“ရန်ငြိုးဖွဲ့ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ”
မြန်မာစစ်တပ်သည် ၎င်း၏ သမိုင်းတစ်လျှောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အပြီးတွင် ချိုးဖောက်မှုများ ပိုမိုပြင်းထန်အရှိန်မြင့်လာခဲ့ကာ နိုင်ငံတွင်း အခြားနေရာဒေသများသို့လည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိ ပျံ့နှံ့လာခဲ့သည်။ ညီမျှခြင်းမြန်မာက ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လအထိ စုစည်း မှတ်တမ်းတင်ထားသော အချက်အလက်များကို အသုံးပြု၍ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် အတူ ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများအပါအဝင် အရပ်သားပြည်သူများအား သတ်ဖြတ်မှု ဖြစ်စဉ်များကို ဤအစီရင်ခံစာတွင် ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါသည်။ ထို သတ် ဖြတ် မူ အများစုမှာ စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများက ကျူးလွန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) က ကျူးလွန်ခဲ့သည့် သတ်ဖြတ်မူအချို့ ကိုလည်း ညီမျှခြင်းမြန်မာက မှတ်တမ်းရရှိခဲ့သည်။
နိုင်ငံရေးအတိုက်အခံများအား ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်းနှင့် လက်နက်ကိုင်တိုက်ပွဲအတွင်း စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများက ကျူးလွန်ခဲ့ကြသော အရပ်သားပြည်သူများအား သတ်ဖြတ်မှုများကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး တင်ပြထားပါသည်။ ဤသတ်ဖြတ်မှုများနှင့် အတူတကွ ကျူးလွန်သော ချိုးဖောက် မှုများသည် ကျူးလွန်ခံရသူများ၏ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် ကြီးကြီးမားမား ထိခိုက်စေခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဖြစ်ရပ်လေ့လာမှုများတွင် ကျူးလွန်ခံရသူများ၏ မိသားစုဝင်များအား သူတို့၏ သဘောထားအမြင်များကို မေးမြန်းတင်ပြခဲ့ရာ ထိုကျူးလွန်ချိုးဖောက်ခဲ့မှုများအတွက် တရားမျှတမှုရရှိရေးကို တောင်းဆိုခဲ့ကြသည်ကို မြင်တွေ့နိုင်ပါသည်။
ပထမအခန်းတွင် အရေအတွက်စံပြု ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်တွင် မှတ်တမ်းတင်ခဲ့သည့် အမှုအခင်းအားလုံးကို ပုံကားချပ်ဇယားများဖြင့် ဖော်ပြထားပြီး၊ ကျူးလွန် ခံရသူများ၏ လိင်၊ အသက်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့အပြင် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် တည်နေရာနှင့် သတ်ဖြတ်ပုံနည်းလမ်းများကိုလည်း လေ့လာဖော်ပြ ထားပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ မှ ၂၀၂၃ ခုနှစ် မတ်လအတွင်း အရပ်သားပြည်သူများ သတ်ဖြတ်ခံရသည့် ဖြစ်ရပ် စုစုပေါင်း ၄၄၁ ခုနှင့် စုစုပေါင်း သေဆုံးသူ ၁၃၆၃ ဦးကို ညီမျှခြင်းမြန်မာက မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုသတ်ဖြတ်မှုများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးများ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်စသည့် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ခဲ့ကြရသူများအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ မှတ်တမ်းပြုစုသူများ ရင်ဆိုင်ကြုံ တွေ့ရသော လုံခြုံ ရေးဆိုင်ရာကိစ္စများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော အချို့ဒေသများသို့ ဝင်ရောက်နိုင်မှု မရှိခြင်း စသောကိစ္စရပ်များကြောင့် ဤအချက်အလက်များတွင် လိုအပ်ချက်များ ရှိနိုင်ပါသည်။
ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုများ၏ ထက်ဝက်ခန့်မှာ (စုစုပေါင်း သေဆုံးသူ ၁၃၆၃ ဦးအနက်မှ ၇၄၈ ဦး) အရွယ် ရောက်ပြီးသူ အမျိုးသားများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ ၁၄၃ ဦးမှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးများနှင့် ၉၆ ဦးမှာ ကလေးသူငယ်များ (အသက် ၁၈ နှစ်အောက်) ဖြစ်ပါသည်[1] ။ ထို့အပြင် မသန်စွမ်းသူများ သတ်ဖြတ်ခံရမူဖြစ်စဉ် စုစုပေါင်း ၁၀ ခုကိုလည်း တွေ့ရှိခဲ့သည်။ အရပ်သားပြည်သူများကို သတ်ဖြတ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းနှင့် မုဒိမ်းပြုကျင့်စဉ် သတ်ဖြတ်ခြင်းစသည့် နည်းလမ်းများကို ရက်စက်စွာ လုပ်ဆောင်ခဲ့သည်။ သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် သေဆုံးသည့်ဖြစ်စဉ်မှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၇၂ ဦး သေဆုံးခဲ့ကာ၊ ယင်းနောက်တွင် မီးရှို့ခံရမှုကြောင့် သေဆုံးသူ ၆၄ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် ၂၀ မှာ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကဲ့သို့သော ထိခိုက်လွယ်သည့် နေရာများ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များဖြစ်သည်။