မီဒီယာသတင်းထုတ်ပြန်ချက်များ

နေ့စွဲ။ ။၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ထုတ်ပြန်ကာ အစိုးရနှင့်လွှတ်တော်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရန်ကြိုးပမ်းလာသည်ကို အသိအမှတ်ပြုသော်လည်း ထုတ်ပြန်သည့် ဥပဒေမူကြမ်းတွင်ပါဝင်သည့် အချက်များသည် ပြည့်စုံလုံလောက်ကောင်းမွန်ခြင်းမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ လက်ရှိထိခိုက်နေ သည့် ပြဿနာအရင်းအမြစ်များကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသည်ကိုတွေ့ရသည့်အတွက် အဓိပ္ပါယ်ပြည့်ဝပြီး အများ ပြည်သူပါဝင်သည့် အကြံပြုဆွေးနွေးမှုများ လုံလောက်စွာ ခေါ်ယူကျင်းပလုပ်ဆောင်ပြီးမှသာ အတည်ပြုပြဌာန်းရန် ဆက်သွယ် ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုကို ပူးပေါင်းအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်သည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့များ အပါ အဝင် အရပ်ဘက်အဖွဲ့အစည်း ၂၂ဖွဲ့သည် ၂၀၁၇ ခုနှစ် အစောပိုင်းကစ၍ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ)ဖျက်သိမ်းရေး လှုပ်ရှားမှုပူးပေါင်းအဖွဲ့အဖြစ် စုစည်းခဲ့ပြီး ဆက်သွယ်ရေးဥပဒေအား လူ့အခွင့်အရေးအလေးထားသည့် ဥပဒေတစ်ရပ်အဖြစ် ပြင်ဆင်ပြောင်းလဲနိုင်ရေး သုံးသပ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။ အဆိုပါသုံးသပ်ချက်များနှင့် တောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကေ်ာမတီဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်သည်။ (ပူးတွဲပါ ဇွန်လ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကြည့်ရှု့ရန်။)

အဆိုပါ သုံးသပ်ချက်များကို အခြေခံကာ ၁။)ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အားအပြီးပယ်ဖျက်ရန် ၂။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီစံနှုန်းများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေးဥပဒေပါ အခြားပုဒ်မများအား ပြန်လည်သုံးသပ် ပြင်ဆင်ရန်နှင့် ၃။) ဥပဒေပြင်ဆင်ရာအဆင့်တိုင်းတွင် အများပြည်သူပါဝင်သော ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုများ ဆောင်ရွက်ရန် တို့ကို တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း အများပြည်သူအား ဇွန်လ ၂၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ (ကြေညာချက်ကို ပူးတွဲပါစာတွင် ကြည့်ရှု့ရန်။)

ဇူလိုက်လ ၈ ရက်က ထုတ်ပြန်သည့် ပြင်ဆင်ရန်အဆိုပြုထားသည် ဥပဒေမူကြမ်းကို သုံးသပ်ရာတွင် ဥပဒေမူကြမ်းတွင် အပိုဒ် ၄ ပိုဒ် ပါဝင်ပြီး ပထမ အပိုဒ် နှစ်ခုသည် ဥပဒေအမည်သတ်မှတ်ခြင်းနှင့် ဝန်ကြီးဌာနအမည်ပြောင်းလဲခြင်းသာဖြစ်ပြီး ကျန်အပိုဒ် နှစ်ခုမှာ Facebook အပါအဝင် အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားမှုအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သည့် ပုဒ်မ ၆၆ (ဃ)ကိုသာ ဦးတည် ပြင်ဆင်သည့် အချက်များဖြစ်သည်။ မူကြမ်းပါ အပိုဒ် ၃ နှင့် ၄ အရ လက်ရှိ ပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၈၀ တို့အား ပြင်ဆင်သည့် အချက်များကို အောက်ပါအတိုင်း သုံးသပ်ပါသည်။

၁။ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ဆက်လက်ထားရှိခြင်းနှင့် ချက်ချက်ဖမ်းဆီးမှုကို ကာကွယ်ပေးနိုင်ခြင်း မရှိခြင်း– ယခုပြင်ဆင်သည့် မူကြမ်းပါ ပုဒ်မ ၆၆ (ဃ)တွင် ပုဒ်မ ၆၆ (ဃ)ဖြင့် မတရားဖမ်းဆီးမှုများ၏ အဓိကအကြောင်းရင်းဖြစ်သည့် “အသရေဖျက်မှု” ကို ပြစ်မှုတစ်ရပ်အနေဖြင့် ဆက်လက်ထားရှိပြီး၊ အဆိုပါပြစ်မှုအား (ပုဒ်မ ၈၀(က))အရ ရဲအရေးပိုင်မှု (ရာဇဝတ်မှု)အဖြစ် ဆက်လက် သတ်မှတ်ထားသည့်အတွက် စွတ်စွဲခံရသူများသည် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

၂။ ဥပဒေက မတရားဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိခြင်း– ဥပဒေမူကြမ်းပါ ပြင်ဆင်ချက်များတွင် ပုဒ်မ ၆၆ (ဃ)ပါ ပြစ်မှုများအား ပုဒ်မ ၈၀ (ဂ)အရ “အာမခံပေးနိုင်သည့် ပြစ်မှုများ” အဖြစ် သတ်မှတ်ချက်ပါရှိသော်လည်း အာမခံ ပေး “နိုင်” သည့် ပြစ်မှုများဟု ဆိုရာ အာမခံရ၊ မရ သေချာခြင်း မရှိပဲ ပုဒ်မ ၆၆ (ဃ)ဖြင့် မတရားဖမ်းဆီးထိန်းသိမ်းနေခြင်း ကို အပြီးအပိုင် တားဆီးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ လက်ရှိ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲသည့် ပြစ်မှုများကို လေ့လာလျင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား (၂)အရ တရားသူကြီး၏ ဆင်ခြင်တုံတရား အရသာ အာမခံ ပေး၊ မပေး ဆုံးဖြတ်သည်ဖြစ်ရာ အာမခံပေးရာတွင် ဥပဒေအရ တသမတ်တည်း မဖြစ်ခြင်း၊ ကြောင်းကျိုး ညီညွတ်မှု မရှိသည့် အချက်များကို တွေ့ရသည်။ ယခုပြင်ဆင်လိုက်သည့် အာမခံပေး “နိုင်” သည့် ပြစ်မှုများအဖြစ် သတ်မှတ်ရုံဖြင့် လက်ရှိအခြေအနေကို ပိုကောင်းလာစေခြင်း မရှိပေ။

၃။ ဝန်ကြီးဌာန၏ သုံးသပ်ဆန်းစစ်နိုင်သည့် အခွင့်အာဏာကို ပယ်ဖျက်ခြင်း – ဥပဒေမူကြမ်းပါ ပုဒ်မ ၈၀ (ခ) ပြင်ဆင်ချက်အရ ပုဒ်မ (ဃ)ပါ ပြစ်မှုများအတွက် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ချက်အား ပယ်ဖျက်သည်ဖြစ်ရာ မတရားဖမ်းဆီးစွပ်စွဲမှုများကို တားမြစ်နိုင်ရန် သုံးသပ်ဆန်းစစ်ရမည့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်မရှိတော့ဘဲ ရဲဌာန၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့်သာ စစ်ဆေး၊ ဖမ်းဆီး၊ အရေးယူနိုင်မည်ဖြစ်သည့်အတွက် လူ့အခွင့်အရေးအပေါ် ပိုမိုဆိုးရွားသည့် သက်ရောက်မှု များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

ထိုအပြင် ပုဂ္ဂိုလ်ရေးရာလွတ်လပ်လုံခြုံပိုင်ခွင့်နှင့် အင်တာနက်နှင့်အခြား ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဖျတ်တောက် နှောင့်ယှက်ခံရခြင်းမရှိဘဲ လွတ်လပ်စွာ ဆက်သွယ်အသုံးပြုနိုင်ရေး စသည့်တို့အပေါ် ထိပါးနိုင်သည့် ၂၀၁၃ခုနှစ် ဆက်သွယ်ရေး ဥပဒေတွင် ပြင်ဆင်သင့်သည့် အခြားပြဌာန်းချက်များကိုလည်း အဆိုပြုသည့်ဥပဒေကြမ်းတွင် ပါဝင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

သို့ပါ၍ ပူးပေါင်းအဖွဲ့၏ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်နှင့် ပြင်ဆင်သင့်သည့် ပုဒ်မများကို အကြံပြုချက်အဖြစ် (ပူးတွဲပါ ဇယားတင် ကြည့်ပါရန်) လွှတ်တော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေအား လူ့အခွင့်အရေးကို အပြည့်အဝကာကွယ်ပေးသည့် ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းနိုင်ရေးအတွက် ပူးပေါင်းအဖွဲ၏ တောင်းဆိုချက် တစ်ရပ်လည်းဖြစ်သည့် အဓိပ္ပါယ်ပြည့်ဝသည့် အများပြည်သူပါဝင်သည့် အကြံပြု ဆွေးနွေးမှုများ လုံလောက်စွာ ခေါ်ယူကျင်းပ ရေးကို တွန်းအားပေးရေး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား လူထုက စာရေးသားတောင်းဆိုမည့် အွန်လိုင်းလှုပ်ရှားမှုတစ်ရပ် ဖြစ်သည့် #OurVoiceOurHluttaw ကို ယနေ့မှစ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရယနေ့အချိန်ထိ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့ အများပြည်သူသိရှိတဲ့ အမှု ၇၃မှုမှာ အမှုအားလုံးက ပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှု ၇ ခုအနက် “အသရေဖျက်မှု” ပြစ်မှုဖြင့်သာ စွတ်စွဲဖမ်းဆီးတရားစွဲခံသည့် အမှုတွေဖြစ်တယ်။ အခုပြင်လိုက်တဲ့ ပုဒ်မ ၆၆(ဃ)ထဲမှာလည်း အသရေဖျက်မှု ဆိုတာကို မပယ်ဖျက်တဲ့အတွက် ဘာမှ အပြောင်းအလဲဖြစ်စရာမရှိပါဘူး။” ဟု ပူးပေါင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကဗျာဆရာ မောင်ဆောင်းခကပြောကြားသည်။

