ရခိုင်တိုက်ပွဲတွေမှာ အရပ်သားတွေကို တိုက်ခိုက်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေးအစီရင်ခံစာမှာထည့်ရေးမယ်

ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့နဲ့ လုပ်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေးအလှည့်ကျသုံးသပ်မှု (UPR -Universal Periodic Review) အစီရင်ခံစာ ထဲမှာထည့်ရေးမယ်လို့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့ ၂၀ လောက် စုပေါင်းထားတဲ့ Burma/Myanmar UPR Forum အဖွဲ့က ရရှိထားတဲ့ သတင်းအချက်အလက် အထောက် အထားတွေကို စုပေါင်းပြီး ရေးသားမှာလည်း ဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို UPR အစီရင်ခံစာ ထဲမှာ ထည့်သွင်းရေးသားတာက ဒီတခါပထမဆုံးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်တုန်းကတော့ စစ်ပွဲတွေ မရှိခဲ့လို့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာကိစ္စကိုသာ ထည့်သွင်းဖော်ပြခဲ့တယ်လို့သိရပါတယ်။

လေးနှစ်တစ်ကြိမ် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံအားလုံးက တင်ပြရတဲ့ UPR အစီအစဉ်မှာ အရပ်ဖက်အဖွဲ့တွေဖက်ကတင်ပြမယ့် မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေထဲမှာ ရခိုင်စစ်ပွဲတွေကြောင့် အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ထည့်သွင်းရေးသားမှာလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်းများ အသက်ရှင်လျက်ရှိ
“စစ်ပွဲထဲမှာရှိနေတဲ့ အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့၊ အဲဒီလိုလုပ်ခဲ့တာတွေရှိတယ်ဆိုရင် လည်း လုပ်တဲ့သူကိုအရေးယူဖို့ကို အစီရင်ခံစာထဲထည့်ရေးမယ်” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ကလေးသူငယ်တွေအခွင့်အရေးချိုးဖောက်ခံရတာ၊ အမျိုးသမီးတွေ အပြင် အခြား တရားဥပဒေတန်းတူအခွင့်အရေးမရရှိတဲ့ ကိစ္စလိုမျိုးတွေအားလုံးကို ထည့်သွင်းမှာလို့ အစီရင်ခံစာ ရေးမယ့်အဖွဲ့ကသိရပါတယ်။

ဓာတ်ပုံ မူပိုင်EPA
Image caption
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်စုံစမ်းရယူရာမှာတော့ စစ်တပ်က နယ်မြေတွေပိတ်ဆို့ထားမှု၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားမှုတွေကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ဆို
အဲဒီလိုအရပ်ဘက်အဖွဲ့တွေကတင်ပြလာတဲ့ အစီရင်ခံစာပါ ထောက်ပြဝေဖန်မှုတွေကို ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံတွေက မြန်မာအစိုးရက တာဝန်ရှိသူတွေကို မေးမြန်းကာ၊ ပြုပြင်လုပ် ဆောင်ဖို့ တိုက်တွန်းနိုင်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်စုံစမ်းရယူရာမှာတော့ စစ်တပ်က နယ်မြေတွေပိတ်ဆို့ထားမှု၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားမှုတွေကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ အစီရင်ခံစာရေးမယ့်အဖွဲ့တွေကသိရပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် အတွေ့ကြုံရှိသတင်းသမားတစ်ဦးကတော့ နိုင်ငံတကာကနေ ဖိအားတွေပေး ပေမယ့်လည်း တကယ့်လူ့အခွင့်အရေးကိုချိုးဖောက်နေတဲ့သူတွေကို တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် တွေက ထိထိရောက်ရောက်အရေးယူမှသာ တပ်ကအရပ်သားတွေအပေါ်ကျူးလွန်တဲ့ ကိစ္စတွေကို ဖြေရှင်း နိုင်မယ်လို့ယူဆတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင်AIDAVID ZARLI
Image caption
မြန်မာစစ်တပ်က ဂရုမစိုက်ဘူး၊ အောက်ခြေမှာလေ၊ လူ့အခွင့်အရေးကော်မရှင်က မြန်မာပြည်ကို ဘာပဲပြောပြော သူတို့လုပ်ချင်တာလုပ်နေတာပဲလေ၊ အဲဒီတော့ နိုင်ငံတကာက ဘယ်လောက်ဖိအားပေးပေး လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုလည်း အကြီးအကျယ် ဖြစ်နေတာပဲ
“မြန်မာစစ်တပ်က ဂရုမစိုက်ဘူး၊ အောက်ခြေမှာလေ၊ လူ့အခွင့်အရေးကော်မရှင်က မြန်မာပြည်ကို ဘာပဲပြောပြော သူတို့လုပ်ချင်တာလုပ်နေတာပဲလေ၊ အဲဒီတော့ နိုင်ငံတကာက ဘယ်လောက်ဖိအားပေးပေး လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုလည်း အကြီးအကျယ် ဖြစ်နေတာပဲ။ “လို့ သူကဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေ တို့နှစ်ဖက်လုံးက အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိနေပြီး အဲဒီလို စစ်ဆေးရာကနေ ဒေသခံတွေ အသက်ဆုံးရှုံးတာတွေလည်းရှိနေပါတယ်။

BBC Burmese