ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)အား အဓိပ္ပါယ်ပြည့်ဝပြီး အများပြည်သူပါဝင်သည့် အကြံပြုဆွေးနွေးမှုများ လုံလောက်စွာခေါ်ယူကျင်းပပြီးမှသာ ပြဌာန်းရန် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

နေ့စွဲ။ ။၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ထုတ်ပြန်ကာ အစိုးရနှင့်လွှတ်တော်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရန်ကြိုးပမ်းလာသည်ကို အသိအမှတ်ပြုသော်လည်း ထုတ်ပြန်သည့် ဥပဒေမူကြမ်းတွင်ပါဝင်သည့် အချက်များသည် ပြည့်စုံလုံလောက်ကောင်းမွန်ခြင်းမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ လက်ရှိထိခိုက်နေ သည့် ပြဿနာအရင်းအမြစ်များကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသည်ကိုတွေ့ရသည့်အတွက် အဓိပ္ပါယ်ပြည့်ဝပြီး အများ ပြည်သူပါဝင်သည့် အကြံပြုဆွေးနွေးမှုများ လုံလောက်စွာ ခေါ်ယူကျင်းပလုပ်ဆောင်ပြီးမှသာ အတည်ပြုပြဌာန်းရန် ဆက်သွယ် ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုကို ပူးပေါင်းအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်သည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့များ အပါ အဝင် အရပ်ဘက်အဖွဲ့အစည်း ၂၂ဖွဲ့သည် ၂၀၁၇ ခုနှစ် အစောပိုင်းကစ၍ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ)ဖျက်သိမ်းရေး လှုပ်ရှားမှုပူးပေါင်းအဖွဲ့အဖြစ် စုစည်းခဲ့ပြီး ဆက်သွယ်ရေးဥပဒေအား လူ့အခွင့်အရေးအလေးထားသည့် ဥပဒေတစ်ရပ်အဖြစ် ပြင်ဆင်ပြောင်းလဲနိုင်ရေး သုံးသပ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။ အဆိုပါသုံးသပ်ချက်များနှင့် တောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကေ်ာမတီဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်သည်။ (ပူးတွဲပါ ဇွန်လ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကြည့်ရှု့ရန်။)

အဆိုပါ သုံးသပ်ချက်များကို အခြေခံကာ ၁။)ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အားအပြီးပယ်ဖျက်ရန် ၂။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီစံနှုန်းများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေးဥပဒေပါ အခြားပုဒ်မများအား ပြန်လည်သုံးသပ် ပြင်ဆင်ရန်နှင့် ၃။) ဥပဒေပြင်ဆင်ရာအဆင့်တိုင်းတွင် အများပြည်သူပါဝင်သော ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုများ ဆောင်ရွက်ရန် တို့ကို တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း အများပြည်သူအား ဇွန်လ ၂၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ (ကြေညာချက်ကို ပူးတွဲပါစာတွင် ကြည့်ရှု့ရန်။)

ဇူလိုက်လ ၈ ရက်က ထုတ်ပြန်သည့် ပြင်ဆင်ရန်အဆိုပြုထားသည် ဥပဒေမူကြမ်းကို သုံးသပ်ရာတွင် ဥပဒေမူကြမ်းတွင် အပိုဒ် ၄ ပိုဒ် ပါဝင်ပြီး ပထမ အပိုဒ် နှစ်ခုသည် ဥပဒေအမည်သတ်မှတ်ခြင်းနှင့် ဝန်ကြီးဌာနအမည်ပြောင်းလဲခြင်းသာဖြစ်ပြီး ကျန်အပိုဒ် နှစ်ခုမှာ Facebook အပါအဝင် အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားမှုအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သည့် ပုဒ်မ ၆၆ (ဃ)ကိုသာ ဦးတည် ပြင်ဆင်သည့် အချက်များဖြစ်သည်။ မူကြမ်းပါ အပိုဒ် ၃ နှင့် ၄ အရ လက်ရှိ ပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၈၀ တို့အား ပြင်ဆင်သည့် အချက်များကို အောက်ပါအတိုင်း သုံးသပ်ပါသည်။

၁။ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ဆက်လက်ထားရှိခြင်းနှင့် ချက်ချက်ဖမ်းဆီးမှုကို ကာကွယ်ပေးနိုင်ခြင်း မရှိခြင်း– ယခုပြင်ဆင်သည့် မူကြမ်းပါ ပုဒ်မ ၆၆ (ဃ)တွင် ပုဒ်မ ၆၆ (ဃ)ဖြင့် မတရားဖမ်းဆီးမှုများ၏ အဓိကအကြောင်းရင်းဖြစ်သည့် “အသရေဖျက်မှု” ကို ပြစ်မှုတစ်ရပ်အနေဖြင့် ဆက်လက်ထားရှိပြီး၊ အဆိုပါပြစ်မှုအား (ပုဒ်မ ၈၀(က))အရ ရဲအရေးပိုင်မှု (ရာဇဝတ်မှု)အဖြစ် ဆက်လက် သတ်မှတ်ထားသည့်အတွက် စွတ်စွဲခံရသူများသည် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