အခြားအဖွဲ့ဝင်တစ်ခုဦးဖြစ်သည့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဒေါ်ဝေဖြိုးမြင့်က “လက်ရှိ ပုဒ်မ (ဃ)နဲ့ တရားစွဲနိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြိုတင်ခွင့်ချက်ပေးတာကို ကြည့်လိုက်တော့ ဆန်းစစ်သုံးသပ်တဲ့ လုပ်ငန်းစဉ်အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေထားရှိခြင်းမရှိရာ လက်ရှိ ဆန်းစစ် သုံးသပ်တဲ့ စံနစ်က လူ့အခွင့်အရေးအပေါ် အလေးထားသည့် စံနစ်မျိုးလို့ ပြောလို့မရဘူး။ ယခုမူကြမ်းပါ ပြင်ဆင်ချက်ကလည်း လူ့အခွင့်ရေးအလေးထားတဲ့ ဆန်းစစ်သုံးသပ်နိုင်တဲ့ နည်းလမ်းနဲ့ မတရားစွဲဆိုမှုများအဖြစ်ပွားအောင် လွတ်လပ်မှန်ကန်စွာ ဆန်းစစ်နိုင်တဲ့ အဖွဲ့အစည်းမျိုးထားရှိရမယ်ဆိုတဲ့ လိုအပ်ချက်တစ်ရပ်ကို လုံးဝမျက်ကွယ်ပြုရာ ရောက်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်သည်။

PEN Myanmar ၏ Program Manager ဖြစ်သူ ဒေါ်ဇာခြည်ဦးကလည်း “ဥပဒေဆိုတာ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့၊ တရားမျှတမှုကို အာမခံချက်ပေးဖို့၊ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာမှာ လိုအပ်သဖြင့် ရေးဆွဲပြဌာန်းခြင်းဖြစ်တယ်။ ဥပဒေရဲ့ အကာအကွယ်ကို ရယူရမယ့် ပြည်သူလူထုရဲ့ အကြံပြုချက်များ၊ ပြည်သူများနဲ့ ထိတွေ့လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများ၏အသံကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါတယ်။” ဟု ပြောကြားသည်။

“ဥပဒေတစ်ခုဆိုတာ တစ်ခါပြင်ပြီးရင် လိုအပ်ချက်ရှိနေလို့ နောက်တစ်ကြိမ်ပြန်ပြင်ဖို့ဆို နှစ်အတန်ကြာအုံးမှာ ဖြစ်တဲ့အတွက် ပြင်တဲ့အချိန်မှာ ပြင်ဆင်စရာရှိတာတွေကို တပါတည်း ပြည့်စုံအောင် ပြင်ဆင်ဖို့ လိုပါတယ်။” ဟု အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဇေယျာလှိုင်ကလည်း ပြောကြားသည်။

အသေးစိတ်သိရှိနိုင်ရန်အတွက် ဆက်သွယ်ရန်

ဒေါ်ဇာခြည်ဦး (PEN Myanmar) – ၀၉၇၉၅၃၈၀၇၄၅
ဒေါ်ဝေဖြိုးမြင့် (MCRB) – ၀၉၇၉၅၃၃၃၈၃၁
မောင်ဆောင်းခ – ၀၉၇၇၃၉၃၇၂၇၃
ဒေါ်ထိုက်ထိုက်အောင် (MIDO)- ၀၉၄၃၀ ၂၅၅၂၉


ဒီဇငဘွာလ (၁၀) ရကသွညွ လူ့အခှင့အွရေးကို လေးစားကာကှယလွိုသော လူသားမှားအတှကွ အရေးပါသောနေ့တနေ့ဖှဈသညွ။ အဘယကွှောင့ဆွိုသောွ ထိုနေ့သညွ “လူ့အခှင့အွရေးသညွ လူသား အားလုံးနှင့ွ သကဆွိုငသွညွ” “မညသွူ့ကိုမှ အကှောငွးတခုခုကှောင့ွ ခှဲခှားဆကဆွံခှငွးမရှိစရေ”ဆိုသော လူ့အခှင့အွရေး၏ အနှဈသာရသဘောတရားကို နိုငငွံအစိုးရတိုငွးနှင့ွ လူသားတိုငွးက လေးစားလိုကနွာရနွ တာဝနရွှိသညဟွု ဖှင့ဆွိုထားသည့ွ အပှညပွှညဆွိုငရွာ လူ့အခှင့အွရေးကှညောစာတမွးကို အတညပွှုပှဌာနွး နိုငခွဲ့သော နေ့ဖှဈသောကှောင့ဖွှဈသညွ။ ထိုအပှညပွှညဆွိုငရွာ လူ့အခှင့အွရေးကှညောစာတမွးကို ၁၉၄၈ ခုနှဈ ဒီဇငဘွာလ (၁၀) ရကနွေ့တှငွ ကုလသမဂအဖဲြ့ဂကှီး အတညပွှုပှဌာနွးနိုငခွဲ့သညွ။ မိမိတို့ မှနမွာနိုငငွံက ထိုကှညောစာတမွးကို ပထမဦးဆုံးထောကခွံသည့နွိုငငွံဖှဈခဲ့ခှငွးသညွ ထိုကှညောစာတမွးပါ လူ့အခှင့အွရေး မှားကို လေးလေးနကနွကွ လေးစားလိုကနွာပါမညဟွု သကသွပှသခေဲ့ခှငွးဖှဈ၏။

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၏ဆောင်ပုဒ်သည် Stand Up for Someone’s Rights Today (တခြားသူအတွက် လူ့အခွင့်အရေး ဒီနေ့ကစ ရပ်တည်ပေး) ဖြစ်ပါသည်။ တချို့လူသားများသည် မိမိတို့ အပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရပါက လူ့အခွင့်အရေးချိုးဖောက်မှုဟု နားလည်ခံစားမိတတ်ကြသည်။ မိမိတို့အခွင့်အရေးများကို ပြန်လည်ရရှိနိုင်ရန်တောင်းဆိုလေ့ရှိသည်။ သို့သော် တခါတရံတွင် မိမိတို့ ပတ်ဝန်းကျင်ရှိ တခြားသူများ၏ အခွင့်အရေးများချိုးဖောက်ခံရပါက သတိမူမိခြင်း မရှိတတ်ကြချေ။ တခြားလူ များ၏ လူ့အခွင့်အရေးချိုးူဖောက်ခံရမှုကို ကိုယ်ချင်းစာတရားဖြင့် စာနာနားလည်ပေးနိုင်မှု မရှိတတ်သူများ ရှိတတ်ကြသည်။ လူ့အခွင့်အရေးဆိုသည်မှာ မိမိနှင့် သက်ဆိုင်ကြောင်း သဘောပေါက်လက်ခံထားကြလေ့ ရှိသော်လည်း မိမိနှင့် ကွဲပြားသော တခြားသူများခံစားနေရသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိနှင့် မဆိုင်ဟု မှတ်ယူထားတတ်ကြလေ့ရှိသူများလည်း ရှိတတ်ကြသည်။
လူသားတို့သည် အသွင်အမျိုးမျိုးကွဲပြားနိုင်သော်လည်း လူသားဆိုသည့်အချက်တွင် တူညီကြပါသည်။ အားလုံးသည် လူသားမျိုးနွယ်များဖြစ်ကြပါသည်။ ထို့ကြောင့် လူသားတဦးတယောက်အပေါ် လူ့အခွင့် အရေးချိုးဖောက်ခြင်းသည် လူသားမျိုးနွယ်တခုလုံး စော်ကားခြင်းပင်ဖြစ်သည်။ လူသားတယောက် အပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေသမျှကာလပတ်လုံး လူသားမျိုးနွယ်တခုလုံးအတွက် လုံခြုံမှု ရှိမည်မဟုတ်ပါ။ လူတယောက်၏ လူ့အခွင့်အရေးကိုလေးစားမခံရခြင်းသည် လူသားတိုင်း၏ ဂုဏ်သိက္ခာကို ထိပါးခြင်းဖြစ်ပါသည်။

ထို့ကြောင့် လူ့အခွင့်အရေးကို အမှန်တကယ်လေးစားသောသူဆိုပါက မိမိအခွင့်အရေးကို ထိမှနာ တတ်သောစိတ်ထားမျိုးနှင့်ရှိယုံဖြင့် လုံလောက်မည်မဟုတ်။ မိမိအပေါ် ချိုးဖောက်မခံရသည့် တိုင်အောင် တခြားသူများရဲ့ အခွင့်အရေးများချိုးဖောက်ခံနေရပါက လူ့အခွင့်အရေးရူထောင့်နှင့် ရူမြင်ပြီး ထိုချိုးဖောက်မှုများကို ပပျောက်အောင် လုပ်ဆောင်လိုသော စိတ်ထားမျိုးလိုအပ်ပါသည်။ သို့မှသာ လူသားမျိုးနွယ်အားလုံးကို လူသားအဖြစ်မြင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို လူသားဆန်ဆန် ဝိုင်းဝန်းတွန်းလှန်ကာကွယ်ပေးသော လူသားများဖြစ်လာမည်ဖြစ်၏။ ထို့ကြောင့် မိမိအခွင့်အရေး ချိုးဖောက်ခံရမှ တိုက်ပွဲဝင်တောင်းဆိုသောသူမျိုးတင်မကဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရ သော တခြားသူအတွက်ပါ ရပ်တည်ပေးသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများဖြစ်ရန်လိုအပ်သည်။
ပြည်သူများကလဲ တခြားသူများအတွက် ရပ်တည်ပေးသောသူများဖြစ်ရန်လိုအပ်သလို ထိုစိတ်ထား များ အားကောင်းလာစေအောင် လုပ်ဆောင်ပေးရန် အစိုးရတွင်လဲ တာဝန်ရှိသည်။

ထို့ကြောင့် အစိုးရအနေဖြင့် အောက်ပါအချက်များကို လုပ်ဆောင်ပေးပါရန် တောင်းဆိုအပ်ပါသည်။

