အခြေခံလူ့အခွင့်အရေးသင်တန်း စေတုတ္တရာမြို့နယ်တွင် ကျင်းပပြီးစီး

Equality Myanmar April 27, 2017
ညီမျှခြင်းမြန်မာ မန္တလေးရုံးနှင့် မကွေးတိုင်းဒေသကြီး လူ့အခွင့်အရေးပညာပေးကွန်ရက် (HREN) မှ ၂၀၁၇ ခုနှစ်အတွက် ဒုတိယမြောက်လှုပ်ရှားမှုအဖြစ် စေတုတ္တရာမြို့နယ် ဘူးကျေးရွာအုပ်စုတွင် ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်မှ ၈ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါ သည်။ သင်တန်းသားစုစုပေါင်း (၂၆)ယောက်တက်ရောက်ခဲ့ပြီး ကျား(၁၄) မ(၁၂) ဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ချင်းလူမျိုး(၁၃) နှင့် ဗမာလူမျိုး (၁၃) တက်ရောက်ခဲ့ကြသည်။ လူငယ်အများစုတက်ရောက် ခဲ့ကြပြီး ပညာအရည်အချင်းအရ ပျှမ်းမျှအားဖြင့် အထက်တန်း အဆင့်ရှိ သူ အများအပြားပါဝင်ခဲ့ကြသည်။ထို့ပြင် ပညာရေးဝန်ထမ်းများလည်း စိတ်ဝင်စားစွာတက်ရောက်ကြသည်။


ရာသီဥတုပူပြင်းခြင်းများဖြစ်ပေါ်သော်လည်း အေးမြပြီး လေဝင်လေ ထွက်ကောင်းသော အလင်းရောင်ရသော နေရာများသို့ အချိန်မီရွှေ့ပြောင်း သင်ကြားနိုင်ခဲ့သည်။ သင်တန်းအတွင်းတက်ကြွစွာပါဝင်ဆွေးနွေးနိုင်စေရန် စိတ်ဝင်စားဖွယ်နည်းလမ်း များအသုံးပြု၍ အပြန်အလှန်ဆွေးနွေး ကြခြင်းကြောင့် သင်တန်းက မြိုင်မြိုင်ဆိုင်ဆိုင်ရှိ လှသည်။ သင်တန်းသူ သင်တန်း သားများသည် လူ့အခွင့်အရေးအကြောင်းအရာများကို သိချင်စိတ်ပြင်းပြစွာဖြင့် စိတ်ဝင်တစားလေ့လာကြသည်ကို တွေ့ရပါသည်။


လူ့အခွင့်အရေးအဓိပ္ပါယ်သဘောထားအယူအဆများ လူ့အခွင့်အရေး အပိုဒ်များကို အထိုက်အလျောက် လေ့လာသိရှိ ခဲ့ကြပြီး သင်တန်းအပြီး ၎င်းတို့အနေဖြင့် မိသားစု ရပ်ရွာများတွင် လက်ဆင့်ကမ်းဝေမျှခြင်း ချိုးဖောက်မှုများကို ကာကွယ် ခြင်းများ လုပ်ဆောင်လာနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်မိပါသည် တက်ရောက်သည့် သင်တန်းသား အများစုမှာ တက်ကြွကြပြီး လူ့အခွင့်အရေးအကြောင်းများနှင့် လူ့အခွင့် အရေးလုပ်ငန်းစဉ်များ သိရှိသွားခြင်း။
မကွေးတိုင်းဒေသကြီး လူ့အခွင့်အရေးအသိပညာပေးကွန်ရက်အနေဖြင့် သင်တန်းများအပြီး လူ့အခွင့်အရေးလုပ်ငန်းများ အတွက် ချိတ်ဆက်ဆောင် ရွက်နိုင်မည့် ကွန်ရက်တစ်ခုရရှိလာခြင်း။ကိုယ့်လုပ်ပိုင်ခွင့်၊ ရရှိခွင့်၊ ဗဟုသုတ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သေချာစွာစုံစမ်းမှု လိုအပ်သည်ဆိုသည့် အချက်များကို သိလိုက်ရလို့ အရမ်းတန်ဖိုးရှိပါတယ်။
ကျွန်တော့်ရဲ့ အတွေးအမြင်တွေပြောင်းသွားတယ်လို့မြင်ပါတယ်။ အရင်ကဆိုရင် သူများဖုန်းထဲက အချက်အလက်တွေ ပိုင်ရှင်ခွင့်ပြုချက် မယူပဲ ကြည့်ရှုကိုင်တွယ်မိတာတွေရှိတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ သိလိုက်ရတဲ့ အခါ ရှောင်ရတော့မှာပေါ့။
ကျွန်မတို့ကို လူ့အခွင့်အရေးချိုးဖောက်ခံရပြီဆိုရင် ဘယ်လိုတိုင်တန်းရမယ် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိခဲ့ရလို့ ပီတိဖြစ်မိပါတယ်။
သင်တန်းနည်းပြများ မတိုးတိုးမြင့် (ညီမျှခြင်းမြန်မာ)၊ ကိုအောင်မျိုးသူ၊ ကိုကျော်ကိုကိုရှိန် (HREN) ကွန်ယက် တို့မှ ဦးဆောင်ဆွေးနွေးပို့ချခဲ့ပါ သည်။