၂။ ဥပဒေက မတရားဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိခြင်း– ဥပဒေမူကြမ်းပါ ပြင်ဆင်ချက်များတွင် ပုဒ်မ ၆၆ (ဃ)ပါ ပြစ်မှုများအား ပုဒ်မ ၈၀ (ဂ)အရ “အာမခံပေးနိုင်သည့် ပြစ်မှုများ” အဖြစ် သတ်မှတ်ချက်ပါရှိသော်လည်း အာမခံ ပေး “နိုင်” သည့် ပြစ်မှုများဟု ဆိုရာ အာမခံရ၊ မရ သေချာခြင်း မရှိပဲ ပုဒ်မ ၆၆ (ဃ)ဖြင့် မတရားဖမ်းဆီးထိန်းသိမ်းနေခြင်း ကို အပြီးအပိုင် တားဆီးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ လက်ရှိ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲသည့် ပြစ်မှုများကို လေ့လာလျင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား (၂)အရ တရားသူကြီး၏ ဆင်ခြင်တုံတရား အရသာ အာမခံ ပေး၊ မပေး ဆုံးဖြတ်သည်ဖြစ်ရာ အာမခံပေးရာတွင် ဥပဒေအရ တသမတ်တည်း မဖြစ်ခြင်း၊ ကြောင်းကျိုး ညီညွတ်မှု မရှိသည့် အချက်များကို တွေ့ရသည်။ ယခုပြင်ဆင်လိုက်သည့် အာမခံပေး “နိုင်” သည့် ပြစ်မှုများအဖြစ် သတ်မှတ်ရုံဖြင့် လက်ရှိအခြေအနေကို ပိုကောင်းလာစေခြင်း မရှိပေ။

၃။ ဝန်ကြီးဌာန၏ သုံးသပ်ဆန်းစစ်နိုင်သည့် အခွင့်အာဏာကို ပယ်ဖျက်ခြင်း – ဥပဒေမူကြမ်းပါ ပုဒ်မ ၈၀ (ခ) ပြင်ဆင်ချက်အရ ပုဒ်မ (ဃ)ပါ ပြစ်မှုများအတွက် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ချက်အား ပယ်ဖျက်သည်ဖြစ်ရာ မတရားဖမ်းဆီးစွပ်စွဲမှုများကို တားမြစ်နိုင်ရန် သုံးသပ်ဆန်းစစ်ရမည့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်မရှိတော့ဘဲ ရဲဌာန၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့်သာ စစ်ဆေး၊ ဖမ်းဆီး၊ အရေးယူနိုင်မည်ဖြစ်သည့်အတွက် လူ့အခွင့်အရေးအပေါ် ပိုမိုဆိုးရွားသည့် သက်ရောက်မှု များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

ထိုအပြင် ပုဂ္ဂိုလ်ရေးရာလွတ်လပ်လုံခြုံပိုင်ခွင့်နှင့် အင်တာနက်နှင့်အခြား ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဖျတ်တောက် နှောင့်ယှက်ခံရခြင်းမရှိဘဲ လွတ်လပ်စွာ ဆက်သွယ်အသုံးပြုနိုင်ရေး စသည့်တို့အပေါ် ထိပါးနိုင်သည့် ၂၀၁၃ခုနှစ် ဆက်သွယ်ရေး ဥပဒေတွင် ပြင်ဆင်သင့်သည့် အခြားပြဌာန်းချက်များကိုလည်း အဆိုပြုသည့်ဥပဒေကြမ်းတွင် ပါဝင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