(၁) တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံးရပ်တံ့ပြီး တိုင်းရင်းသား လူမျိုးများအားလုံးနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် အကောင်အထည်ဖော်ရန်၊
(၂) ပြည်သူတိုင်းလုံခြုံမှုရှိသည်ဟု ခံစားနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ လုပ်ဆောင်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသော ပြည်သူများက အားကိုးယုံကြည်ပြီး ခိုင်မာအားကောင်းသည့် လူ့အခွင့်အရေးတိုင်ကြားမှုယန္တယားများကို ထူထောင်ပေးရန်၊
(၃) ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများအပေါ် ထိခိုက်ခြိမ်းခြောက်နေသော ဖိနှိပ်သည့် ဥပဒေများကို ပယ်ဖျက်၊ ပြင်ဆင်ပေးရန်၊
(၄) အမျိုးသမီး၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် ပိုမိုခွဲခြားဆက်ဆံခံနေရသော သူများနှင့် လူနည်းစုများအတွက် အထူးကာကွယ်ပေးသည့် ဥပဒေသစ်များကို ပြဌာန်းပြီး ထိရောက်စွာ အကောင်အထည်ဆောင်ရွက်ရန်၊
(၅) တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအားကောင်းစေရန်အတွက် အကတိလိုက်စားမှုများ၊ မမှန်မကန်ဆုံးဖြတ်ချက် များကို ဖော်ထုတ်အရေးယူပြီး အမှန်တရားအတိုင်း ကျင့်သုံးသည့် တရားစီရင်ရေးစနစ်ကို ထူထောင်ရန်၊
(၆) နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး သဘောတူစာချုပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို အမြန်ဆုံး အတည်ပြုလက်မှတ်ထိုးပြီး နိုင်ငံတကာတွင် လေးစားလိုက်နာပါမည်ဟု ကတိပေးထားသည့် အချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီ(၂၀၁၆ ခုနှစ်)
ဒီဇင်ဘာလ (၁၀) ရက် ၂၀၁၆ ခုနှစ်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသော လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan အား သေစေနိုင်သော စစ်သုံးလက်နက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် CSO Forum ၏ သဘောထားထုတ်ပြန်ချက်

နေ့စွဲ– ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၆ ခုနှစ်

စစ်အာဏာရှင် အစိုးရအဆက်ဆက်ကြောင့် အစပြုကြီးထွားလာသောမူးယစ်ဆေး ဝါးပြဿနာသည် မြန်မာနိုင်ငံရှိ ပြည်သူလူထု တရပ်လုံး၊ အထူးသဖြင့် လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ဆိုးဝါးသော ပြဿနာအခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။

မကြာသေးမီအချိန်က ကမ္ဘာစံချိန်တင်ပမာဏရှိသော မူးယစ်ဆေးဝါးများ အလုံးအရင်းနှင့် ဖမ်းမိခြင်း ကို ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ကြေညာခြင်း၊ ဧကထောင်ပေါင်းများစွာ ကျယ်ပြန့်သောဘိန်း စိုက်ခင်းများ မြန်မာ့မြေပေါ်တွင် ပြောင်ပြောင်တင်းတင်း ပြန့်ပွားလာခြင်းများသည် စစ်အာဏာရှင်စနစ် အမွေခံသူ များနှင့်ဆက်နွယ်သော အုပ်စုများ၏ ပါဝင်ပတ်သက်မှုများကြောင့် နိုင်ငံနှင့်ပြည်သူများ၏ သိက္ခာနှင့် အချုပ်အခြာ အာဏာအပေါ် ဆိုးဝါးစွာထိပါးခြိမ်းခြောက်နေသော အဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်ဟု သုံးသပ်ပါသည်။

ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မှ ဒေသခံလူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan ၏ တရားမဝင်ဘိန်းစိုက်ခင်းများ ရှင်းလင်းရန် အကြမ်းမဖက်လှုပ်ရှားမှုသည် လူသားထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော မူးယစ်ဆေးဝါးပြဿနာအပေါ် အစိုးရ၏ တာဝန်မဲ့မှုကို တာဝန်စိတ်ဖြင့် ဖြည့်ဆည်း ဖြေရှင်းသည့် မွန်မြတ်သော အစီအစဉ်တခုဖြစ်သည့်အတွက် Pat Jasan အပါအဝင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကြိုဆိုထောက်ခံပါသည်။

Pat Jasan လှုပ်ရှားမှုအဖွဲပဝင်များအား၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က ကချင်ပြည်နယ်၊ ကန်ပိုင်ထီးဒေသ၊ စင်ကြိုင်ရွာအဝင်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များက စစ်လက်နက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူလေးဆယ်ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအကြမ်း ဖက် တိုက်ခိုက်မှုအပေါ် CSO Forum က ပြင်းထန်စွာရူတ်ချပါသည်။

ယခု အကြမ်းဖက်တိုက်ခိုက်ခံရသော ဒေသသည် ပြည်နယ်အစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နယ်ခြားစောင့် တပ်၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိပြီး ပြည်သူရဲများ၏ ရှေ့တွင်ပင် အကြမ်းဖက် တိုက်ခိုက်ခံရခြင်းဖြစ်သောကြောင့် ယခု တိုက်ခိုက်မှုကို ကျုးလွန်သူများနှင့် ကျုးလွန်ရန်အားပေး စီစဉ်ဆောင်ရွက်သူများကို အမြန်ဆုံးစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားရန် တောင်းဆိုသည်။ ထို့ပြင် ထိုအကြမ်းဖက် တိုက်ခိုက်ခံရသူများ၏ ကျန်းမာရေးနှင့် လူမှုရေး၊ လုံခြုံရေး ဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူပေးရန် တောင်းဆိုသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် Pat Jasan အဖွဲ့ဝင်များနှင့် ၎င်းတို့အား ကြိုဆို ထောက်ခံပံ့ပိုးသူများနှင့်တကွ ယခု အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများ၏ လုံခြုံရေးကိုလဲ တာဝန်ယူပေးရန် တောင်းဆိုသည်။

Pat Jasan ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ လူထုခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုကို ထိခိုက်စေသော လုပ်ရပ်များ/လုပ်ဆောင်မှုများ ကိုအလေးထားရှောင်ရှား၍ ဗျုဟာမြောက် ခေါင်းဆောင်မှုများဖြင့် ပံ့ပိုးလုပ်ဆောင်ပေးရန် အလေးအနက်အကြံပြု တိုက်တွန်းပါသည်။

နိုင်ငံတော်အစိုးရအသစ် အနေဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ မူးယစ်ဆေးဝါး အမျိုးမျိုး ထုတ်လုပ်၊ ဖြန့်ချီ၊ ရောင်းချ၊ သုံးစွဲမှု ပြသနာများကို ဦးစားပေး ဖြေရှင်း၍ တရားဥပဒေ စိုးမိုးရေးလွှမ်းမိုးစေပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရာတွင် မြန်မာ့ တပ်မတော်၊ ပြည်သူရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ တရားရေးမဏ္ဍိုင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ဖြောင့်မတ်စွာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်။

ဆက်သွယ်ရန်

ဦးအောင်မျိုးမင်း – ၀၉ ၄၄၈၀၁၅၃၀၆ – myominburma@gmail.com

ဒေါ်သိန္နီဦး – ၀၉ ၂၆၁၂၀၇၂၆၁ – theinnyoo@gmail.com

ဒေါ်ခွန်ဂျာ – ၀၉ ၄၂၅၂၈၈၈၉ ၉ – khonja2014@gmail.com

(၆) ရက်၊ နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်

“အစိုးရအနေဖြင့် လူ့အခွင့်အရေးပြဿနာ အခြေအနေမှန်ကိုလက်ခံ၍ ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှုများပြုလုပ်ကာ ရှေ့သို့လှမ်းချီရမည့် အချိန်ရောက်ပြီ”

မြန်မာယူပီအာဖိုရမ်

ယနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့က ပြန်လည်ဆန်းစစ်မှု များပြုလုပ်ခဲ့သည်။ မြန်မာအစိုးရကိုယ်စားလှယ် များ၏ အစီရင်ခံစာထဲတွင် ယခင်ကပေးထားခဲ့သော ကတိကဝတ်များကို အစိုးရအနေနှင့် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သော ဆောင်ရွက်ချက်များအကြောင်းကို အသေးစိတ်စီကုံးဖော်ပြထားသော်လည်း ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စိန်ခေါ်မှုများစွာအကြောင်း ထည့်သွင်းဖော်ပြချက်ကို မတွေ့ရပေ။

စာမျက်နာ(၂၂) မျက်နှာရှိ အစိုးရအစီရင်ခံစာတွင် လက်ရှိအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် များအကြောင်းကို အကျယ်တဝင့်ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်များတွင် မြန်မာယူပီအာဖိုရမ် အပါအဝင် အခြားအဖွဲ့အစည်း များစွာ၏ အစီရင်ခံစာများတွင်ပါရှိသည့် လူ့အခွင့်အရေး အခြေအနေစိုးရိမ်ပူပန်မှုများအပေါ်ထင်ဟပ်သည့် ဖော်ပြချက်များ အလွန်နည်းပါးခဲ့ကြောင်းတွေ့ရ၏။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံအစိုးရသည် ယခင်စစ်အုပ်ချုပ်ရေး ကာလများနည်းတူ ဆိုးဝါးသော လူ့အခွင့်အရေးအခြေအနေမှန်များကို အသိအမှတ်ပြုလက်ခံလိုစိတ် မရှိကြောင်း ဖော်ပြနေသည်။

တရားရေးစနစ် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများနှင့် ပြည်ထောင်စုတရား စီရင်ရေး ဥပဒေအား ရည်ညွှန်းချက်များအပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ ဆောင်ရွက်ချက်များကို ကိုးကား ဖော်ပြထားကာ တရားရေးစနစ် အမှီအခိုကင်းအောင်ကြိုးပမ်းထားကြောင်း အစိုးရအစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တရားရေးအာဏာပိုင်များ၏ ဆုံးဖြတ်ခွင့်အာဏာကို အုပ်ချုပ်ရေးမှ ဝင်ရောက်စွက်ဖက်သော သာဓကများစွာရှိနေသည်။

ညီမျှခြင်း မြန်မာ၏ ညွန်ကြားရေးမှူးဖြစ်သူ ဦးအောင်မျိုးမင်းက ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေရှိနေတာ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ တွေအပေါ် မမျှတဲ့ ပြစ်ဒဏ်ချမှတ်တာ၊ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ နိုင်ငံတော်အဆင့် ရှေ့နေကောင်စီမရှိတာ၊ ကျူးလွန်တဲ့ တပ်မတော် သားများအပါအဝင် လုံခြုံရေးဝန်ထမ်းတွေအပေါ့် အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်နေတာတွေက မြန်မာနိုင်ငံတရား ရေးစနစ်ကို အခုအချိန်ထိ စိန်ခေါ်နေဆဲပါ” ဟု ဆိုပါသည်။

