တပ်မတော်နှင့် ပတ်သက်သည့်လုပ်ငန်းများကို အရေးယူရန် ကုလအချက်အလက်ရှာဖွေရေး မစ်ရှင် တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၅

မြန်မာ့တပ်မတော်အပါအဝင် မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို ပစ်မှတ်ထားအရေးယူရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီအရင်ခံစာတစ်စောင်ထုတ်၍ တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က သြဂုတ်လ ၅ ရက်တွင် မြန်မာ့တပ်မတော် အပါအဝင် တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို အရေးယူပိတ်ဆို့ပြီး လက်နက်ရောင်းချမှုများကိုပါ ကန့်သတ်ရန် ထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေနှင့် တပ်မတော်က ထိန်းချုပ်ထားသော ကုမ္ပဏီများ အပေါ်တွင် အရေးယူပိတ်ဆို့မှုများ ချက်ချင်းဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံပြည်တွင်း၊ ပြည်ပရှိ စားသုံးသူများ ၊ ရင်းနှီးမြုပ်နှံသူများသည်လည်း တပ်မတော်နှင့် ဆက်သွယ်မှုမရှိသော စီးပွားရေးလုပ်ငန်းများနှင့်သာ ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးကာလအတွင်း မြန်မာနိုင်ငံရှိ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုသည် တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများပေးအပ်ခဲ့ကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်ပိုင် လုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့သည် ဆောက်လုပ်ရေး၊ ဆေးဝါး၊ ကုန်ထုတ်၊ အာမခံ ၊ ဘဏ်နှင့် ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းပေါင်း ၁၂၀ ကျော်ကို ပိုင်ဆိုင်ထားကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်က ကြေညာထားသည်။

ထို့အပြင် လက်ခွဲလုပ်ငန်းပေါင်း ၂၆ ခုနှင့်အတူ MEHL နှင့် MEC ကုမ္ပဏီ တို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကျောက်စိမ်း၊ ပတ္တမြားတူးဖော်ရေးလုပ်ငန်းများလည်း ရယူထားကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်၏ ထုတ်ပြန်ချက်ပါ ပြောဆိုချက်များကို မည်ကဲ့သို့ တုံ့ပြန်ရန် ပြင်ဆင်ထားသည်ကို မေးမြန်းရန် The Voice Journal က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကမူ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပေါ်တွင် အရေးယူပိတ်ဆို့သည့် နိုင်ငံတကာ၏ ဖိအားများ ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်သည်။

“ဒါက Target ခေါ်တဲ့ ဆန်ရှင်ပေါ့။ ဒီလိုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရေးယူမှုတွေ ဒါတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူအပေါ်အရေးယူမှုက ပြည်တွင်းမှာ မဖော်ဆောင်နိုင်ရင် နောက်ထပ်ဆက်လက် သွားမယ့် သဘောမျိုးရှိနေတာက အထင်အရှားပါပဲ” ဟု ၎င်းက ဆိုသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အတည်ပြုပေးရန် လူ့အခွင့်အရေးကောင်စီက ပေးထားသော လုပ်ပိုင်ခွင့် ရထားသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
The Voice

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *