အာဆီယံအသင်းကြီး ထူထောင်သော နှစ်(၅၀) ပြည့်နေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

၂၀၁၇ ခုနှစ် သြဂုတ်(၈) ရက်နေ့သည် အရှေ့တောင်အာရှနိုင်ငံ ဆယ်နိုင်ငံဖြင့် ပေါင်းစုဖွဲ့စည်းထားသော အာဆီယံအသင်းကြီးထူထောင်သောအချိန်ကာလ နှစ်ပေါင်း ငါးဆယ်ပြည့်သောနေ့ဖြစ်သည်။ နှစ်ပေါင်း ငါးဆယ်တိုင်တိုင် ဒေသဆိုင်ရာအဖွဲ့အစည်းတခုအနေဖြင့် ရပ်တည်လာနိုင်သည့် အာဆီယံအသင်းကြီးအား မြန်မာနိုင်ငံရှိအရပ်ဖက်လူအဖွဲ့အစည်းများကိုယ်စား ချီးကျူးဂုဏ်ပြုလိုပါသည်။

အာဆီယံဒေသအတွင်းရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူများသည် အာဆီယံအသင်းကြီးနှင့် တွေ့ဆုံ၍ အာစီယံပြည်သူများဘ၀ လုံခြုံရေးနှင့် ဖူလုံရေးတို့အတွက် တိုက်တွန်းနိူးဆော်လျက်ရှိပါသည်။ ပြည်သူလုထုကို ဗဟိုပြုသော အာဆီယံအသင်းကြီးအဖြစ် ခိုင်ခိုင်မာမာပေါ်ပေါက်လာစေရန်နှင့် လူမှုတရားမျှတမှု၊ တန်းတူညီမျှ မှုနှင့် လူ့အခွင့်အရေးကို အခြေခံလုပ်ဆောင်ရန် စဉ်ဆက်မပြတ် ပန်ကြားလျက်ရှိပါသည်။ အာဆီယံအသင်းကြီး အနေဖြင့် ဆင်းရဲမွဲတေမှု၊ တရားမမျှတမှု၊ တန်းတူမညီမျှမှု၊ ခွဲခြားဆက်ဆံမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကို အမြန်ဆုံးချုပ်ငြိမ်းအောင် လုပ်ဆောင်ပေးရန်တောင်းဆိုနေသည့် အာဆီယံပြည်သူများ၏ အသံများကို အထူးအလေးထားနားထောင်လုပ်ဆောင်ရန် လိုအပ်လှပါသည်။

အရှေ့တောင်အာရှဒေသသည် ယခုအခါ လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရှိနေချိန်ဖြစ်သည်။ တဖက် မှာလည်း တန်းတူမညီမျှမှုများ၊ စားနပ်ရိက္ခာရှားပါးမှုများ၊ အစားအစာလုံခြုံမှုမရှိခြင်းများကို ရင်ဆိုင်နေရသည်။ ငွေရလွယ်သောသီးနှံများကိုသာ ဦးစားပေးစိုက်ပျိုးထုတ်လုပ်ရင်း မိရိုးဖာ လယ်ယာစိုက်ပျိုးနည်းများ ပျောက်ဆုံး ကုန်ကြသည်။ အခြေခံလူတန်းစားများမှာ စီးပွားရေးလုပ်ငန်းရှင်များ၏ ချယ်လှယ်မှုအောက်တွင် ဆင်းရဲသထက် ဆင်းရဲလာလျက်ရှိသည်။ အာဆီယံအသင်းကြီး၏ ဈေးကွက်တခုထဲဖြစ်ရေးပေါ်လစီအရလုပ်ဆောင်မှုကြောင့် အာဆီယံပြည်သူများ၏ အစားအစာနှင့်ပတ်သက်၍ ကိုယ်ပိုင်ရပ်တည်ခွင့်အပေါ် ကြီးမားစွာ ထိခိုက်လျက်ရှိ သည်။ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများရှိ လယ်သမားများ၏ တပိုင်တနိုင်စီးပွားရေးကို ကာကွယ်မပေးနိုင်တော့ပေ။