အစိုးရအစီရင်ခံစာတွင် ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်မှစ၍ အစီရင်ခံစာတင်သွင်းချိန် အထိ ဥပဒေပေါင်း (၁၇၁) ကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ ပြုလုပ်နိုင် ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ပြထားသည်။ သို့သော် ၁၈၆၁ ခုနှစ် ရာဇသတ်ကြီးဥပဒေ၊ ၁၉၀၈ ခုနှစ် တရားမဝင်အသင်းဥပဒေ တို့အပြင် အသစ်ပြဋ္ဌာန်းထားသော မီဒီယာဥပဒေများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာစီတန်း လှည့်လည်ခွင့်ဥပဒေ၊ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့များ အားကောင်း လာခြင်းကို တွေ့နေရသည်။ “ဒီလိုအခြေအနေမျိုးတွေဟာ အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်နှင့် အမျိုးသမီးများ၏ လူ့အခွင့်အရေးတို့အပေါ် ခြိမ်းခြောက်နေတဲ့ အခြေခံ အကြောင်းတရားတွေ ဘဲဖြစ်ပါတယ်” ဟု Smile Education and Development Foundation ဒါရိုက်တာ ဦးမျိုးဝင်းက ဆိုပါသည်။

ယခုအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ခိုင်မာမှုမရှိခြင်း၊ ဌာနေတိုင်းရင်းသားများနှင့် လူနည်းစုများ၏ အခွင့်အရေးကို အသိအမှတ်ပြုမှုမရှိခြင်း တို့သည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားတန်းတူရေးရရှိနိုင်ခွင့် အလားအလာကို အထူးမှေးမှိန်စေသည်။

“အစိုးရအစီရင်ခံစာထဲမှာ ဌာနေတိုင်းရင်းသားအခွင့်အရေး တွေနဲ့ ပတ်သက်၍ တလုံးမှ မဖော်ပြထားပါဘူး။ တိုင်းရင်းသား တွေအတွက် ပိုစိုးရိမ်စရာကောင်းတာ က အစိုးရအစီရင်ခံစာထဲမှာ အမွှန်းတင်ထားသလို အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး မြင်သာတဲ့ အကောင်အထည်ဖော်မှုတွေ ရှိနေပေမဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေကို လက်မှတ်မထိုးခင် အချိန်ကလိုဘဲ ပြင်းထန်တဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟု ဌာနေတိုင်းရင်းသားများညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ် Mr. Lian Bawi Thang က ဆိုပါသည်။

လက်ရှိအစိုးရလက်ထက်ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ပြည်တွင်း ဒုက္ခသည်များ ရှိခဲ့ပြီး မကြာမီက ပြန်လည်တိုးမြင့်လာသော အစိုးရတပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) တိုက်ပွဲများကြောင့် အသစ် ထပ်မံထွက်ပြေးတိမ်းရှောင်နေသော ဒေသခံ ပြည်သူပေါင်း ၆၀၀၀ ကျော်ရှိနေသည်။ ဤအခြေအနေသည် အစိုးရနှင့် တပ်မတော်၏ စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်ထားရှိသော တာဝန်ယူမှုနှင့်ရိုးသားမှုအပေါ် များစွာစိုးရိမ်မှုများ ဖြစ်စေသည်။

မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲကျင်းပရန်(၂)ရက်သာ လိုတော့သည့်အချိန်တွင် ရွေးကောက်ပွဲ နှင့်စပ်လျှင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့် ပါတီစည်းရုံးရေး စေတနာ့ဝန်ထမ်းများအား အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသော မွတ်စလင်ဘာသာဝင်များအား ယှဉ်ပြိုင်ခြင်းမပြုနိုင်ရန် စနစ်တကျကန့်သတ်ထားခြင်း၊ ပြည်ပရောက် မဲပေးခွင့်ရှိသူများနှင့် ပြည်တွင်းရှိ မဲပေးခွင့်ရှိသူများ အထူးသဖြင့် ဘာသာရေးလူနည်းစုများနှင့် တိုင်းရင်းသားလူနည်းစု သန်းပေါင်းများစွာ မဲပေးခွင့်ဆုံးရှုံးခြင်း တို့ဖြစ်ခဲ့သည်။ သို့သော် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းအခြေအနေများအပေါ် ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

အနှစ်ချုပ်ဆိုရသော် ပြုပြင်ပြောင်းလဲရေးအပေါ် အမွှန်းတင်မှုများစွာရှိနေသော်လည်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လက်ရှိအစိုးရအာဏာသက်တမ်း နောက်ဆုံးနေ့များအထိ ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရ သည်။ လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးအခြေအနေအား အစိုးရမှအသိအမှတ်ပြုလိုသည့်ဆန္ဒမရှိပဲ ပြဿနာများ ရှိနေသည်ကို ယနေ့အချိန်အထိ ဆက်လက်ငြင်းဆန်နေသည့်အပေါ် မိမိတို့မြန်မာယူပီအာဖိုရမ် အနေဖြင့် အလွန်စိုးရိမ်မိပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အောက်ခြေတွင်ဖြစ်ပေါ်နေသော လူ့အခွင့် အရေးပကတိအခြေအနေမှန်ကို အသိအမှတ်ပြုလက်ခံ၍ လူ့အခွင့်အရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် စစ်မှန်သော ကြိုးပမ်းမှုများပြုလုပ်ခြင်းဖြင့် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတစ်ခု လျှောက်လှမ်းရန် မြန်မာယူပီအာဖိုရမ်မှ တိုက်တွန်းတောင်းဆိုပါသည်။

အသေးစိတ်သိရှိလိုပါက –

ဦးအောင်မျိုးမင်း – Equality Myanmar (+41 76771 3553) myominburma@gmail.com (Switzerland)

ဦးမျိုးဝင်း – Smile Education and Development Foundation (+41 76293 7607) (Switzerland)

Lian Bawi Thang, Coalition of Indigenous Peoples in Myanmar/Burma (+41 78694 3857) (Switzerland)

ဂျိုးဇက်ဝါး, Equality Myanmar 95 9 799 040344) joseph@equalitymyanmar.org (Myanmar)

ဒေါ်ခင်ဥမ္မာ, Burma Partnership (+66 81 884 0772) khinohmar@burmapartnershop.org (Thailand)

(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ ရက်)

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအလွန် ၁၉၉၀ ပြည်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်ကို တစ်ဖက်သက်မျက်ကွယ်ပြုခဲ့ပြီးနောက် (၂၅)နှစ်အကြာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုက်အခံနိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်မည့် ပါတီစုံအထွေထွေရေးကောက်ပါပွဲ ကိုကျင်းပတော့မည်ဖြစ်ပါသည်။

ပြည့်အစုံကိုရယူနိုင်ရန်

မြန်မာUPRဖိုရမ်နှင့်

(ဂျနီဗာ – ၈ ရက် အောက်တိုဘာ ၂၀၁၅) မြန်မာUPRဖိုရမ် အဖွဲ့ဝင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် အခြား မိတ်ဖက်အဖွဲ့အစည်း စုစုပေါင်း (၁၄) ဖွဲ့သည် ၂၀၁၁ ခုနှစ် ပထမအကြိမ် အပြည်အပြည်ဆိုင်ရာလူ့အခွင့်အရေး အခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) တွင် ပေးထားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကတိပြုချက်များကို အကောင်အထည်ဖော်ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် UPR Info မှ ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် သံတမန်များနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများ၏အသံသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိသည့် စစ်မှန်သောဒီမိုကရေစီသို့ တွန်းပို့ရာတွင် အလွန်အရေးကြီးသောကြောင့် ယခုနှစ် UPR တွင် ဒေသခံပြည်သူများ၏အသံများကို ထင်ဟပ်ပေးနိုင်သော အကြံပြုချက်များ မြန်မာအစိုးရထံပေးရန် တောင်းဆို ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နိုင်ဝင်ဘာလ (၆) ရက်နေ့၌ ဂျနီဗာတွင် ပြုလုပ်မည့် (၂၃) ကြိမ်မြောက် ကုလသမဂ္ဂအလုပ်အဖွဲ့ အစည်းအဝေးတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ထားမှုအခြေအနေကို အဖွဲ့ဝင်နိုင်ငံများက ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဤဒုတိယအကြိမ်မြောက် မြန်မာ UPR တွင် သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ထမ်းဆောင်လာခဲ့သော ၂၀၁၁ ခုနှစ်မှစ၍ လူ့အခွင့်အရေးအခြေအနေများ အားလုံး ပါဝင်မည်ဖြစ်သည်။

“၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က ပြည်သူလူထုရဲ့ဘဝတွေမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာပေးတယ်ဆိုတဲ့ထင်မြင်ချက်ဟာ တိကျမှုမရှိပါဘူး။ တိုင်းပြည်စီးပွားရေး စတင်ပြောင်းလဲ လာချိန်မှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်နဲ့စီးပွားရေးသမားတွေက ကျူးလွန်နေတဲ့ မြေယာသိမ်းဆည်းမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ စတဲ့ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်ဖက်က ပြန်ပြီးပေးဆပ်လိုက်ရတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရကို မှန်ကန်တဲ့ အကြံပြုချက်တွေပေးနိုင် အောင် သံတမန်တွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေကို ပြည်သူတွေရဲ့ နေ့စဉ်ဘဝ ပကတိအခြေအနေမှန်တွေကို အသိပေးဖို့လိုအပ်ပါတယ်” ဟု ညီမျှခြင်းမြန်မာ အဖွဲ့၏ ညွှန်ကြားရေးမှူး၊ မြန်မာUPRဖိုရမ် တွဲဖက်ဦးဆောင်သူ ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာအစိုးရသည် အဓိကကျသော နိုင်ငံတကာလူအခွင့်အရေးစာချုပ်များကို တရားဝင်အတည်ပြုပါမည်ဟု ယခင် UPR တွင် သဘောတူခဲ့သော်လည်း ၂၀၁၁ ခုနှစ်မှ၍ အားလုံးကို တရားဝင်အတည်ပြုရန် ပျက်ကွက်ခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများကြောင့် နိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်သည့် ကျူးလွန်မှုများ စနစ်တကျနှင့် စဉ်ဆက်မပျက် ဆက်လက်ဖြစ်ပေါ်နေသည်။ အစိုးရသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော ပြည်တွင်းဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် လွတ်လပ်စွာစုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် သင်းပင်းဖွဲ့စည်းခွင့်များကဲ့သို့ အခြေခံလူ့အခွင့်အရေးများဆုံးရှုံးနေရပြီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများမှာလည်း ဆက်လက်အကျဉ်းကျခံနေရခြင်းကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနေလျက်ရှိသည်။ ထို့ပြင် ဘာသာရေးလူနည်းစုများကို ခွဲခြားဆက်ဆံမှုပြုထားသော မကြာသေးမီက အတည်ပြုခဲ့သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဥပဒေများသည် ကာကွယ်မှုနည်းနေပြီးသားဖြစ်သော မွတ်ဆလင်လူထုအသိုင်းအဝိုင်းကို ထပ်မံကန့်သတ်ခွဲခြားရာ ရောက်ပါသည်။