သို့ပါ၍ ပူးပေါင်းအဖွဲ့၏ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်နှင့် ပြင်ဆင်သင့်သည့် ပုဒ်မများကို အကြံပြုချက်အဖြစ် (ပူးတွဲပါ ဇယားတင် ကြည့်ပါရန်) လွှတ်တော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေအား လူ့အခွင့်အရေးကို အပြည့်အဝကာကွယ်ပေးသည့် ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းနိုင်ရေးအတွက် ပူးပေါင်းအဖွဲ၏ တောင်းဆိုချက် တစ်ရပ်လည်းဖြစ်သည့် အဓိပ္ပါယ်ပြည့်ဝသည့် အများပြည်သူပါဝင်သည့် အကြံပြု ဆွေးနွေးမှုများ လုံလောက်စွာ ခေါ်ယူကျင်းပ ရေးကို တွန်းအားပေးရေး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား လူထုက စာရေးသားတောင်းဆိုမည့် အွန်လိုင်းလှုပ်ရှားမှုတစ်ရပ် ဖြစ်သည့် #OurVoiceOurHluttaw ကို ယနေ့မှစ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရယနေ့အချိန်ထိ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့ အများပြည်သူသိရှိတဲ့ အမှု ၇၃မှုမှာ အမှုအားလုံးက ပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှု ၇ ခုအနက် “အသရေဖျက်မှု” ပြစ်မှုဖြင့်သာ စွတ်စွဲဖမ်းဆီးတရားစွဲခံသည့် အမှုတွေဖြစ်တယ်။ အခုပြင်လိုက်တဲ့ ပုဒ်မ ၆၆(ဃ)ထဲမှာလည်း အသရေဖျက်မှု ဆိုတာကို မပယ်ဖျက်တဲ့အတွက် ဘာမှ အပြောင်းအလဲဖြစ်စရာမရှိပါဘူး။” ဟု ပူးပေါင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကဗျာဆရာ မောင်ဆောင်းခကပြောကြားသည်။

အခြားအဖွဲ့ဝင်တစ်ခုဦးဖြစ်သည့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဒေါ်ဝေဖြိုးမြင့်က “လက်ရှိ ပုဒ်မ (ဃ)နဲ့ တရားစွဲနိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြိုတင်ခွင့်ချက်ပေးတာကို ကြည့်လိုက်တော့ ဆန်းစစ်သုံးသပ်တဲ့ လုပ်ငန်းစဉ်အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေထားရှိခြင်းမရှိရာ လက်ရှိ ဆန်းစစ် သုံးသပ်တဲ့ စံနစ်က လူ့အခွင့်အရေးအပေါ် အလေးထားသည့် စံနစ်မျိုးလို့ ပြောလို့မရဘူး။ ယခုမူကြမ်းပါ ပြင်ဆင်ချက်ကလည်း လူ့အခွင့်ရေးအလေးထားတဲ့ ဆန်းစစ်သုံးသပ်နိုင်တဲ့ နည်းလမ်းနဲ့ မတရားစွဲဆိုမှုများအဖြစ်ပွားအောင် လွတ်လပ်မှန်ကန်စွာ ဆန်းစစ်နိုင်တဲ့ အဖွဲ့အစည်းမျိုးထားရှိရမယ်ဆိုတဲ့ လိုအပ်ချက်တစ်ရပ်ကို လုံးဝမျက်ကွယ်ပြုရာ ရောက်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်သည်။

PEN Myanmar ၏ Program Manager ဖြစ်သူ ဒေါ်ဇာခြည်ဦးကလည်း “ဥပဒေဆိုတာ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့၊ တရားမျှတမှုကို အာမခံချက်ပေးဖို့၊ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာမှာ လိုအပ်သဖြင့် ရေးဆွဲပြဌာန်းခြင်းဖြစ်တယ်။ ဥပဒေရဲ့ အကာအကွယ်ကို ရယူရမယ့် ပြည်သူလူထုရဲ့ အကြံပြုချက်များ၊ ပြည်သူများနဲ့ ထိတွေ့လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများ၏အသံကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါတယ်။” ဟု ပြောကြားသည်။

“ဥပဒေတစ်ခုဆိုတာ တစ်ခါပြင်ပြီးရင် လိုအပ်ချက်ရှိနေလို့ နောက်တစ်ကြိမ်ပြန်ပြင်ဖို့ဆို နှစ်အတန်ကြာအုံးမှာ ဖြစ်တဲ့အတွက် ပြင်တဲ့အချိန်မှာ ပြင်ဆင်စရာရှိတာတွေကို တပါတည်း ပြည့်စုံအောင် ပြင်ဆင်ဖို့ လိုပါတယ်။” ဟု အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဇေယျာလှိုင်ကလည်း ပြောကြားသည်။

အသေးစိတ်သိရှိနိုင်ရန်အတွက် ဆက်သွယ်ရန်

ဒေါ်ဇာခြည်ဦး (PEN Myanmar) – ၀၉၇၉၅၃၈၀၇၄၅
ဒေါ်ဝေဖြိုးမြင့် (MCRB) – ၀၉၇၉၅၃၃၃၈၃၁
မောင်ဆောင်းခ – ၀၉၇၇၃၉၃၇၂၇၃
ဒေါ်ထိုက်ထိုက်အောင် (MIDO)- ၀၉၄၃၀ ၂၅၅၂၉