မြန်မာနိုင်ငံက နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် ICESCR ကို အတည်ပြုလက်မှတ်ရေးထိုး

Equality MyanmarOctober 10, 2017
မြန်မာနိုင်ငံက နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ်ကို (International Covenant on Economic, Social and Cultural Rights – ICESCR) စာချုပ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်…

ဒါကြောင့် ဒီစာချုပ်အကြောင်း သိကောင်းစရာလေးတွေ ပြငဆင်ရေးသားပေးလိုက်ပါတယ်….

(၁) နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ်ကို (International Covenant on Economic, Social and Cultural Rights – ICESCR) စာချုပ်ဆိုတာ ဘာလဲ၊

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေကို လေးစားလိုက်နာဖို့ ပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေရှိပါတယ်။ ကြေညာစာတမ်းတခုနဲ့ စာချုပ်စာတမ်း (၉) ခူ ရှိပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ် ပင်မစာချုပ်(၉) ခုရှိသည့်အနက် မြန်မာနိုင်ငံဟာ စီဒေါ ( အမျိုးသမီးအခွင့်အရေးစာချုပ်)၊ စီအာစီ ( ကလေးသူငယ်အခွင့်အရေးစာချုပ်) နှင့် စီအာပီဒီ (မသန်စွမ်းသူများအခွင့်အရေးစာချုပ်)တို့ကို အတည်ပြုလက်မှတ်ရေးထိုးထားပြီးနောက်ပိုင်း မကြာမီ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့က နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် (International Covenant on Economic, Social and Cultural Rights – ICESCR) စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် (အတိုကောက် စီးလူယဉ်စာချုပ်)ဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးလိုက်တဲ့(( ၄) ခုမြောက် နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စီးလူယဉ်စာချုပ်ကို ၂၀၁၅ ခုနှစ် ဇူလိုင် (၁၆) ရက်နေ့ကထဲက ပဏာမလက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်ပါတယ်။

စီးလူယဉ်စာချုပ်ဟာ လူ့အခွင့်အရေးကြေညာစာတမ်းအပြီးတွင် ပေါ်ပေါက်လာခဲ့တဲ့ ပင်မစာချုပ်နှစ်ခုထဲက တခုဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က အတည်ပြုပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းပေါ်ပေါက်လာပြီးနောက် စာချုပ်အဆင့်အဖြစ် တိုးမြင့်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလာရင်း ပင်မစာချုပ်နှစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ ပထမတခုကတော့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ် (International Covenant On Civil and Political Rights) နဲ့ ဒုတိယတခုကတော့ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာစာချုပ် (International Covenant of Economic, Social and Cultural Rights) တို့ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ဒုတိယအပိုင်းမှာ ပါဝင်သော အချက်တွေကို စီးလူယဉ်စာချူပ်မှာ ပြန်လည်ဖော်ပြထားပါတယ်။ ဒီစာချုပ်နှစ်ခုပေါ်ပေါက် လာစေဖို့အချိန်များစွာကြာမြင့်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကဒီစာချုပ်နှစ်ခုကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ စီးလူယဉ်စာချုပ်ကတော့ ၁၉၇၆ ခုနှစ် ဇန်နဝါရီ (၃) ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

ပင်မစာချုပ်နှစ်ခုအပြင် နောက်ထပ်ပါဝင်သော စာချုပ်တွေကတော့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်နဲ့ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်တခုတို့ ဖြစ်ပါတယ်။
ဒီလို ပင်မစာချုပ်နှစ်ခုကို ပြဌာန်းနိုင်ခဲ့ခြင်းက ၁၉၅၀ ခုနှစ်ကကုလသမဂ္ဂမှာ ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံသား၊ နိုင်ငံရေးအခွင့်အရေးများနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး များဟာတခုနဲ့တခု ဆက်စပ်မှုရှိနေပြီး အပြန်အလှန် မှီတွယ်လျက်ရှိသည် ဆိုတဲ့ ဆုံးဖြတ်ချက်ကို တနည်းအားဖြင့် သက်သေပြနေတာဖြစ်ပါတယ်။

