုးပြီးတမျိုးပြောင်းပြီး အလှည့်တွေကို နောက်ဆုတ်ပစ်တာ၊ ဂုဏ်ပြုလက်မှတ် တောင်မှ တခြားသူတွေလို မှန်ဘောင်နဲ့မရတာ စတာတွေကြားရပါတယ်။

ဒီအချက်လေးတွေက LGBT တွေကို ထောက်ခံမှုရှိလာတယ်လို့ ပြောနေပေမယ့် တကယ်တမ်းနှလုံးသားထဲ ဦး နှောက်ထဲက အမှန်တကယ်လက်ခံဖို့ ခက်နေတယ်ဆိုတဲ့ ဥပမာတွေဘဲဖြစ်ပါတယ်။ တကယ်လက်ခံလို့ ထောက်ခံနားလည်သူတွေကို ဝမ်းသာစွာနဲ့ ကြိုဆိုချင်ပေမယ့် ဖက်ရှင်တခု၊ ခေတ်စားနေတဲ့ လမ်းကြောင်း တခုလို့ မှတ်ယူပြီး ပေါ်ပင်လုပ်ဆောင်တယ်ဆိုရင်တော့ မှားယွင်းတဲ့ လုပ်ဆောင်မှုလို့ ပြောပါရစေ။ သူများ ယောင်လို့ ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်း မသိဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေတာမျိုးတွေဟာ ရွှေရည်စိမ်ထောက်ခံမှုမျိုးသာဖြစ်တယ်ဆိုတာ သတိချပ်ကြစေလိုပါတယ်။

အောင်မျိုးမင်း

Hi Burma

Equality Myanmar August 16, 2019

By ဇူးဇူး 16 August 2019
Want create site? Find Free WordPress Themes and plugins.
ကျော်ဇင်ဝင်း သေဆုံးမှုတွင် လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟူသော အထောက်အထားများ မတွေ့ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)မှ ဦးယုလွင်အောင်က ဆိုသည်။

“အများဝိုင်းပြီးတော့ စွပ်စွဲပြောဆိုနေကြသလို သူ့ကို LGBT ဖြစ်တယ်။ Gay ဖြစ်တယ်ဆိုပြီး ဖိနှိပ်ပြောဆို အနိုင်ကျင့် (Bully) လုပ်တယ်ဆိုတဲ့ အဲဒါမျိုး အထောက်အထားတွေကတော့ မတွေ့ဘူး။ လူအုပ်စုနဲ့ဝိုင်းပြီး သူ့ကို သိက္ခာကျ အောင်၊ စိတ်ဓာတ်ကျအောင် ဝိုင်းပြောတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ ဘူး” ဟု သြဂုတ် ၁၅ ရက် ညနေပိုင်းတွင် သူက ဧရာဝတီကို ပြောသည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် အသက် ၂၆ နှစ်အရွယ် ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန် ၂၄ ရက် နေ့ လယ် ၁ နာရီတွင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

ကျော်ဇင်ဝင်း မသေဆုံးခင်အချိန်၌ သူသည် လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံ ခံရကြောင်း ゞင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် LGBT အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ် ၂ ဦးက MNHRC သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့အတွက် ကော်မရှင်သည် ဇွန် ၂၈ ရက်မှ စတင်ကာ MIU ကျောင်း တည်ထောင်သူ အပါအဝင် ဝန်ထမ်း ၁၅ ဦး၊ ကျော်ဇင်ဝင်း၏ မိသားစုဆွေမျိုး ၄ ဦး၊ သေဆုံးမှုအား စစ်ဆေးပေးခဲ့သည့် ဆရာဝန် ၁ ဦး၊ တိုင်ကြားသည့် LGBT ၂ ဦးနှင့် ကျော်ဇင်ဝင်း၏ သူငယ်ချင်း အမျိုးသမီး ၁ ဦး တို့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သြဂုတ် ၇ ရက်တွင် အပြီးသတ်ခဲ့ကြောင်း ဦးယုလွင်အောင်က ပြောသည်။

