မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရာတွင် မူပြောင်းရန် လိုအပ်နေဟု ဆို

မင်းဇော်မင်း.လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက် တမ်းသည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ထပ်မံဖွဲ့စည်းမည့် ကော်မရှင်အသစ်တွင် ပါဝင်လာမည့်လူများ ပြောင်းလဲရုံသာ မကဘဲ မူဝါဒပါ ပြောင်းလဲရန် လိုအပ်နေသည်ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆို ခဲ့သည်။.

.အဖွဲ့အစည်း ၂၄ ခုဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group-2019)က ဇူလိုင်လ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်သစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ် ပွင့်လင်း မြင်သာမှုနှင့် အားလုံးပါဝင်မှုရှိရန် လိုအပ်သည်ဟူသော ထုတ်ပြန်ချက်အပေါ် ဦးအောင်မျိုးမင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကော်မရှင်မှာ ပါတဲ့သူတွေက ဌာနဆိုင်ရာ စေလွှတ်လိုက်တဲ့လူတွေ၊ ပြည်ထဲရေး၊ တပ်မတော်၊ အခုမပါတော့တဲ့ အကျဉ်းဦးစီးညွှန်ချုပ်တို့လို လူတွေဆိုတော့ လူ့အခွင့်အရေးကို တကယ်သိလား၊ တကယ်ပဲ ကာကွယ် ပေးနိုင်မလားဆိုတာ ဆန်းစစ်ဖို့လိုမယ်။ လူ့အခွင့်အရေးဖြစ်တဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်ရမှာကို ဌာနဆိုင်ရာ အမြင်တွေနဲ့ ကြည့်မယ်။ အချက်အလက် တိကျမှုအစား အပေါ်ယံလောက်ပဲ လုပ်မယ်ဆိုရင် ဘယ်လို ယုံကြည်ရမလဲ။ ရွေးချယ်ရေး ဘုတ်အဖွဲ့ ကိုယ်တိုင်ကအစိုးရ၊ ပြည်ထဲရေးတို့က ဖြစ်နေတယ်။ ဘယ်သူတွေကို ဘယ်လိုရွေးချယ် တယ်ဆိုတာ မသိရသလို သမာသမတ် ကျတဲ့သူလား၊ တကယ်လူ့အခွင့်အရေးကို နားလည် စာနာတဲ့သူလား ဆိုတာ သိဖို့လိုမယ်။ ဒါကြောင့် လူတွေ ကိုသာမက မူတွေပါ ပြင်ပြီး အသစ် ဖွဲ့ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။.ထို့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော် ကလည်း “ဥပဒေက အစပြင်ရမယ်။ အခုရွေးချယ်ရေးဘုတ်အဖွဲ့မှာ အစိုးရပိုင်းက အများဆုံးဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုး ဖောက်ဆုံးက လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတွေ ဖြစ်နေတာကို ကော်မရှင် ရွေးချယ်တဲ့သူတွေက အစိုးရနဲ့ ပြည်ထဲရေးကပဲ ဆိုရင်လူ့အ ခွင့်အရေး ချိုးဖောက်တာတွေကို ကာ ကွယ်ပေးတာ၊ အားပေးတာတွေ ရှိနေမှာဖြစ်သလို သူတို့ ရွေးချယ်လိုက်တဲ့ သူတွေကလည်း ဒီလိုလူတွေကိုပဲ ရွေးချယ် ကြမှာဖြစ်တယ်။

ဒါကြောင့် အလွှာစုံက လူ့အခွင့်အရေးကို တကယ် စာနာ လုပ်ကိုင်နိုင်သူတွေ၊ အမျိုးသမီး၊ တိုင်းရင်းသားစတဲ့ နယ်ပယ်စုံက လူတွေကို ရွေးချယ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ လုပ်ငန်းမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ လိုမယ်။ အစိုးရကိုယ်စား ပြုသူတွေ အစား တကယ့်အရပ်ဘက် အဖွဲ့အစည်းတွေက သူတွေကို ပွင့်လင်းမြင် သာစွာ ရွေးချယ်ပေးဖို့ လိုအပ်နေပါ တယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။.လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁ ဦး၊ ဥပဒေ နှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂ ဦးတို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
Kanbawzatainews