စီးလူယဉ်အခွင့်အရေးဆိုတာ ဘာလဲ။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုတာဟာလူသားများရဲ့ စွမ်းရည်များ၊ အရည်အသွေးများကို အစွမ်းကုန်မြှင့်မားစေဖို့အတွက် နိုင်ငံတော်အစိုးရက ရင်းမြစ်တွေကို စနစ်တကျအသုံးပြုပြီး တဆင့်ပြီးတဆင့် ဖြည့်ဆည်းပေးရတဲ့ အခွင့်အရေးများကို ဆိုလိုပါတယ်။ ဥပမာ- လူသားတို့ရဲ့ အသိဉာဏ်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ပညာရေး၊ လူတန်းစေ့နေထိုင်နိုင်ဖို့အတွက် စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်းရရှိရေး၊ ဖွံ့ဖြိုးတိုးတက်စေဖိ့ုအတွက် ကျန်းမာရေး၊ လူမှုဖူလုံရေးအစရှိသည်တို့အား ရရှိပိုင်ခွင့်ကို ဆိုလိုပါတယ်။ ဒီအခွင့်အရေးတွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးရသည့်တာဝန်ရှိသည့်အတွက် ရင်းမြစ်များလိုအပ်သလို အခြေအနေအလိုက် အဆင့်ဆင့်ဖြည့်ဆည်းပေးရတဲ့သဘောသဘာဝဖြစ်ပါတယ်။

(၂) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် မည်သည့် အခွင့်အရေးများ ပါဝင်ပါသလဲ။

စီးလူယဉ်စာချုပ်မှာ အပိုဒ်ပေါင်း (၃၀) ပိုဒ်ပါဝင်ပါတယ်။ ဒီစာချုပ်မှာပါတဲ့အပိုဒ် (၁)၊ (၃) နဲ့ (၅) တို့ဟာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ်မှာပါတဲ့အပိုဒ်တွေနဲ့ ထပ်တူနီးပါးဆင်တူပါတယ်။
စာချုပ်နှစ်ခုစလုံးရဲ့အပိုဒ် (၁) မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် (Self Determination) ကို လူတိုင်းအခွင့်အရေးအဖြစ်ဖော်ပြထားပါတယ်။ လူသားတိုင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီး သူတိုရဲ့ နိုင်ငံရေးအဆင့်အတန်းကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိကြောင်းနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့််ရှိကြောင်းဆိုထားပါတယ်။

စာချူပ်နှစ်ခုစလုံးရဲ့ အပိုဒ် (၃) မှာတော့ အမျိုးသားနဲ့အမျိုးသမီးတို့ကို ခွဲခြားခြင်းမရှိဘဲ လူအခွင့်အရေးအားလုံးကို တန်းတူခံစားခွင့်ရှိအောင် အစိုးရက လုပ်ဆောင်ပေးရမည်ဟု ဖော်ပြထားပါတယ်။

စာချုပ်နှစ်ခုစလုံးရဲ့ အပိုဒ် (၅) တွင် စာချုပ်တွေမှာပါဝင်တဲ့ အခွင့်အရေးတွေအပေါ် ဖိနှိပ်ချိုးဖောက်မှုတွေ၊ လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုလုပ်ဆောင်မှုတွေ၊ ကန့်သတ်မှုတွေကနေ ကာကွယ်ပေးဖို့ ရေးသားထားပါတယ်။

စာချုပ်မှာပါတဲ့အပိုဒ်တွေကတော့

အပိုဒ် (၁) လူတိုင်းကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။လူတိုင်းသည် နိုင်ငံရေးအဆင့်အတန်းအပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုများကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မိမိတွင်ရှိသော ရင်းမြစ်များအား အစွမ်းကုန်အသုံးပြု၍ ယခုစာချုပ်တွင်ပါသော အခွင့်အရေးများကို အမြင့်မားဆုံးသို့ တဖြေးဖြေးရောက်ရှိခံစားနိုင်အောင် အဆင့်ဆင့် လုပ်ဆောင်ပေးရမည်။