ဆက်လက်၍ ゞင်းက စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ကျောင်း၏ အခြေအနေအမှန်ကို သိရှိနိုင်ရန် MIU တွင် တက်ရောက်နေသည့် ကျောင်းသူ/သား ၂၁ ဦးနှင့် ဝန်ထမ်း ၄၁ ဦးကို စစ်တမ်းကောက်ယူခဲ့မှုလည်း ပြုလုပ်ခဲ့သည်ဟု လည်း ဆိုသည်။

ထိုစစ်တမ်းအရလည်း ကျော်ဇင်ဝင်းကို ဖိနှိပ် အနိုင်ကျင့်သည်ဟူသော အဖြေ မထွက်လာသကဲ့သို့ ဒေါ်မြအိမ်သူ (MIU ကျောင်း၏ မန်နေဂျာ)က ကျော်ဇင်ဝင်းကို ခွဲခြား ဖိနှိပ်ဆက်ဆံသည်ဟူသော အထောက် အထားလည်း မတွေ့ရ ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။

ဦးယုလွင်အောင်က “ဒေါ်မြအိမ်သူကတော့ သူ့ကို မိတ္တူကူးမပေးတဲ့ ကိစ္စနဲ့ အဆင့်ကျော်ပြီးတော့ မေးလ်ပို့တဲ့ ကိစ္စ ခေါ်ပြီး ဆူတယ်။ သူ့ကိုကျော်ပြီး ဒါရိုက်တာအဆင့်ကို မေးလ်ပို့လိုက်တာ မင်း မှားတယ် တောင်းပန်သင့်တယ်လို့ ပြောတယ်။ အဲဒီလို ပြောလိုက်တာကြောင့် ဒီကလေးက စိတ်ထိခိုက်ခံစားရပြီး ဖြစ်သွားတယ်လို့ပဲ တွေ့ရတယ်” ဟု ဆိုသည်။

ထို့ပြင် ကျော်ဇင်ဝင်းသည် ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွဲသွားသည့် ပြဿနာရှိပြီး မိခင်ရင်ခွင်နှင့် ကင်းကွာသည့် ကလေးသည် အလိုလိုနေရင်း စိတ်အားငယ်တတ်သည့် သဘောရှိရာ ゞင်း၏ ပင်ကိုယ် အနေအထားကိုယ်၌က စိတ် အားငယ်တတ်သူ ဖြစ်ကြောင်း သုံးသပ်သည်ဟုလည်း ゞင်းက ပြောသည်။

ဆက်လက်၍ ゞင်းက ကျော်ဇင်ဝင်း မသေဆုံးခင် ゞင်းအား အုပ်စုဖွဲ့ အနိုင်ကျင့် ပြောဆိုမှုများ ပြုလုပ်သည်ဟူသော Screen Shot များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ထိုအရာများသည် ဧပြီလက ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကျော်ဇင်ဝင်းနှင့် လည်း မပတ်သက်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ကော်မရှင်၏ တွေ့ရှိချက်နှင့် ပတ်သက်၍ ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အကြောင်း အရာ ပေါင်းစုံ ကြောင့် ဖြစ်နိုင်တယ်ဆိုတာ လက်ခံပေးနိုင်ပေမယ့် LGBT ဖြစ်လို့ ဝန်ထမ်းဂရုမေးလ်တွေထဲမှာ သူ့ကို လှောင်ပြောင် လို့ စိတ်ထိခိုက်ရတယ်လို့ သေသွားသူက ရေးထားတာကို တွေ့ရတဲ့အခါ ဒီအချက်ကရော တွန်းအားတခုအနေနဲ့ ဖြစ် တယ်လို့ ပြောလို့ရပါတယ်” ဟု မှတ်ချက်ပြုသည်။

ဆက်လက်၍ ゞင်းက “အဲဒီအချက်ကို ချန်ပြီး ကျန်တဲ့အချက်တွက်ကြောင့် သေတယ်ဆိုတာကို ဘယ်လိုသုံးသပ်သလဲ စဉ်းစားမရ ဖြစ်မိတယ်” ဟုလည်း ပြောသည်။

ဦးအောင်မျိုးမင်းက ကော်မရှင်အနေဖြင့် အစီရင်ခံစာကို လူအများသိအောင် မထုတ်ပြန်သည့် အပေါ်လည်း မေးခွန်း ထုတ်လိုက်ပြီး တွေ့ဆုံမေးမြန်းခဲ့သူများအား ကာကွယ်ပေးချင်၍ဟုဆိုလျှင်လည်း ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် အကြံ ပြုချက်များကို တရားဝင် ထုတ်ပြန်သင့်ကြောင်း ထောက်ပြသည်။

ကော်မရှင်အနေဖြင့် ゞင်းတို့၏ တွေ့ရှိချက်၊ အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို လတ်တလော ထုတ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်း ဦးယုလွင်အောင်က ပြောပြသည်။

“သူ့ရဲ့ ပင်ကိုယ် စိတ်အားငယ်မှုရယ်၊ ဆရာမလုပ်တဲ့သူက ဆူမိပြောမိတာရယ်၊ ကျောင်းသားလေးတယောက်က သူ့ကို Gay ပါဆိုပြီး စွပ်စွဲတဲ့ feedback တခုရယ်။ သူ့ သူငယ်ချင်းဖြစ်တဲ့ ညီညီထွေးကို အပြန်အလှန်နောက်တဲ့ အခါမှာ သူ့စိတ်ထဲမှာ သူ့ကို စောင်းပြောတယ်လို့ ယူဆတာရယ်။ အဲဒါတွေ အကုန်လုံး ပေါင်းစပ်လိုက်တဲ့အခါမှာ ဒီပြဿနာ ဖြစ်သွားတယ်လို့ ယူဆတယ်” ဟု ゞင်းက သုံးသပ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တိုးတက်သင့်သည့် လူငယ်တဦး သေဆုံးသွားခြင်းအတွက် စိတ်မကောင်းကြောင်း၊ LGBT အသိုင်းအဝိုင်းက အထင်မြင်လွဲနေသလို ဖြစ်နေသည့် အချက်များ မတွေ့ကြောင်း၊ အဆိုပါ ကျောင်းအနေဖြင့် LGBT များအပေါ် ဖိနှိပ်ချုပ်ခြယ် ပြောဆိုခြင်း၊ ရာထူးကြီးငယ် ဖိနှိပ်ဆက်ဆံမှု ရှိခြင်း မရှိခြင်း တို့ကို ကိုယ်တိုင်လည်း သွား လေ့လာစေချင်ကြောင်း ゞင်းက ပြောဆိုသည်။

ကော်မရှင်၏ အစီရင်ခံစာတွင် အဓိက တာဝန်ရှိသည့် MIU ကျောင်းကို အကြံပြုချက်ထားချက်များ ပါဝင်ကြောင်း ဦးယုလွင်အောင်၏ ပြောပြချက်အရ သိရှိရသည်။

ကျော်ဇင်ဝင်းကို Gay ဟု လူအုပ်စုဖြင့် ဖိနှိပ်ပြောဆိုခြင်း၊ အနိုင်ကျင့်ခြင်း ဟူသည့် အထောက်အထား မတွေ့ရ သော်လည်း ဒေါ်မြအိမ်သူက ဆူလိုက်၍ စိတ်ထိခိုက်ပြီး သေဆုံးခြင်းမှာ မှန်ကန်ကြောင်း၊ အလားတူ ပြဿနာမျိုး ထပ်မဖြစ်စေရန် ကျောင်းအနေဖြင့် စီမံခန့်ခွဲမှု စနစ်ကို ပြန်လည် ဆွေးနွေးပြီး ပြင်ဆင်ရန်ဟု MNHRC ကအကြံပြုထား သည်။