ထို့ပြင် စစ်တပ်၏ နိုင်ငံရေးအာဏာကို အမြတ်တွယ်နေစေသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပျက်ကွက်ခြင်းသည် တိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို ငြင်းပယ်ထားခြင်း ပင်ဖြစ်ပြီး လူ့အခွင့်အရေးအခြေအနေ တိုးတက်လာရေးအတွက် အဓိကကျသော အတားအဆီးတစ်ခုဖြစ်သည်။ သမ္မတဦးသိန်းစိန် တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာ့တပ်မတော်၏ တိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသား များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ပြည်တွင်းအိုးအိမ် စွန့်ခွာထွက်ပြေးသူပေါင်း (၁၄၀ဝဝဝ) ကျော် ထပ်တိုးလာခဲ့ပြီး ထိုင်း-မြန်မာ နယ်စစ်တစ်လျောက်တွင်လည်း ဒုက္ခသည်ပြည်သူပေါင်း (၁၁၀ဝဝဝ) ခန့် ဆက်လက် နေထိုင်လာခဲ့သည်မျာ နှစ်ပေါင်း (၃၀) နီးပါး ရှိပြီဖြစ်သည်။

အပြစ်ပေးအရေးယူခံရခြင်းမှကင်းလွတ်ခွင့်အပြည့်အဝဖြင့် တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်မှ စနစ်တကျ နှင့်ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုင်ရင်းသားအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ် ဆက်လက်အသုံးပြုနေခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု ကျူးလွန်ရာမြောက်ပါသည်။ ထို့ပြင် တိုင်းပြည်တွင်း စီးပွားရေးအခွင့် အလမ်းများပွင့်လာသည်နှင့် တစ်ချိန်ထဲတွင် မြေယာသိမ်းဆည်းမှုများနှင့် လယ်ယာမြေနှင့်စပ်လျဉ်းသော အခွင့်အရေး ချိုးဖောက်မှုများမှာ ပိုမိုဆိုးရွားလာနေလျက်ရှိပြီး ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားများ၏ဒေသများတွင် ပိုမိုချိန်းခြောက်လာနေလျက်ရှိသည်။

“၂၀၁၁ ခုနှစ်ကတည်းက နောက်ကြောင်းပြန် ဆိုးရွားလာတဲ့လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် အများကပြောနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာရဲ့ တကယ့်အနှစ်သာရကို မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိလာသလားဆိုတာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြလို့ အကျဉ်းချခံခဲ့ရတဲ့ကျောင်းသားတွေ၊ ကိုယ့်မြေကိုကာကွယ်ရင်းအဖမ်းခံခဲ့ရတဲ့ ရာနဲ့ချီတဲ့လယ်သမားတွေ၊ တိုင်းရင်းသား ဒေသတွေက သိန်းနဲ့ချီတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ၊ ဒါမှမဟုတ် အစိုးရကျောထောက်နောက်ခံပြုထားတဲ့ ခွဲခြားဆံဆက်မှုတွေနဲ့အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ ဘာသာရေးလူနည်းစုတွေ၊ သူတို့တွေကိုမေးကြည့်ပါ” ဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ တာဝန်ခံ၊ မြန်မာUPRဖိုရမ် ပူးတွဲဦးဆောင်သူ ခင်ဥမ္မာ မှပြောသည်။

လူ့အခွင့်အရေးကာကွယ်ခြင်းနှင့် တရားရေးအရပြန်လည်ကုစားပေးခြင်း ဖော်ဆောင်ပေးရန် ထိရောက်မှုနှင့် လွတ်လပ် အမှီအခိုကင်းသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်မရှိသည့် နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာရှိ သက်ဆိုင်သူများကို အောက်ခြေရှိလူ့အခွင့်အရေးအခြေအနေများအား တိကျစွာတင်ပြနိုင်ရန် UPR ဖိုရမ်သည် အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် UPR ဖြစ်စဉ်တစ်လျောက် တိကျသောဖြေရှင်းနည်းများကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

“ဒေသခံတွေရဲ့ လိုအပ်ချက်တွေ စိုးရိမ်မှုတွေ UPR မှာ ထဲထဲဝင်ဝင်ရောက်သွားပြီး အစိုးရကိုဝိုင်းပေးတဲ့ အကြံပြုချက် တွေထဲထိ ပါသွားအောင် အောင်လုပ်ဖို့လိုပါတယ်။ ဒီလိုဖြစ်လာဖို့ လူ့အခွင့်အရေးကာကွယ်သူ တွေနဲ့သံတမန်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ အင်မတန်အရေးကြီးတဲ့အတွက် UPR အကြိုဆွေးနွေးပွဲတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ရော ဂျနီဗာမှာပါပြုလုပ်နိုင်ဖို့ UPR Info က စီစဉ်ပေးပါတယ်။ UPR မှာ မြန်မာနိုင်ငံအပေါ် ပြန်လည်သုံးသပ်မှုတွေကို ရွေးကောက်ပွဲရက် မတိုင်ခင် (၂) ရက်အလိုမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် အကြံပြုချက်တွေဟာ နောက်တက်လာမယ့် အစိုးရရဲ့ လူ့အခွင့်အရေးအစီအစဉ်တွေအပေါ် လွမ်းမိုမှုရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု UPR Info ရဲ့ အာရှဒေသကိုယ်စားလှယ် အမ်မလီပရာဒစ်ချစ် မှပြောသည်။

မြန်မာUPRဖိုရမ် တွင်လူ့အခွင့်အရေးအတွက်ပါဝင်လုပ်ဆောင်နေသော မြန်မာအဖွဲ့အစည်းပေါင်း (၃၅) ဖွဲ့ ကျော် ပါဝင်ပြီး ညီမျှခြင်းမြန်မာ နှင့် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့တို့က ကမကထပြုဦးဆောင် ဖွဲ့စည်းခဲ့သည်။ မြန်မာUPRဖိုရမ် အဖွဲ့ဝင်များထဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အမျိုးသမီးခေါင်းဆောင်များ၊ လူယ်များ၊ ဌာနေတိုင်းရင်းသားများနှင့် လိင်စိတ်ကွဲပြားမှုအပေါ်အခြေခံသောလူနည်းစုများ စသည်တို့ဖြင့်ဖွဲ့စည်းထားသော အရပ်ဘက်လူထုအဖွဲ့အစည်းများ ပါဝင်သည်။ မြန်မာUPRဖိုရမ် တွင် “လူ့အခွင့်အရေးသည်အားလုံးအတွက်ဖြစ်သည်” ဟူသောမူကို စွဲကိုင်ထားပြီး ခေါင်းဆောင်များက မျိုးဆက်သစ်များအတွက် လမ်းဖယ်ပေးခြင်း၊ အမျိုးသမီးများအား မြှင့်တင်ပေးခြင်း၊ လူနည်းစုများ၏အသံကို တန်းတူထည့်သွင်းပေးခြင်းဖြင့် အများပါဝင်မှု၊ မတူကွဲပြားမှုနှင့် တန်းတူညီမျှမှုရှိသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရေး မျှော်မှန်းချက်အပေါ် ထင်ဟပ်စေသည်။

“LGBTI လူထုအနေနဲ့ အခွင့်ထူးတွေ တောင်းဆိုနေတာမဟုတ်ပါဘူး။ တန်းတူအခွင့်အရေးကို တောင်းနေတာပါ။ ကျွတော်တို့အနေနဲ့ ပုဒ်မ ၃၇၇ အောက်မှာ တရားခံတွေအနေနဲ့ အရေးယူခံရတာတွေကို မလိုချင်တော့ပါဘူး။ ကျွန်တော်တို့ဘက်ကရပ်တည်ပေးပြီး LGBTI လူထုအနေနဲ့ အများပါဝင်မှုနဲ့တန်းတူညီမှုရှိတဲ့တိုင်းပြည် လိုချင်တယ် ဆိုတာကို မြန်မာလူထုအသိုင်းအဝိုင်းမြင်လာအောင် ပြသပေးမယ့် မြန်မာUPRဖိုရမ် ကညီအကိုမောင်နှမတွေ၊ မိတ်ဆွေတွေ ကျွန်တော်တို့ဆီမှာရှိထားပါပြီ။ သူတို့ဆီကထောက်ခံမှုတွေ အများကြီးရှိတာဟာ ပကတိဖြစ်တည်မှုနဲ့ တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် တောင်းဆိုနေတဲ့ ကျွန်တော်တို့ရဲ့တိုက်ပွဲကို စစ်မှန်မှုရှိကြောင်း သက်သေပြုပေးပြီး လူ့အသိုင်းအဝိုင်းက လက်ခံလိုက်နာပေးလာအောင် ကြိုးစားရာမှာ အထောက်အကူဖြစ်စေပါတယ်” ဟု Colors Rainbow အဖွဲ့၏ ဦးဆောင်သူ ကိုလှမြတ်က ပြောသည်။

ဆက်သွယ်ရန်

အောင်မျိုးမင်း (အင်္ဂလိပ်၊ မြန်မာ) အီးမေးလ် – myominburma@gmail.com ဖုန်း – +41 (0)1767713553 (ဂျနီဗာ)
ခင်ဥမ္မာ (အင်္ဂလိပ်၊ မြန်မာ) အီးမေးလ် – khinohmar@burmapartnership.org ဖုန်း +41 (0)767713551 (ဂျနီဗာ)