အပိုဒ် (၃) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသား၊ အမျိုးသမီးခွဲခြားခြင်းမရှိစေဘဲ ယခုစာချုပ်ပါ အခွင့်အရေးများကို ကျားမမရွေးတန်းတူခံစားခွင့်ရရန်အာမခံပေးရမည်။

အပိုဒ် (၄) အစိုးရအနေဖြင့် ဒီမိုကရေစီလူ့ဘောင်ရှိ အများအကျိုးအတွက် ရှေ့ရူ၍ အချို့အခွင့်အရေးများအား သင့်လျော်သလို ကန့်သတ်ထားနိုင်သည်။

အပိုဒ် (၅) စာချုပ်ပါအခွင့်အရေးများကို ပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် ဤစာချုပ်ကို နည်သည့ လူတဦးကဖြစ်စေ၊ အုပ်စုတစုကဖြစ်စေ၊ အစိုးရဖြစ်စေ မပြုလုပ်ရ၊

အပိုဒ် (၆) လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းသင့်တင့်လုံခြုံသော လုပ်ငန်းခွင်ရရှိခွင့်ရှိသည်။ အလုပ်ရှင်က ကြောင်းကျိုးမဲ့ အလုပ်မှထုတ်ပစ်ခြင်းနှင့် အဓမ္မလုပ်အားစေခိုင်းခြင်းတို့ကိုကာကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။ အမျိုးသမီးအလုပ်သမားများအတွက် အမျိုးသားများထက် မနိမ့်ကျသောလုပ်ငန်းခွင်အခြေအနေများကို အာမခံရန်လဲ အစိုးရတွင် တာဝန်ရှိသည်။

အပိုဒ် (၈) လူတိုင်းအလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်၊ နိုင်ငံတကာအလုပ်သမားအဖွဲ့များနှင့် ပူးပေါင်းပါဝင်ခွင့်ရှိသည်။

အပိုဒ် (၉)လူမှုဖူလုံရေး အခွင့်အရေးများကို ခံစားခွင့်ရှိရမည်။ ထိုလူမှုဖူလုံရေးအခွင့်အရေးများအတွက် ဆေးဝါးကုသပိုင်ခွင့်၊ လစာနှင့် ဆေးခွင့်၊ သားဖွားခွင့်၊ အာမခံ၊ အသက်အာမခံ၊ သက်ကြီးရွယ်အိုအာမခံ၊ မတော်တဆဒဏ်ရာရမှုအာမခံ၊ အလုပ်မှထုတ်ပစ်ပါက လျှော်ကြေးငွေအာမခံ၊ မိသားစုအာမခံတို့ အကြုံးဝင်သည်။

အပိုဒ် (၁၀) မိသားစုကာကွယ်စောင့်ရှောက်ပေးမှုကို အစိုးရင တာဝန်ယူလုပ်ဆောင်ပေးရမည်။ အလုပ်လုပ်သူမိခင်များနှင့် ကလေးများအားစောင့်ရှောက်ရေးတို့ကို အစွမ်းကုန်ကာကွယ်ပေးရမည်။ အလုပ်လုပ်ခွင့်ပြုသည့်ကလေးအသက်အရွယ်ကို ကန့်သတ်သတ်မှတ်ပေးရမည်။

အပိုဒ် (၁၁) လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေးအတွက် အစိုးရက လုပ်ဆောင်ပေးရမည်။ လုံလောက်မျှတသောလူနေမှုအဆင့်အတန်းရရှိရေဒအတွက်လိုအပ်ချက်များဖြစ်သည့် တိုးတက်ကောင်းမွန်သော လူနေမှုအဆင့်အတန်း၏လုံလောက်သော အစားအစာ၊ အဝတ်အစား၊ နေထိုင်စရာ အိမ်ယာစီမံကိန်းတို့ အကြုံးဝင်သည်။

အပိုဒ် (၁၂) လူထု၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမြင့်မားဆုံးနှင့် အဖြစ်နိုင်ဆုံးဖြည့်ဆည်းပေးရန် အစိုးရတွင်တာဝန်ရှိသည်။ ထိုအခွင့်အရေးများတွင် လုံခြုံပြီး ကျန်းမာရေးရူထောင့်နှင့်ကိုက်ညီသော ပတ်ဝန်းကျင်ရရှိရေးအချက်လည်း အကြုံးဝင်သည်။

အပိုဒ် (၁၃) ကျား၊မ၊ အသက်အရွယ်၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ရွေ့ပြောင်းအလုပ်သမားများ၏ရင်သွေးများ၊ လူမျိုးစု၊ ဘာသာရေးလူနည်းစုတို့မှ ကလေးငယ်များအားလုံးအပါအဝင် လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့ဖြစ်ရမည်။

အပိုဒ် (၁၄) ထိုသို့ မူလတန်းပညာအခမဲ့ဖြစ်စေရန်အတွက် အစိုးရအနေဖြင့် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

အပိုဒ် (၁၅) ယဉ်ကျေးမှုဘဝထဲတွင် လူတိုင်းပါဝင်ခွင့်သာမက ခေတ်မှီသိပ္ပံပညာ၏ တိုးတက်မှုအကျိုးကျေးဇူးများတွင် ပါဝင်ခံစားခွင့်တို့ရှိသည်။ လူတဦးတယောက်၏ သိပ္ပံပညာ၊ စာပေ၊ အနုပညာထူးချွန်မှုအပေါ် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှုတို့ကိုလဲ အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ပေးရမည်။

အပိုဒ် (၁၆-၃၀) ကတော့ စာချုပ်ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းများဖြစ်ပါတယ်။

(၃) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ဘယ်လိုနည်းဖြင့် စောင့်ကြပ်ပါသလဲ။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်သော အချက်များအား စောင့်ကြပ်သောကော်မတီမှာ စီးပွားရေးနှင့်လူမှုရေးကောင်စီက ၁၉၈၅ခုနှစ်တွင် ဖွဲ့စည်းခဲ့သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ ကော်မတီ(Committee on Evonomic, Social and Cultural rights) ဖြစ်ပါတယ်။ ထိုကော်မတီမှာ ကော်မတီဝင် (၁၈)ဦး ပါဝင်ပါ တယ်။ ဒီကော်မတီဝင်တွေကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက ရွေးချယ်တင်မြှောက်ရပြီး လွတ်လပ်ကျွမ်း ကျင်သောသူများဖြစ်ရပါမယ်။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုသော သူများမဖြစ်ရပါ။ ကော်မတီဝင် (၁၈) ဦးကို (၄)နှစ်တကြိမ်ရွေးူကောက်တင်မြှောက်ပေမဲ့ ကော်မတီတဦးချင်းသက်တမ်းကုန်ဆုံးချိန်မတူညီကြပါ။ (၁ဂ) ဦးအနက် (၁၅) ဦးကို အာဖရိက၊ ာရှ၊ အရှေ့ဥရောပ၊ လက်တင်အမေရိကနဲ့ အနောက်ဥရောပတို့က အညီအမျှရွေးချယ်ပြီး ကျန်သုံးဦးကိုတော့ စာချုပ်အဖွဲ့ဝင်နိုင်ငံထဲက ဒေသအလိုက် ထပ်မံရွေးချယ်ပါတယ်။

ထိုကော်မတီ ကနေပြီးစာချုပ်အဖွဲ့ဝင်နိုင်ငံများက စာချုပ်ပါအချက်တွေကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို စောင့်ကြပ်လေ့လာပါတယ်။။ တစ်နှစ်ကို သုံးပတ်တွေ့ဆုံပြီး အစည်းအဝေးကျင်းပပါတယ်။

နိုင်ငံတနိုင်ငံဟာ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (၂) နှစ်အတွင်းကော်မတီထံ ကနဦးအစီရင်ခံစာကိုတင်သွင်းပြီး ပုံမှန်အစီရင်ခံစာကို (၅) နှစ်တကြိမ်တင်သွင်းရပါတယ်။
အစီရင်ခံစာတွသ် စာချုပ်ပါအချက်များကို အကောင်အထည်ဖော်ရာမှာ မည်သည့်အကြောင်းကြောင့် အားည်းနေရသည်ကို အစီရင်ခံရပါတယ်။ အများအားဖြင့် နိုင်ငံ၏ ဓနရင်းမြစ်ကို အကြောင်းပြတတ်လေ့ရှိပါတယ်။

ကော်မတီဝင်များဟာစာချုပ်အဖွဲ့ဝင်နိုင်ငံများက တာဝန်ကျတဲ့အတိုင်း အလှည့်ကျ အချိန်မှန်မှန်တင်သွင်းလာတဲ့စာချုပ်ပါအချက်များနဲ့ပတ်သက်ပြီးတော့ဘယ်လိုတိုးတက်အောင်လုပ် ဆောင်နေကြောင်းကို ဖော်ပြထားတဲ့အစီရင်ခံစာတွေကို လေ့လာသုံးသပ်ပါတယ်။ ဒီလို လေ့လာစဉ် အတွင်း သက်ဆိုင်ရာအစိုးရရဲ့ကိုယ်စားလှယ်လဲ ရှိနေရပြီး ကော်မတီအနေနဲ့ နောက်ထပ်မံသိရှိ လိုတဲ့အချက်တွေရှိနေရင်ဒီကိုယ်စားလှယ်ကိုမေးမြန်းရပါတယ်။ ဒါ့အပြင် ကော်မတီဟာဒီသက်ဆိုင်ရာနိုင်ငံရဲ့ အကြောင်းအရာ တစုံတခုနဲ့ပတ်သက်ပြီးအထူးကျွမ်းကျင်မှုရှိတဲ့ ကုလသမဂ္ဂ အထူးပြု အေဂျင်စီတွေထံမှလဲလိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဒါတင်မကဘဲကော်မတီကသိလိုတဲ့စာချုပ်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး အခြားအစိုးရမဟုတ်သော အဖွဲ့များကိုလဲ အစီရင်ခံစာတင်သွင်းရန် သို့မဟုတ် နှုတ်ဖြင့်အစီရင်ခံရန် ဖိတ်ကြားနိုင်ပါသေးတယ်။ တကယ်လို့ သက်ဆိုင်ရာနိုင်ငံက လိုအပ်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကို တင်ပြနိုင်ခြင်းမရှိရင်ကော်မတီအနေနဲ့ လိုအပ်တဲ့ ဆန်းစစ်မှုများ၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ၊ အကြံပေးချက်များ ပံ့ပိုးနိုင်ရန်အတွက် အဖွဲ့ဝင်တဦးသို့မဟုတ် နှစ်ဦးပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုထိုနိုင်ငံအတွင်းလေ့လာဖို့ စေလွှတ်ခြင်းကိုလက်ခံရန်အတွက် ထိုအစိုးရကို ပန်ကြားနိုင်ပါတယ်။
ကော်မတီဟာနိုင်ငံအသီးသီးရဲ့အစီရင်ခံစာတွေအပေါ် မိမိတို့ရဲ့ သုံးသပ်တွေ့မြင်ချက်တွေနဲ့ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်တွေကို စီးပွားရေးနှင့် လူမှုရေးကောင်စီထံမှာ နှစ်စဉ်အစီရင်ခံ တင်ပြရ ပါတယ်။ ဒီအစီရင်ခံစာမှာ စာချုပ်ပါ အခွင့်အရေးတွေကို လက်တွေ့အကောင်အထည် ဖော်ရာမှာကြုံတွေ့ရသည့်အချက်များ၊ အခက်အခဲများနဲ့ ရှေ့ဆက်အကြံပြုချက်များလဲ ပါဝင်လေ့ရှိပါတယ်။ ဒီအချက်များဟာအများပြည်သူတွေကို
အသိပေးရမဲ့ အရေးကြီးသော အချက်များဖြစ်ပါတယ်။

ဒီကော်မတီဟာ လူတဦးတယောက်ချင်းက မိမိနိုင်ငံအစိုးရအပေါ်စာချုပ်ပါအခွင့်အရေးတွေကို ချိုးဖောက်နေကြောင်း တိုင်ကြားမှုနဲ့စာချုပ်အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအပေါ် အခြားအဖွဲ့ဝင်နိုင်ငံက တိုင်ကြားမှုကို လက်မခံပါ။