ထို့ပြင် ကျောင်းသားတဦးက ကျော်ဇင်ဝင်းအား feedback ပေးရာတွင် Gay ဟု ပြောဆိုသည့်အပေါ် စိတ်ခံစားမှု ဖြစ်ခဲ့ခြင်းကို တွေ့ရှိရရာ အလားတူ နောက်ထပ် မဖြစ်စေရန် LGBT အခွင့်အရေးဆိုင်ရာနှင့် သိမှတ်ဖွယ်ရာများကို ကျောင်းသူ/သားများ ပိုမို သိရှိနားလည်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ရန်လည်း ပါရှိ သည်။

ကျော်ဇင်ဝင်းသည် စိတ်အားငယ်တတ်သည့် ကလေးဖြစ်ခြင်းကြောင့် ယခုလို အဆုံးစီရင်သွားသည်ဟု ကော်မရှင်က သုံးသပ်ရာ ကျောင်းအနေဖြင့် နောက်နောင် ဝန်ထမ်းများ ခန့်မည်ဆိုပါက စိတ်ပညာရှင်များဖြင့် စစ်ဆေးပြီးမှ လက်ခံ ရန်၊ စိတ်တက်ကြွသူဖြစ်စေ၊ စိတ်အားငယ်တတ်သူများကို ဖြစ်စေ ထိန်းထိန်းသိမ်းသမ်း ဆက်ဆံရန်နှင့် ပုံမှန် ဆေးစစ် မှုများ ပြုလုပ်ပေးရန်ဟုလည်း အကြံပြုထားသည်။

ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များနှင့် ပတ်သက်၍ MIU ဘက်မှ တစုံတရာ တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါ။

သို့သော် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ အစီရင်ခံစာကို စောင့်ပေးရန်နှင့် ယင်းအစီရင်ခံစာ ထွက်လာလျှင် အပြစ်ရှိပါကလည်း အပြစ်ရှိသည့်အတိုင်း အဖြေမှန် ဖြစ်လာမည်ဟု MIU ကျောင်းတည်ထောင်သူ ဒေါ်ပို့ပို့ကြည်က ၂၀၁၉ ဇွန် ၂၉ ရက်တွင် ဧရာဝတီသို့ ပြောဆိုထားသည်။
Irrawaddy News

ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့နဲ့ လုပ်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေးအလှည့်ကျသုံးသပ်မှု (UPR -Universal Periodic Review) အစီရင်ခံစာ ထဲမှာထည့်ရေးမယ်လို့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့ ၂၀ လောက် စုပေါင်းထားတဲ့ Burma/Myanmar UPR Forum အဖွဲ့က ရရှိထားတဲ့ သတင်းအချက်အလက် အထောက် အထားတွေကို စုပေါင်းပြီး ရေးသားမှာလည်း ဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို UPR အစီရင်ခံစာ ထဲမှာ ထည့်သွင်းရေးသားတာက ဒီတခါပထမဆုံးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်တုန်းကတော့ စစ်ပွဲတွေ မရှိခဲ့လို့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာကိစ္စကိုသာ ထည့်သွင်းဖော်ပြခဲ့တယ်လို့သိရပါတယ်။

လေးနှစ်တစ်ကြိမ် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံအားလုံးက တင်ပြရတဲ့ UPR အစီအစဉ်မှာ အရပ်ဖက်အဖွဲ့တွေဖက်ကတင်ပြမယ့် မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေထဲမှာ ရခိုင်စစ်ပွဲတွေကြောင့် အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ထည့်သွင်းရေးသားမှာလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်းများ အသက်ရှင်လျက်ရှိ
“စစ်ပွဲထဲမှာရှိနေတဲ့ အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့၊ အဲဒီလိုလုပ်ခဲ့တာတွေရှိတယ်ဆိုရင် လည်း လုပ်တဲ့သူကိုအရေးယူဖို့ကို အစီရင်ခံစာထဲထည့်ရေးမယ်” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ကလေးသူငယ်တွေအခွင့်အရေးချိုးဖောက်ခံရတာ၊ အမျိုးသမီးတွေ အပြင် အခြား တရားဥပဒေတန်းတူအခွင့်အရေးမရရှိတဲ့ ကိစ္စလိုမျိုးတွေအားလုံးကို ထည့်သွင်းမှာလို့ အစီရင်ခံစာ ရေးမယ့်အဖွဲ့ကသိရပါတယ်။

ဓာတ်ပုံ မူပိုင်EPA
Image caption
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်စုံစမ်းရယူရာမှာတော့ စစ်တပ်က နယ်မြေတွေပိတ်ဆို့ထားမှု၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားမှုတွေကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ဆို
အဲဒီလိုအရပ်ဘက်အဖွဲ့တွေကတင်ပြလာတဲ့ အစီရင်ခံစာပါ ထောက်ပြဝေဖန်မှုတွေကို ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံတွေက မြန်မာအစိုးရက တာဝန်ရှိသူတွေကို မေးမြန်းကာ၊ ပြုပြင်လုပ် ဆောင်ဖို့ တိုက်တွန်းနိုင်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်စုံစမ်းရယူရာမှာတော့ စစ်တပ်က နယ်မြေတွေပိတ်ဆို့ထားမှု၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားမှုတွေကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ အစီရင်ခံစာရေးမယ့်အဖွဲ့တွေကသိရပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် အတွေ့ကြုံရှိသတင်းသမားတစ်ဦးကတော့ နိုင်ငံတကာကနေ ဖိအားတွေပေး ပေမယ့်လည်း တကယ့်လူ့အခွင့်အရေးကိုချိုးဖောက်နေတဲ့သူတွေကို တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် တွေက ထိထိရောက်ရောက်အရေးယူမှသာ တပ်ကအရပ်သားတွေအပေါ်ကျူးလွန်တဲ့ ကိစ္စတွေကို ဖြေရှင်း နိုင်မယ်လို့ယူဆတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင်AIDAVID ZARLI
Image caption
မြန်မာစစ်တပ်က ဂရုမစိုက်ဘူး၊ အောက်ခြေမှာလေ၊ လူ့အခွင့်အရေးကော်မရှင်က မြန်မာပြည်ကို ဘာပဲပြောပြော သူတို့လုပ်ချင်တာလုပ်နေတာပဲလေ၊ အဲဒီတော့ နိုင်ငံတကာက ဘယ်လောက်ဖိအားပေးပေး လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုလည်း အကြီးအကျယ် ဖြစ်နေတာပဲ
“မြန်မာစစ်တပ်က ဂရုမစိုက်ဘူး၊ အောက်ခြေမှာလေ၊ လူ့အခွင့်အရေးကော်မရှင်က မြန်မာပြည်ကို ဘာပဲပြောပြော သူတို့လုပ်ချင်တာလုပ်နေတာပဲလေ၊ အဲဒီတော့ နိုင်ငံတကာက ဘယ်လောက်ဖိအားပေးပေး လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုလည်း အကြီးအကျယ် ဖြစ်နေတာပဲ။ “လို့ သူကဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေ တို့နှစ်ဖက်လုံးက အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိနေပြီး အဲဒီလို စစ်ဆေးရာကနေ ဒေသခံတွေ အသက်ဆုံးရှုံးတာတွေလည်းရှိနေပါတယ်။

BBC Burmese

မြန်မာ့တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ ကလေးငယ်တွေအပေါ် အကြမ်းဖက် ညှဉ်းပမ်း နှိပ်စက်မှု အားလုံးကို ချက်ခြင်းရပ်တန့်ဖို့နဲ့ တိုက်ပွဲတွေဖြစ်နေဆဲ တိုင်းရင်းဒေသတွေက ကလေးတွေအပေါ် ပြင်းထန်ဆိုးရွားလှတဲ့ အကြမ်းဖက်မှု ကျူးလွန်သူ မှန်သမျှ မည်သူ့ကိုမဆို အပြစ်ပေးအရေးယူဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့လူ့အခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။