————————————————————-
“Information on the Status of the Human Rights Situation in Myanmar” စာတမ်းတွင် အကြောင်းအရာအချက်အလက်အကျဉ်းချုပ် (၁၆) ခုပါဝင်ပြီး တစ်ခုစီတိုင်းတွင် ဒုတိယအကြိမ် UPR သို့ မြန်မာ UPR ဖိုရမ်က တင်သွင်းခဲ့သော အစီရင်ခံစာပါ အချက်အလက်များကို သက်ဆိုင်ရာအကြောင်းအရာအလိုက် အကျဉ်းချုပ်ဖော်ပြထားပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအကြောင်းအရာများကို မီးမောင်းထိုး ဖော်ပြထားသည်။ မြန်မာ UPR ဖိုရမ်မှ ရေးသားထားသော အချက်အလက်အကျဉ်းချုပ်ကို အောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။ http://www.upr-info.org/sites/default/files/document/myanmar/session_23_-november_2015/upr_advocacy_factsheets-_myanmar2015.pdf

ပထမအကြိမ် UPR တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်လူထုအဖွဲ့အစည်းများသည် Burma UPR Forum အမည်ဖြင့် Stakeholder အစီရင်ခံစာကို တင်သွင်းခဲ့ကြသည်။ ပထမအကြိမ် UPR သို့ Burma UPR Forum မှတင်သွင်းခဲ့သော အစီရင်ခံစာကို အောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
http://lib.ohchr.org/HRBodies/UPR/Documents/Session10/MM/JS3_JointSubmission3_eng.pdf

သြဂုတ်လ (၂) ရက် ၂၀၁၅ ခုနှစ်

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း (၁၁) ခုတွင် လက်ရှိ ရေကြီးရေလျှံမှုများ ကြုံတွေ့နေပြီး ပြည်သူပေါင်းများစွာ ရေဘေးဒုက္ခများရင်ဆိုင်နေရလျက်ရှိသည်။ လွန်ခဲ့သော သတ္တပတ်နှစ်ပတ်က စတင်ခဲ့သော ရေဘေးဒဏ် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့ရှိ ပြည်သူ လူထုသိန်းနှင့်ချီ၍ ဒုက္ခရောက်ခဲ့ရပြီး အရေးပေါ်အကူအညီများ လိုနေလျက်ရှိသည်။ ရေဘေးဒဏ်ကြောင့် ဒါဇင်နှင့် ချီသောလူများ သေဆုံးပျောက်ဆုံးခဲ့ပြီး မြေယာဧက ရှစ်သိန်းကျော် ထိခိုက်ပျက်စီးနေကြောင်း သတင်းများရရှိသည်။

ထိုသို့သောအရေးပေါ်အခြေအနေများဖြစ်ပွားနေလျက်ရှိသော်လည်း အစိုးရအနေဖြင့် ရေဘေးအန္တရာယ် အကြောင်း အချိန်မီသတင်းထုတ်ပြန်ချက်အားနည်းခဲ့သလို အချိန်မှီကြိုတင်ကာကွယ်နိုင် သော စီမံမှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နှောင့်နှေးခဲ့သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်များကို လွန်ခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့ သဘာဝဘေးအန္တရာယ်ကျရောက်နေသော နေရာ များအဖြစ် ကြေညာခဲ့သော်လည်း ထိုသို့ကြေညာမှုသည် အလွန်တရာနှောင့်နှေးသည့် လုပ်ဆောင်မှုဖြစ်သည်။ အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက် နေ့တွင် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ကို ပြဌာန်းခဲ့ သော်လည်း အမှန်တကယ်လျင်မြန်ထိရောက်သော လုပ်ဆောင်မှုများကို လက်တွေ့တွင်မလုပ်ဆောင်နိုင်ခဲ့ချေ။

ထို့ပြင် လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ရေဘေးဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး အစီအမံ များ အားနည်းနေခြင်းသည် အစိုးရတရပ်အနေဖြင့် တာဝန်ရှိသည့် ပြည်သူလူထုအပေါ် အရေးပေါ်အခြေအနေ အတွင်း ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားချက်များအားနည်းနေကြောင်း တွေ့မြင်နေရသည်။ ရလာဒ်အနေဖြင့် ရေဘေးသင့်ပြည်သူများ သိန်းနှင့်ချီ၍ အကူအညီများလိုအပ်နေသည့်အပေါ် အရပ်ဖက်လူထုအဖွဲ့အစည်းများ ဖိုရမ်နှင့် အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်။

ထို့ကြောင့် အစိုးရအနေဖြင့်

ရေဘေးဒဏ်ခံနေရပြီး အထူးစိုးရိမ်နေရသော နေရာဒေသများသို့ လိုအပ်လျက်ရှိသော အကူအညီများ ကို ခွဲခြားမှုမရှိဘဲ အလျင်အမြန် ရောက်ရှိရေး လုပ်ဆောင်ရန်၊

သဘာဝဘေးဒဏ်နှင့် လူသားချင်းစာနာသော အကူအညီအထောက်အပံ့များလိုအပ်နေသည့် မြန်မာ နိုင်ငံသားများအတွက် ကူညီမှုများကို နိုင်ငံတော်ဘတ်ဂျက်များမှ ပွင့်လင်းမြင်သာစွာ စနစ်တကျ သုံးစွဲပြီး နိုင်ငံရေးအကျိုးအမြတ် အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ရန်၊

အရေးပေါ်နှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံ တကာအဖွဲ့အစည်းများ၏ ကူညီမှုများ တောင်းခံ ရန် နှင့် ကန့်သတ်ချုပ်ချယ်မှုများမရှိဘဲ လုပ်ဆောင်ခွင့်များပြုရန်၊

ရေဘေးအတွက် လှူဒါန်းသည့်အကူအညီများအပေါ် အခွန်အကောက် ကောက်ခံခြင်း ကန့်သတ်ခြင်း များအား အမြန်ဆုံးရပ်တန့်ရန်၊

ရေဘေးဒဏ်ခံရသောပြည်သူများအား ကူညီနေကြသော စေတနာ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို ဟန့်တားနှောက်ယှက်ခြင်းမပြုဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များ ကို အသိအမှတ်ပြု ခွင့်ပြုပြီး စနစ်တကျဖြစ်စေရန်အတွက် လက်တွဲလုပ်ဆောင်သွားရန်အတွက် အလေးအနက်တိုက်တွန်းလိုက်ပါသည်။

အသေးစိတ်သိရှိလိုပါက ဦးအောင်မျိုးမင်း၊ Myanmar CSO Forum (၀၉ ၄၄၈၀၁၅၃၀၆) နှင့် မသိန္နီဦး ရေဘေးအန္တရာယ် တုန့်ပြန် ညှိနှိုင်းရေးအဖွဲ့ (၀၉၂၆၁၂၀၇၂၆၁) ထံ ဆက်သွယ်နိုင်ပါသည်။

နေ့စွဲ ဇူလိုင် ၂၂ ရက် ၂၀၁၅ ခုနှစ်

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးပညာပေးသူများ စုစည်းညီညွတ်စွာဖြင့် လူ့အခွင့်အရေးပညာပေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ လုပ်ဆောင်သွားနိုင်ရန်နှင့် အစိုးရအနေဖြင့် ကျောင်းသင်ခန်းစာများမှတဆင့် လူ့အခွင့် အရေးသင်ကြားမှုများ လုပ်ဆောင်လာအောင် လှုံ့ဆော်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော “လူ့အခွင့်အရေးပညာပေးသူများကွန်ယက် – Human Rights Educators’ Network (HREN)”ကို ဇူလိုင်လ (၁၆) ၇က်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ထိုကွန်ယက်ကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အဖွဲ့ပေါင်း (၄၅) ဖွဲ့မှ လူ့အခွင့်အရေးပညာပေးမှုလုပ်ဆောင်နေ သည့် ပညာပေးသူ (၇၀) ကျော်တက်ရောက်ပါဝင်ဆွေးနွေးခဲ့သော လူ့အခွင့်အရေးပညာပေး ဖိုရမ်အပြီးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ညီမျှခြင်းမြန်မာ (Equality Myanmar) က ကြီးမှူးကျင်းပ၍ နှစ်ရက်တာကျင်းပ ခဲ့သော ဖိုရမ်အတွင်း မြန်မာနိုင်ငံအတွင်း နေရာဒေသအသီးသီး၌ လူ့အခွင့်အရေးကို နည်းမျိုးစုံဖြင့် ပညာပေး နေကြသောသူများ၏ အခြေအနေများ၊ စိမ်ခေါ်မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လူ့အခွင့်အရေး ပညာပေးသူများအကြား အရည်အချင်းတိုးတက်အောင်လုပ်ဆောင်နိုင်ရန်၊ ပိုမို ပူးပေါင်းချိတ်ဆက်မှုရှိသော ယန္တယားကို ထူထောင်ပြီး လုပ်ငန်းများကို ဆက်စပ်လုပ်ဆောင်ရန်၊ လူ့အခွင့် အရေးပညာပေးမှုကို အစိုးရ ထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် စည်းရုံးလံ့ှုဆော်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုဖိုရမ်၏ ရလာဒ်အနေဖြင့် ဖွဲ့စည်းလိုက်သော လူ့အခွင့်အရေးပညာပေးသူများကွန်ယက်သည် “လူ့အခွင့် အရေးပညာပေးခြင်းအား သင်ရိုးညွန်းတမ်းဖြင့် သင်ကြားခြင်းအပါအဝင် အခြားနည်းလမ်းမျိုးစုံဖြင့် အစိုးရနှင့် လူမှုအဖွဲ့အစည်းများက စနစ်တကျလုပ်ဆောင်နိုင်ပြီး ပြည်သူလူထုတိုင်းက လူ့အခွင့်အရေးယဉ်ကျေးမှုကို သိရှိနားလည်ပြီး လေးစားလိုက်နာကျင့်သုံးသည့် လူမှုအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးရန်” မျှော်မှန်းပါသည်။

ကွန်ယက်အနေဖြင့် အရည်အချင်းပြည့်ဝသော လူ့အခွင့်အရေးပညာပေးသူများကို လေ့ကျင့်ပေးပြီး ထိုသူများ အကြား သတင်းဗဟုသုတများကို စဉ်ဆက်မပြတ်ဖလှယ်ပေး၍ စွမ်းရည်မြှင့်တင်ရန်၊ လူ့အခွင့်အရေးပညာပေး ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိရောက်စွာလုပ်ဆောင်ရန်၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များ အနေဖြင့် လူ့အခွင့်အရေးတာဝန်ယူမှု၊ တာဝန်ခံမှုများ အားကောင်းလာစေရန်အတွက် တောင်းဆိုလှုပ်ရှားမှုများ အား ပံ့ပိုးကူညီရန်၊ အစိုးရအနေဖြင့် လူ့အခွင့်အရေးပညာပေးခြင်းကို ကျောင်းသင်ရိုးညွန်းတမ်းများနှင့် နိုင်ငံပိုင် မီဒီယာများမှတဆင့် ထိရောက်စွာလုပ်ဆောင်နိုင်အောင် လှုံ့ဆော်ရန်စသည့် ရည်ရွယ်ချက်လေးခုကို ချမှတ် ထားပါသည်။