(၄) နိုင်ငံတကာစာချုပ်တွေကို လက်မှတ်ထိုးခြင်းအဆင့်ဆင့်
နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တွေကို လေးစားလိုက်နာရန် ကတိပြုသည့်အနေဖြင့် လက်မှတ်ထိုးမည်ဆိုပါကအဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်မှာ ပဏာမလက်မှတ်ထိုးခြင်း (Sign) အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်ဟာ စာချုပ်ပါအချက်များကို လိုက်နာဖို့ စိတ်ဝင်စားသည့်သဘောဖြစ်ပါတယ်။ ဒီစာချုပ်ပါအချက်တွေနဲ့ နိုင်ငံတော်ရှိ ဥပဒေများ၊ ပေါ်လစီများနှင့် လုပ်ထုံးလုပ်နည်းများကို ကိုက်ညီအောင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပါမည်ဟု ပဏာမ ဂတိပြုခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်လက်မှတ်ထိုးထားတဲ့နိုင်ငံဟာ စာချုပ်ကော်မတီထံမှာ အစီရင်ခံစာတင်ပြရန်မလိုသေးပါ။

ဒုတိယအဆင့်ကတော့ အတည်ပြုလက်မှတ်ထိုးခြင်း (Ratify) ဖြစ်ပါတယ်။ ဒီအဆင့်လက်မှတ်ထိုးပါက ထိုနိုင်ငံသည် စာချုပ်ပါအချက်များကို လေးစားလိုက်နာပါမယ်လို့နိုင်ငံတကာမှာကတိပြုလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလက်မှတ်ထိုးပြီးပါက သတ်မှတ်ထားသည့်အချိန်ကာလအတိုင်း ကော်မတီထံမှာအစီရင်ခံစာတွေကိုပုံမှန်တင်သွင်းရပါတယ်။ ကော်မတီရဲ့သုံးသပ်မှုတွေကို ခံယူရပါတယ်။ ကော်မတီက ထုတ်ပြန်တဲ့အကြံပြုချက်တွေအတိုင်း နိုင်ငံတော်မှာ ကြိုးစားအကောင်အထည်ဖော်ဖို့တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံက စီး၊လူယဉ်စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးလိုက်တာဖြစ်တဲ့အတွက် ဒီစာချုပ်မှာပါတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ဥပဒေအရ ကတိပြုရာရောက်ပါတယ်။ ၂၀၁၇ နှစ် အောက်တိုဘာလအထိ စီးလူယဉ်စာချုပ်ကို အတည်ပြုလက်မှတ်ထိုးထားတနိုင်ငံပေါင်း (၁၆၆) နိုင်ငံရှိပါတယ်။

ခြွမ်းချက်ထား လက်မှတ်ရေးထိုးခြင်း ဆိုတာဘာလဲ။
နိုင်ငံတနိုင်ငံအနေဖြင့်သဘောတူစာချုပ်မှာပါဝင်တဲ့ အချက်အလက် အပိုဒ်တွေကို နှစ်သက် ပေမဲ့စာချုပ်မှာ ပါဝင်တဲ့အချို့အပိုဒ်တွေကို လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရန် ခက်ခဲနေပါက သို့မဟုတ် ထိုအပိုဒ်ပါအချက်ကို မလိုလားပါက ထိုအပိုဒ်ကို ချန်လှပ်ပြီး လက်မှတ်ထိုးနိုင်ပါတယ်။ ဒီလိုမျိုး လက်မှတ်ထိုးခြင်းကို ခြွင်းချက်ထား လက်မှတ်ထိုးခြင်း (Reservation)ဟုခေါ်ပါတယ်။ ဒါပေမဲ့ဒီလိုခြွင်းချက်ထားလက်မှတ်ရေးထိုးတာမျိုူးကို အကန့်အသတ်နဲ့သာ လုပ်ဆောင်ရန်၊ မည့်သည့်အတွက်ကြောင့် ဒီလို ခြွင်းချက်ထားလက်မှတ်ရေးထိုးရတာကို သေချာစွာ ရှင်းလင်းဖော်ပြရန် ကုလသမဂ္ဂက နိုင်ငံများကိုပန်ကြားထားပါတယ်။ ဒါကြောင့်မို့လု့ိ ခြွင်းချက်ထားလက်မှတ်ထိုးသည့်အခါမှာ ခြွင်းချက်ထားမှုဟာ တိကျရှင်းလင်းရမှာဖြစ်သလို စာချုပ်ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တို့နဲ့လဲ မကွဲလွဲရန်လိုပါတယ်။