ကလေးစစ်သား စုဆောင်းမှုအပါအဝင် ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေကို လုံးဝရပ်တန့်ပေးဖို့ ကလေးတွေကို ဥပဒေအရ လုံခြုံကာကွယ်ပေးဖို့ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဇူလိုင်လ ၃၀ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာနိုင်ငံတွင်းက စိုးရိမ်ဖွယ်ရာအခြေအနေမှာရှိနေတဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်၊ အကြမ်းဖက်ခံရမှုတွေ လုံးဝအဆုံးသတ်ဖို့ မြန်မာစစ်တပ်နဲ့ အစိုးရ အာဏာပိုင်တွေကို ကုလလုံခြုံရေးကောင်စီက တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုမျိုး ကုလလုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားတောင်းဆိုဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြိုဆိုထောက်ခံတဲ့အကြောင်း မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ကလေးသူငယ် အခွင့်အရေး အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျနော်တို့ အမြဲတမ်း တင်နေတာ တွေ့ရပါတယ်။ အများစုက ဘာတွေ့ရသလဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာဖြစ်တဲ့ ကလေးသူငယ် သတ်ဖြတ်မှုတွေ ၊ နှိတ်စက်မှုတွေ ဒါတွေ ဆက်ပြီးရှိနေသေးတယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဒါကို သူတို့ ဒီထက်ပိုပြီးတော့ ကာကွယ်ပေးဖို့အတွက် တောင်းဆိုတာ အမှန်တော့ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ဒေသတွေမှာ ကျနော်တို့ ကလေးတွေ အထူးသဖြင့် အရပ်သားကလေးတွေ သေဆုံးမှုတွေ၊ လသားကလေးတွေ ထိခိုက်မှုတွေ ဖြစ်နေတယ်။ ဘယ်သူ့ကျည်ဆံကြောင့်ပဲဖြစ်ဖြစ်ပဋိပက္ခအတွင်းမှာ ကလေးတွေ သေဆုံးမှုမဖြစ်အောင် ပိုမိုစောင့်ရှောက်ဖို့လိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ နောက်တခုကတော့ ရခိုင်ပြည်နယ်ဘက်မှာပေါ့နော် ဖမ်းဆီးမှုတွေ ရှိလာတဲ့အချိန်မှာ တချို့သောအရွယ်တွေက ၁၈ နှစ်အောက် ကလေးတွေ ပါဝင်နေတာ တွေ့ရတယ်။ အဲဒီတော့ ဒါမျိုးတွေ ကျနော်တို့ ကြည့်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရှိတဲ့ ကလေးတွေဘဝက မလုံခြုံဘူး အဲဒီကိစ္စကို အစိုးရက ပိုမိုလုပ်ဆောင်ပေးဖို့အတွက် တိုက်တွန်းထားတယ်။ ဒါကို အလေးထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

