CSO Forum ၏ သဘောထားထုတ်ပြန်ချက်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသော လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan အား သေစေနိုင်သော စစ်သုံးလက်နက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် CSO Forum ၏ သဘောထားထုတ်ပြန်ချက်

နေ့စွဲ– ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၆ ခုနှစ်

စစ်အာဏာရှင် အစိုးရအဆက်ဆက်ကြောင့် အစပြုကြီးထွားလာသောမူးယစ်ဆေး ဝါးပြဿနာသည် မြန်မာနိုင်ငံရှိ ပြည်သူလူထု တရပ်လုံး၊ အထူးသဖြင့် လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ဆိုးဝါးသော ပြဿနာအခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။

မကြာသေးမီအချိန်က ကမ္ဘာစံချိန်တင်ပမာဏရှိသော မူးယစ်ဆေးဝါးများ အလုံးအရင်းနှင့် ဖမ်းမိခြင်း ကို ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ကြေညာခြင်း၊ ဧကထောင်ပေါင်းများစွာ ကျယ်ပြန့်သောဘိန်း စိုက်ခင်းများ မြန်မာ့မြေပေါ်တွင် ပြောင်ပြောင်တင်းတင်း ပြန့်ပွားလာခြင်းများသည် စစ်အာဏာရှင်စနစ် အမွေခံသူ များနှင့်ဆက်နွယ်သော အုပ်စုများ၏ ပါဝင်ပတ်သက်မှုများကြောင့် နိုင်ငံနှင့်ပြည်သူများ၏ သိက္ခာနှင့် အချုပ်အခြာ အာဏာအပေါ် ဆိုးဝါးစွာထိပါးခြိမ်းခြောက်နေသော အဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်ဟု သုံးသပ်ပါသည်။

ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မှ ဒေသခံလူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan ၏ တရားမဝင်ဘိန်းစိုက်ခင်းများ ရှင်းလင်းရန် အကြမ်းမဖက်လှုပ်ရှားမှုသည် လူသားထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော မူးယစ်ဆေးဝါးပြဿနာအပေါ် အစိုးရ၏ တာဝန်မဲ့မှုကို တာဝန်စိတ်ဖြင့် ဖြည့်ဆည်း ဖြေရှင်းသည့် မွန်မြတ်သော အစီအစဉ်တခုဖြစ်သည့်အတွက် Pat Jasan အပါအဝင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကြိုဆိုထောက်ခံပါသည်။

Pat Jasan လှုပ်ရှားမှုအဖွဲပဝင်များအား၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က ကချင်ပြည်နယ်၊ ကန်ပိုင်ထီးဒေသ၊ စင်ကြိုင်ရွာအဝင်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များက စစ်လက်နက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူလေးဆယ်ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအကြမ်း ဖက် တိုက်ခိုက်မှုအပေါ် CSO Forum က ပြင်းထန်စွာရူတ်ချပါသည်။

ယခု အကြမ်းဖက်တိုက်ခိုက်ခံရသော ဒေသသည် ပြည်နယ်အစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နယ်ခြားစောင့် တပ်၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိပြီး ပြည်သူရဲများ၏ ရှေ့တွင်ပင် အကြမ်းဖက် တိုက်ခိုက်ခံရခြင်းဖြစ်သောကြောင့် ယခု တိုက်ခိုက်မှုကို ကျုးလွန်သူများနှင့် ကျုးလွန်ရန်အားပေး စီစဉ်ဆောင်ရွက်သူများကို အမြန်ဆုံးစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားရန် တောင်းဆိုသည်။ ထို့ပြင် ထိုအကြမ်းဖက် တိုက်ခိုက်ခံရသူများ၏ ကျန်းမာရေးနှင့် လူမှုရေး၊ လုံခြုံရေး ဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူပေးရန် တောင်းဆိုသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် Pat Jasan အဖွဲ့ဝင်များနှင့် ၎င်းတို့အား ကြိုဆို ထောက်ခံပံ့ပိုးသူများနှင့်တကွ ယခု အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများ၏ လုံခြုံရေးကိုလဲ တာဝန်ယူပေးရန် တောင်းဆိုသည်။

Pat Jasan ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ လူထုခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုကို ထိခိုက်စေသော လုပ်ရပ်များ/လုပ်ဆောင်မှုများ ကိုအလေးထားရှောင်ရှား၍ ဗျုဟာမြောက် ခေါင်းဆောင်မှုများဖြင့် ပံ့ပိုးလုပ်ဆောင်ပေးရန် အလေးအနက်အကြံပြု တိုက်တွန်းပါသည်။

နိုင်ငံတော်အစိုးရအသစ် အနေဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ မူးယစ်ဆေးဝါး အမျိုးမျိုး ထုတ်လုပ်၊ ဖြန့်ချီ၊ ရောင်းချ၊ သုံးစွဲမှု ပြသနာများကို ဦးစားပေး ဖြေရှင်း၍ တရားဥပဒေ စိုးမိုးရေးလွှမ်းမိုးစေပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရာတွင် မြန်မာ့ တပ်မတော်၊ ပြည်သူရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ တရားရေးမဏ္ဍိုင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ဖြောင့်မတ်စွာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်။

ဆက်သွယ်ရန်

ဦးအောင်မျိုးမင်း – ၀၉ ၄၄၈၀၁၅၃၀၆ – myominburma@gmail.com

ဒေါ်သိန္နီဦး – ၀၉ ၂၆၁၂၀၇၂၆၁ – theinnyoo@gmail.com

ဒေါ်ခွန်ဂျာ – ၀၉ ၄၂၅၂၈၈၈၉ ၉ – khonja2014@gmail.com