အာဆီယံဒေသတခုလုံးသည် ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးအတွက် ကြီးမားသည့် စိမ်ခေါ်မှုများကိုလဲ ရင်ဆိုင်နေရလျက်ရှိသည်။ ဒေသအတွင်းလက်နက်အားပြိုင်မှုများမြင့်မားလာကာ အာဆီယံအသင်းဝင်နိုင်ငံများ ၏ စုစုပေါင်းကာကွယ်ရေးစရိတ်သည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၃၃ သန်းအထိ ရှိလာခဲ့သည်။ ထို့ပြင် လူကုန်ကူးမှုများ၊ အတင်းအကြပ်ရွေ့ပြောင်းနေထိုင်နေရမှုတို့ကြောင့် ဒေသအတွင်း လူသားလုံခြုံရေးကို ချိန်းခြောက်နေလျက်ရှိသည်။ ဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုမြင့်မားလာခြင်းကြောင့် ပြည်သူတရပ်လုံး ကိုဖြစ်စေ၊ တချို့သော အုပ်စုဝင်များ၏ လုံခြုံရေးအပေါ်သက်ရောက်မှုများဖြစ်စေသည်။

လူ့အခွင့်အရေးအမြင်နှင့်သုံးသပ်မည်ဆိုပါက တရားဥပဒေလက်လှမ်းမှီမှုနှင့် ခွဲခြားခံအုပ်စုများအပေါ် ကာကွယ် ပေးမှုများမှာ အားနည်းလျက်ဆြဲဖစ်သည်။ အမျိုးသမီးများအပါအဝင် တခြားလူနည်းစုအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကိုလည်း ဒေသအတွင်း ယခုတိုင်တွေ့နေရဆဲဖြစ်သည်။ တက်ကြွလှုပ်ရှားသူများအပေါ် ပစ်မှတ်ထားနှိပ်ကွက်မှုကြောင့် အာဆီယံဒေသအတွင်းမှ တက်ကြွလှုပ်ရှားသူ (၆၂၅) ဦး ပျောက်ဆုံးခဲ့ပြီး တရားဥပဒေကို ဖော်ဆောင်နိုင်ခြင်းမရှိသေးချေ။

ထိုကြောင့် မြန်မာနိုင်ငံရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရအပါအဝင် အာဆီယံအသင်းဝင်နိုင်ငံများအား အောက်ပါတို့ကို လုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

  • ခွဲခြားဖယ်ထုတ်ခံရသောအုပ်စုများအပါအဝင် အရပ်ဖက် လူ့အဖွဲ့အစည်းများ ကိုယ်စားပြုမှုနှင့် ပါဝင်မှုကို ဦးစားပေးလုပ်ဆောင်ရန်၊
  • ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပေါ်လစီများကို စဉ်းစားရာတွင် နိုင်ငံတကာလူ့အခွင့်ရေးစံချိန်များကို ထည့်သွင်းစဉ်းစားရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ကာကွယ်ပြီး တည်တံ့ခိုင်မြဲစေမည့် နည်းလမ်းများကို အသုံးပြုရန်၊
  • စစ်လက်နက်ဝယ်ယူခြင်း၊ စစ်အသုံးစားရိတ်များတိုးမြင့်ခြင်းထက် လူထု၏ အခြေခံလူမှုဝန်ဆောင်လုပ်ငန်းများတွင် ငွေကြေးပိုမိုသုံးစွဲရန်၊
  • အမျိုးသမီးများ၊ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် စီမံချက်များချမှတ် လုပ်ဆောင်ရန်၊
  • ဒေသဆိုင်ရာ လူ့အခွင့်အရေးယန္တယားများဖြစ်သည့် အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာကော်မရှင် (ACWC) တို့ကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန်၊
  • Myanmar Civil Societies’ Core group on ASEAN

Equality Myanmar