စာချုပ်အဖွဲ့ဝင်နိုင်ငံသည် စာချုပ်ကို အတည်ပြုလက်မှတ်ထိုးတဲ့ အချိန်မှာသာ ခြွင်းချက်ထားလက်မှတ်ထိုးရတဲ့အကြောင်းကို ရှင်းလင်းပြောပြတာတွေ၊ သက်ဆိုင်ရာအပိုဒ်နဲ့ ပတ်သက်လို့ မိမိအစိုးရရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုတာတွေအားလုံးကို ရှင်းလင်းပြောကြားရမှာဖြစ်ပါတယ်။ ။ ထိုအပိုဒ်မှာ ပါဝင်တဲ့အချက်တွေကို ဘယ်လိုလုပ်ဆောင်မလဲ ဒါမှမဟုတ် ဒီအပိုဒ်နဲ့ပတ်သက်လို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုတာကို သေသေချာချာ ထုတ်ဖော်ပြောဆိုရပါတယ်။ ခြွင်းချက်ထား လက်မှတ်ထိုးမယ် ဒါမှမဟုတ် မိမိးအစိုးရရဲ့ ရပ်တည်ချက်အမြင်ကို အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြမည်ဆိုရင် အခြားအဖွဲ့ဝင်နိုင်ငံတွေကို မည်သည့်အပိုဒ်ကို လက်မခံကြောင်း သို့မဟုတ် သဘောမတူကြောင်း သေသေချာချာ စာဖြင့်ရှင်းလင်းရေးသားပေးပို့ရပါတယ်။ ဒါ့အပြင်မိမိတို့ ရပ်တည်ချက်အမြင်များကို ဘာကြောင့် ယခုကဲ့သို့သဘောထားရကြောင်းကို ရှင်းပြရပါတယ်။ အကယ်၍ခြွင်းချက်ထားတဲ့ သို့မဟုတ် ရပ်တည်ချက်အမြင်ကို ထုတ်ဖော်ပြောဆိုတဲ့အချက်ဟာ စာချုပ် ရည်မှန်းချက်၊ ဦးတည်ချက်ကို မသွေဖီသည့်အပြင် စာချုပ်အဖွဲ့ဝင်တခြားနိုင်ငံများက ကန့်ကွက်မှုမရှိလျှင် ထိုအချက်များကို လက်ခံပြီး
မှတ်တမ်းတင်ရပါတယ်။

စီးလူယဉ်စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးတဲ့အချိန်မှာ မြန်မာအစိုးရက စာချုပ်ပါ အပိုဒ်(၁) နဲ့ပတ်သက်ပြီး အယူအဆကို တင်ပြထားတာ သတိပြုရပါမယ်။ မြန်မာနိုင်ငံအစိုးရဟာ ၁၉၉၃ ခုနှစ် ဗီယင်နာကြေညာစာတမ်းကို လက်ခံပေမဲ့ ဒီစာချုပ်မှာပါတဲ့ “ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်”ဆိုတာ အချုပ်အခြာအာဏာကို ထိပါးမဲ့ လွတ်လပ်ခွင့်မျိုးကို မဆိုလိုကြောင်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲစည်းပုံအခြေခံဥပဒေကို ထိပါးအောင် အသုံးချခြင်းမျိုးမဟုတ်သော လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့နိုင်ပါတယ်။

အောငျမြိုးမငျး (ညီမ ြှခွငျးမွနျမာ)