ကွန်ယက်အနေဖြင့် လူ့အခွင့်အရေးပညာပေးနည်းပြသင်တန်းများ၊ မွန်းမံသင်တန်းများကို ဖွင့်လှစ်ပြီး ပြည်နယ် နှင့်တိုင်းများမှ လူ့အခွင့်အရေးလေ့လာလုပ်ဆောင်လိုသူများကို ဖိတ်ခေါ် လေ့ကျင့်သွားမည်ဖြစ်ပါသည်။ ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများကို အခြားသော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဦးအောင်မျိုးမင်း၊ ဒါရိုက်တာ၊ (Equality Myanmar) ဖုန်း ၀၉ ၄၄၈၀၁၅၃၀၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နေ့စွဲ ဇွန်လ ၂၈ ရက်၊ ၂၀၁၅ ခုနှစ်

ရနကြုနတြိုငြးဒသကှေီးအတှငြးရှိ မှို့နယြ ငါးခုဖှဈသော လှိုှုငြသြာယာ၊ ရှှပှညေသြာ၊ ဒေါပုံ၊ မှောကြဥကျကလာနှင့ြ လှိုငမြှို့နယမြွားအတှငြးရှိရှေ့ပှောငြးသှားလာနသေော ကလေးမွားအခှအနေကေို လေ့လာစဈတမြးကောကယြူ ခဲ့သည့ြ “လမြးဆုံးဝဝေါး” ဆိုသည့ြ စာတမြးကို United ACT အဖှဲ့က ယနေ့ထုတပြှနလြိုကသြညြ။

ထိုသုသေသနတွေ့ရှိချက်များအရ ထိုမြို့နယ်ငါးမြို့နယ်အတွင်းတွင် ပြည်တွင်းရွေ့ပြောင်းသွားလာမှုများ အထူးများပြားနေလျက်ရှိသည်ကိုတွေ့ရသည်။ မြို့နယ်ငါးမြို့နယ်သို့ ပြောင်းရွေ့လာသော ကလေးသူငယ်များနှင့် မိဘများသည် ထိုမြို့နယ်များတွင် အခြေချ နေထိုင်ကာ အတည်တကျနေထိုင်လိုသူအများစုဖြစ်သည်ကို တွေ့ရသော်လဲ တချို့သော မိသားစု များသည် နယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံ သို့ သွားရောက်ရန် ရည်ရွယ်၍ ခရီးတစ်ထောက်နားသည့်ရည်ရွယ်ချက်ဖြင့် လာသည်ကိုတွေ့ရသည်။

ပြောင်းရွေ့လာရသည့်အကြောင်းရင်းများလေ့လာရာတွင် မိသားစု၏ စီးပွားရေးအခက်အခဲကြောင့် ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့လာရသူအများဆုံးဖြစ်သည်ကိုတွေ့ရသည်။ ထူးခြားချက်မှာ ဧရာဝတီတိုင်းမှ ပြောင်းရွေ့လာခဲ့သော ကလေးငယ်များ၏ မိသားစုများအားလုံးသည် ၂၀၀၈ ခုနှစ် ဆိုင်ကလုံး နာဂစ်နောက်ပိုင်း စီးပွားရေးအဆင်မပြေမှုများကြောင့် ပြောင်းရွေ့လာသည်ကို တွေ့ရ သည်။

တစ်ဦးချင်းလိုက်ပြောင်းရွေ့လာရသော ကလေးများ၏ ပြောင်းရွေ့ရခြင်းအကြောင်းရင်းကို လေ့လာ ကြည့်ပါက စီးပွားရေးထက်စာလျှင် မိသားစုအတွင်းပြသနာများ၊ မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှုကြောင့် အများဆုံး ဖြစ်သည်ကို တွေ့ရသည်။

မိသားစုအလိုက်ပြောင်းရွေ့လာသော ကလေးသူငယ်များအနေဖြင့် လမ်းခရီးတွင် မိသားစုဝင်များ၏ စောင့်ရှောက်မှုကြောင့် အခက်အခဲ ကြီးကြီးမားမားမကြုံတွေ့ရကြသော်လည်း အများဆုံးကြုံရသည့် အခက်အခဲမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြားကဲ့သို့သော သက်သေခံအထောက်အထားများမရှိသည့် ပြသနာ ဖြစ်သည်။ အများစုမှာ မှတ်ပုံတင်ကဒ်ပြားမလုပ်ဆောင်ထားခြင်း၊ ရှိသောမှတ်ပုံတင်များမှာ သဘာ၀ ဘေးဒဏ်ကြောင့် ပျက်စီးသွားခြင်းကြောင့် ထိုအခက်အခဲကြုံရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ တစ်ဦးချင်း ရွေ့ပြောင်းသွားလာခဲ့သည့် ကလေးသူငယ်များမှာ လမ်းခရီးတလျောက်တွင် အခက်အခဲမျိုးစုံကို ကြုံတွေ့ရ ပါသည်။ ထိုအခက်အခဲများတွင် သွားလာသည့်နေရာကို တိတိကျကျမသိခြင်း၊ ကူညီနိုင်မည့်နေရာ၊ အစီ အစဉ်များကို မသိရှိခြင်းက အဓိကအခက်အခဲတခုဖြစ်နေလျက်ရှိသည်။ ထို့ကြောင့် ရွေ့ပြောင်း သွားလာခဲ့သည့် ကလေးသူငယ်များသည် အသုံးဝင်သော သတင်းအချက်အလက်များ မရှိခြင်း၊ မသိခြင်းကြောင်း လမ်းခရီးတွင် အသက်မသေယုံနေထိုင်ခဲ့ရခြင်း၊ လမ်းပေါ်တွင် ကြုံသလို နေထိုင်ခဲ့ရခြင်းနှင့် တစ်ချို့သောအမှုများတွင် မသမာသူများ၏ သွေးဆောင်ဖျားယောင်းမှုကို ခံခဲ့ရပြီး နောက်ထပ်အမြတ်ထုတ်မှု များကို ဆက်လက်ကြုံ တွေ့ခဲ့ရသည်။ ဥပမာအားဖြင့် လူကုန်ကူးခံရပြီး ရောင်းစားခံရခြင်း၊ စစ်သားအဖြစ် စစ်တပ်ထဲ သွင်းခံရခြင်း၊ အိမ်ဖော်အဖြစ်ရောင်းစားခံရခြင်းများကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ရသူများက ပြောပြကြသည်။

အခြားနိုင်ငံများသို့ ရွေ့ပြောင်းသွားလာသည့်ကလေးသူငယ်များ အများဆုံးရင်ဆိုင်ရသည့် အခက်အခဲမှာ တဖက်နိုင်ငံကို ဖြတ်ကျော်သည့်နောက်ပိုင်း ထိုနိုင်ငံ၏ ဘာသာစကားကို တတ်ကျွမ်းခြင်း မရှိသော အခက်အခဲပင် ဖြစ်သည်။ အချို့သောကလေးသူငယ်များသည် မိမိတို့အန္တရာယ်ကျရောက်နေပြီးဟု သံသယရှိ လာသော်လဲ ထွက်ပြေးရာတွင် ဘာသာစကားမတတ်သောကြောင့် အကူအညီကို ရှာဖွေရယူရန် မဝံ့မရဲ ဖြစ်ကြောင်း ပြောဆိုခဲ့ သည်။

အနှစ်ချုပ်သုံးသပ်ရာတွင် ရွေ့ပြောင်းသွားလာနေသောကလေးများသည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းနေရာတစ်ခုမှ နောက်နေရာတစ်ခုသို့ ပြောင်းရွေနေထိုင်သည့်ပုံစံများရှိသလို ရန်ကုန်တိုင်း အတွင်းရှိမြို့နယ်များတွင် ခေတ္တစခန်းထောက်၍ အခြားနိုင်ငံများသို့ နိုင်ငံကျော်ဖြတ်ရွေ့ပြောင်းသွားလာခြင်း များလဲ ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် မိသားစုလိုက်ရွေ့ပြောင်းသွားလာသောကလေးသူငယ်များရော၊ တစ်ဦးတယောက်ထဲ ရွေ့ပြောင်းသွားလာသည့် ကလေးသူငယ်များရော အဓိကကြုံရသည့်အခက်အခဲမှာ လုံခြုံစိတ်ချရသည့် သွားလာရေးဆိုင်ရာသတင်းများ၊ အသိပညာများနှင့် အကူအညီပံ့ပိုးပေးသည့် အစီအစဉ်များအကြောင်းကို သိရှိမှုမရှိခြင်းဖြစ်သလို ခရီးသွားလာရာတွင် အထောက်အထား စာရွက်စာတမ်း များ ခိုင်ခိုင်လုံလုံမရှိခြင်းကလဲ နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြန်သည်။ အထူးသဖြင့် တစ်ဦးတယောက်ထဲ စွန့်စားသွားလာသည့်ကလေးများမှာ မိုမိုအမြတ်ထုတ်မှုခံရနိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ယခုတွေ့ရှိချက်များသည် လှိုင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ ၁၀နှစ်နှင့် ၁၈ နှစ်ကြားရှိ ရွှေ့ပြောင်းကလေးသူငယ် (၇၅) ဦးအား အုပ်စုလိုက် တွေ့ဆုံမေးမြန်းခြင်း (Interviews) နည်းများသုံး၍ အသေးစိတ်မေးမြန်းခဲ့ပါသည်။ ထိုကလေးများထဲတွင် ပျံကျမိသားစုအခြေအနေနှင့် ကျူးကျော်နေထိုင်သူမိသားစုများမှ ကလေးများ၊ ပြည်တွင်းရှိ တစ်ခြားနေရာများမှ အကြောင်းအမျိုးမျိုးဖြင့် ပြောင်းရွေ့လာကာ လုပ်ငန်းခွင် ရောက်နေသော ကလေးများ၊ တစ်ခြားနေရာများ မှရောက်လာပြီး လမ်းပျော်ဖြစ်နေသည့် ကလေးများ ပါဝင်ပါသည်။ ဖြစ်ပျက်သည့် အကြောင်းအရာများမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အဖြစ်များကို အဓိက လေ့လာထားပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ရွေ့ပြောင်းသွားလာနေရသော ကလေးများ၏ အရေးကိစ္စကို အထူးအလေးထားလုပ်ဆောင်ရန် လိုအပ်နေကြောင်း အသိပေးလိုသည်။ ထိုကြောင့် နေရပ်ရင်းမှ ထွက်ခွာ၍ ရွေ့ပြောင်းသွားလာသောကလေးများဖြစ်အောင် တွန်းအားပေးနေသည့်အဖြစ်များကို လေ့လာပြီး ရွေ့ပြောင်း သွားလာစေသည့်အကြောင်းရင်းများ ပပျောက်အောင်လုပ်ဆောင်ဖို့လိုသည်။ ထို့ပြင် ရွေ့ပြောင်းသွားလာမှု အများအပြားဖြစ်နေသည့်ရပ်ရွာများတွင် ကလေးများအပေါ် သွေးဆောင်ဖြားယောင်း၍ အမြတ်ထုတ်စော်ကား ခြင်းများကို စောင့်ကြပ်သည့် ရပ်ရွာအစီအစဉ်များကို လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖော်ဆောင်ရန်၊ လုံခြုံစိတ်ချရသည့် ရွေ့ပြောင်းသွားလာမှုများဖြစ်လာအောင် သတင်းများဖြန့်ဝေခြင်းများ လုပ်ဆောင်ရန် လိုအပ်သည်။