တိုက်ပွဲတွေဖြစ်နေဆဲ တိုင်းရင်းဒေသတွေက ကလေးတွေအပေါ် ပြင်းထန်ဆိုးရွားလှတဲ့ အကြမ်းဖက်မှု ကျူးလွန်သူ မှန်သမျှ မည်သူ့ကိုမဆို အပြစ်ပေးအရေးယူဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တဲ့အပေါ် မြန်မာနိုင်ငံတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်မှုတွေကို တကယ်ပဲ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးနိုင်ပါပြီလားဆိုတာကိုလည်း ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“ အခုမကြာမီက ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဥပဒေထဲမှာဆိုရင် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကလေးတွေအပေါ်မှာ အကြမ်းဖက်မှုကို ဘယ်သူပဲ ကျူးလွန်ကျူးလွန် အရေးယူရမယ်ဆိုတာ ပါပြီးသား ဖြစ်ပါတယ်။ ဒါက အရင်တုန်းက မပါခဲ့တဲ့ တိုးတက်မှုတခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဥပဒေက အခုအထိ နေရာတိုင်းမှာ မြေပြင်အထိကို အသက်ဝင်မှု မရှိသေးဘူး။ ပြီးတော့ အရေးယူမှုအပိုင်းမှာ ကြည့်တဲ့အခါမှာ ကျနော်တို့ တိုင်းပြည်မှာ impunity လို့ခေါ်တဲ့ အပြစ်ရှိတဲ့သူတွေက အပြစ်ပေးခံတာမရှိပဲနဲ့ လွတ်မြောက်နေတဲ့ ယာဉ်ကျေးမှုက ရှိနေတုန်းပဲခင်ဗျ။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ စစ်တပ်တွေကနေ ကျူးလွန်လို့ရှိရင် ဒီအမှုတွေကို ထိထိရောက်ရောက် အရေးမယူပဲနဲ့ လွတ်မြောက်နေတာတွေ ရှိသေးတဲ့အတွက် ဥပဒေသာ ရှိပေမယ့် လက်တွေ့မှာ အရေးယူဖို့အတွက် အခက်အခဲအများကြီးရှိနေတယ်။ တပ်မတော်တာဝန်ရှိသူတွေကို အရေးယူပါတယ်ဆိုတဲ့ ကိန်းဂဏန်းတွေ ထွက်လာတယ်။ ဒါပေမယ့် ဘယ်လိုမျိုး အရေးယူလဲဆိုတာကို ကျနော်သေသေချာချာမသိဘူး။ အဲဒီတော့ တပ်မတော်ဘက်က ပြောကောင်းပြောနိုင်ပါတယ်။ သူတို့အရေးယူပါတယ် ဒါနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဆောင်ရွက်မှုတွေ ရှိပါတယ်ဆိုပေမယ့် ဘယ်လိုမျိုးအရေးယူသလဲ ဘယ်လောက်အထိ ထိထိရောက်ရောက်အရေးယူသလဲဆိုတာ ကျနော်တို့ သာမန်အရပ်သားတွေ သိလောက်တဲ့အနေအထားမျိုးမရှိသေးဘူး။ အဲဒါက ကျနော်တို့အတွက် စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။”

အထူးသဖြင့် စစ်ရေးပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေရဲ့ အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်မှုတွေထဲ ကလေးစစ်သား စုဆောင်း၊ အသုံးပြုမှုက ဒီနှစ်ပိုင်းတွေထဲမှာ လျော့ကျသွားတယ်လို့ဆိုနိုင်ပေမဲ့ ကလေးစစ်သားစုဆောင်းမှုက လုံးဝပပျောက်သွားတဲ့ အနေအထားမရှိသေးတာက စိုးရိမ်စရာဖြစ်နေသေးတယ်လို့လည်း ကလေးစစ်သားပပျောက်ရေး တစိုက်မတ်မတ်တောင်းဆို လှုပ်ရှားခဲ့သူတဦး လည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

“ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ရင်တော့ စစ်တပ်က အရင်တုန်းကလို ကျနော်တို့ စေခိုင်းတာတွေ၊ သွင်းတာတွေ ၊ အတင်းအကျပ် ဖမ်းဆီးလုပ်ဆောင်တာတွေ လျော့သွားတာ ရှိပါတယ်။ ဒါပေမယ့် ကလေးစစ်သားအသုံးပြုမှုက စစ်တပ်တဘက်တည်း ကြည့်လို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အတွင်းမှာ ကလေးစစ်သားအသုံးပြုမှုရှိရင်လည်း နိုင်ငံက ကလေးစစ်သားအသုံးပြုမှု ရှိတယ်လို့ စွပ်စွဲခံရပါတယ်။”

ကုလလုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်တဲ့ တရက်တည်းမှာပဲ ထုတ်ပြန်ခဲ့တဲ့ ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Virginia Gamba ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုလည်း လုံခြုံရေးကောင်စီ အလုပ်အဖွဲ့မှာ ဆွေးနွေးခဲ့ကြတာပါ။ မနက်ဖြန် သောကြာနေ့ သြဂုတ်လ (၂)ရက်နေ့ လုံခြုံရေးကောင်စီမှာ ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Virginia Gamba ရဲ့ နှစ်ပတ်လည် အစီရင်ခံစာအပေါ် တံခါးဖွင့် ဆွေးနွေးပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
VOA News