အသေးစိတ်သိလိုပါက ဦးအောင်မျိုးမင်း – Equality Myanmar – 09 448015306 နှင့် ကိုရဲရင့်အောင် – United ACT – ၀၉ ၂၅၈၃၂၆၀၉၀ ကိုဆက်သွယ်နိုင်ပါသည်။

သုတေသနစာတမ်းရယူရန်

၁၈ ရက် ဒီဇင်ဘာလ ၂၀၁၄

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည် ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေး ရှင်းလင်းတိကျသောမူဝါဒနှင့် ထိရောက်သော အကောင်အထည်ဖော်မှုများ ရှိရန်လိုအပ်သည်

၂၀၁၀ ရွေးကောက်ပွဲအပြီး ပြုပြင်ပြောင်းလဲရေးကာလအစတွင် ပြည်ပရောက်အတိုက် အခံနိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ထွက်ခွာခဲ့ကြသော မြန်မာလူမျိုးများကို ပြန်လည်အခြေချနေထိုင်ရန် ဦးသိန်းစိန် အစိုးရမှ ဖိတ်ခေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသည် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားမြန်မာ့ဒီမိုကရေစီအရေး ဝိုင်းဝန်းဆောင်ရွက်ကြသော နိုင်ငံခြားသား ၂၀၀၀ ကျော်ကို သြဂုတ်လ ၂၀၁၂ ခုနှစ်တွင် အမည်မည်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင် ပြန်လည်အခြေချနေထိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၂၇ ရက် စက်တင်ဘာလ ၂၀၁၂ ခုနှစ် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီ လာခံ၌ပြောကြားခဲ့သော သမ္မတမိန့်ခွန်းတွင် “ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လာနေသည့်အချက်သည်” ပြုပြင်ပြောင်း လဲရေးကာလအတွင်း အားရကြေနပ်ဖွယ်ကောင်းပြီး သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများ အနက်တစ်ခုဟု မှတ်ချက်ပြုခဲ့ပြီး VOA နှင့် မေလ ၂၀၁၃ ခုနှစ်တွင်ပြုလုပ်သော စကားဝိုင်း တွင်လည်း ပြည်ပရောက် မြန်မာများကို ပြည်တွင်းတွင် ပြန်လည်အခြေချ နေထိုင်ရန် သမ္မတကိုယ်တိုင် ဖိတ်ခေါ်မှု ပြုလုပ်ခဲ့သည်။

သို့သော် လက်တွေ့တွင် အစိုးရအဖွဲ့၏နှုတ်ကတိမှလွဲ၍ တိကျရှင်းလင်းသော မူဝါဒများချ မှတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းများမရှိခြင်းကြောင့် တိုင်းပြည်အတွင်းပြန်လည် ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေးကြိုးပမ်းရာတွင် အဟန့် အတားများနှင့် ကြုံတွေ့နေ ရသည်။ ဤအဟန့်အတားများထဲတွင် ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ပြည်ဝင်ခွင့် ထုတ်ပေးရန် အချိန်ဆွဲထားခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျောက်ထားရာတွင် ခိုင်လုံသောအကြောင်းပြချက်မရှိပဲ အချိန်ဆွဲထားခြင်း၊ နိုင်ငံသားဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးတွင် ပါဝင်ရန် ကန့်သတ်မှုများပြုလုပ်ခြင်း တို့ပါဝင်သည်။

မြန်မာပြည်သို့ အလည်အပတ်ပြန်လာသူများဖြစ်စေ ပြန်လည်အခြေချနေထိုင်သူများဖြစ်စေ ၎င်းတို့၏ နိုင်ငံရေးခံယူချက် များနှင့် နိုင်ငံရေးလှုပ်ရှားမှုများပေါ်မူတည်၍ တစ်ဦးချင်းစီအပေါ် အစိုးရ၏တုံ့ပြန်မှုများနှင့်ကိုင်တွယ်မှုများ ကွဲပြားနေ သည်ဟုယူဆရပြီး သမ္မတနှင့် အခြားအစိုးရတာဝန်ရှိသူများ၏ အပြောနှင့်လက်တွေ့အကောင်အထည်ဖော်မှုသည် အလွန်ကွဲလွဲနေသည်ကို တွေ့ရသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ်နေသည့် အစိုးရတစ်ရပ်အနေဖြင့် စစ်အစိုးရလက်ထက် သမိုင်းတစ်လျောက် ရုပ်ပိုင်းစိတ်ပိုင်း နိုင်ငံရေးဖိနှိပ်အကြမ်းဖက်မှုဒဏ်ခံခဲ့ရသော နိုင်ငံရေး အမြင်မတူသူများနှင့်အဖွဲ့အစည်းများအပေါ် ကန့်သတ်ချုပ်ခြယ်မှုများ ဆက်လက်ပြုလုပ်ခြင်း သည် အမျိုးသားပြန်လည် သင့်မြတ်ရေးရည်မှန်းချက်များနှင့် များစွာဆန့်ကျင်နေသည်။

မိမိတို့အနေဖြင့် မိမိယုံကြည်ချက်နှင့် ခံယူချက်များဖြစ်သော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လုပ်ငန်းများအတွက် အမိမြေအတွက် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုယုံကြည်ရာတန်ဖိုးများနှင့် နိုင်ငံရေးခံယူချက်များ အတိုင်း အခိုင်အမာဆက်လက် ရပ်တည်သွားမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်အကောင်အထည်ဖော်ရန် လေးနက်သည့် ဆန္ဒရှိပါက အောက်ပါလုပ်ဆောင်ချက်များကို နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပေးရန် မိမိတို့မှ တောင်းဆိုသည်။

(၁) မိမိနှင့် နိုင်ငံရေးအမြင်နှင့်ခံယူချက် မတူသူများအား ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူအခွင့်အရေးကိစ္စရပ်များတွင် မပါဝင်နိုင်အောင် ကန့်သတ်ချုပ်ချယ်မှုများ မပြုလုပ်ရန်

(၂) စစ်အာဏာရှင်အဆက်ဆက်လက်အောက် ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကြောင့် ပြည်ပသို့ထွက်ခွာခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများနှင့် အခြေချနေထိုင်လိုသူအားလုံးအတွက် စစ်မှန်သောဒီမိုကရေစီအခြေခံမူများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်အပေါ် အခြေခံသည့် ရှင်းလင်းတိကျသော မူဝါဒများချမှတ် အကောင်အထည်ဖော်ရန်

(၃) ဤမူဝါဒများချမှတ်ရာတွင် အောက်ပါအချက်များအား ထည့်သွင်းအကောင် အထည်ဖော်ရန်

(က) ပြန်လည်ဝင်ရောက်လာသော နိုင်ငံရေးအတိုက်အခံအင်အားစုများကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း

(ခ) ပြည်တွင်းတွင် အပြီးပြန်လည်အခြေချနေထိုင်ချင်သူများ နိုင်ငံသားအဖြစ် ပြန်လည်လျောက်ထားရာတွင် အညှိုးမထားပဲ လွယ်ကူမြန်ဆန်မှုကို အာမခံသော လုပ်ထုံး လုပ်နည်းများချမှတ်ခြင်းနှင့် ၎င်းလုပ်ထုံးလုပ်နည်း များကို အများပြည်သူသိအောင်ကြေ ညာခြင်း

(ဂ) ပြည်လည်အခြေချနေထိုင်လိုသူများကို နိုင်ငံရေးနှင့်ကင်းစင်ကြောင်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်တော့မည် မဟုတ်ကြောင်း စသဖြင့် လက်မှတ်ထိုင်းခိုင်းခြင်းများ ရပ်ဆိုင်း၍ ဗီဇာကို ပစ်မှတ်ထား ကန့်သတ်ခြင်းများ မပြုလုပ်ပဲ အများနည်းတူလွယ်ကူမြန်ဆန်စွာ ဗီဇာဆောင်ရွက်ပေးခြင်း

(ဃ) ပြန်လာသူများအား လွှတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ နိုင်ငံရေးတွင်ပါဝင်ခွင့်ကို အာမခံ၍ ထောက်လှမ်းရေးများ စေလွှတ်ကာ စောင့်ကြည့်အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ခြင်းမှရပ်ဆိုင်းခြင်း

(င) ရွေးကောက်ခံခံပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေအရ ကန့်သတ်မှုများမပြုလုပ်ရန်

(စ) ပြည်ပတွင်နိုင်ငံရေးခိုလှုံနေသူများနှင့် အခြား တတိယနိုင်ငံတွင်အခြေချနေထိုင်နေသောဒုက္ခသည်များအား မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကို အများနည်းတူလျောက်ခွင့်ပေးခြင်း

ဆက်သွယ်ရန် – ဦးဘိုကြည် +၉၅ (ဝ) ၉၄၂၅၃၀၈၈၄၀)၊ ဦးအောင်မျိုးမင်း +၉၅ (ဝ) ၉၄၄၈၀၁၅၃၀၆)၊ ဒေါ်ခင်ဥမ္မာ +၉၅ (ဝ) ၉၄၅၀၀၆၃၇၁၄)