စည်းရုံးရေးကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုများကို ပါတီခေါင်းဆောင်ပိုင်းက အမြန်ထိန်းသိမ်းရန်လို

မဲဆွယ်စည်းရုံးရေးကာလအတွင်းကိုယ်ထိလက်ရောက်အကြိမ်ရေများပြားလာသည့်အတွက် ရွေးကောက်ပွဲ နေ့တွင် ယခုထက်ဆိုးရွားသော ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရန် ပါတီတာဝန်ရှိသူများ အနေဖြင့် ပါတီဝင်များကို ထိန်းသိမ်းရန်လိုအပ်နေပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကပြောသည်။

စက်တင်ဘာ ၂၁ရက် မိတ္ထီလာမြို့နယ်၊ ညောင်းကိုင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်သူများက NLD ပါတီဝင်နေအိမ်ကို ဖျက်ဆီးမှုဖြစ်စဉ်၊ မြိုင်မြို့နယ် NLDပါတီ အလုပ်အမှုဆောင်နေအိမ်၌ ပါတီစည်းရုံးရေး သီချင်းဖွင့်သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးထောက်ခံသူများက အိမ်နှင့်မော်တော်ယာဉ်များကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့် ယခုလ ၂၂ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၌ပြည်ခိုင်ဖြိုးထောက်ခံသူ အချို့၏ ရိုက်နှက်မှုကြောင့် NLD ထောက်ခံသူ တစ်ဦးသေးဆုံးခဲ့မှုများ အပေါ် နိုင်ငံရေး အကဲခတ်သူများက ပြောသည်။

“ဒီလိုမျိုး ပဋိပက္ခတွေက ရွေးကောက်ပွဲနေ့မှာရော ဖြစ်မလာနိုင်ဘူးလား။ ပြီးတော့ ပါတီမတူ၊ အယူအဆမတူ ရန်သူလို့သတ်မှတ်ရင် ဒီမိုကရေစီရဲ့ အနှစ်သာဖြစ်တဲ့ မတူကွဲပြားပိုင်ခွင့်၊ လွတ်လပ်စွာ ကွဲပြားပိုင်ခွင့်ဆိုတာကို ကျင့်သုံးရာမရောက်ဘဲ ကွဲပြားတိုင်းကွဲပြားတိုင် ပဋိပက္ခတွေပဲ ဖြစ်လာမှာပါ”ဟု ညီမျှခြင်းမြန်မာ အမှုဆောင်ညွှန် ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့်လူထုထောက်ခံမှုလျော့ကျမည်ကို စိုးရိမ်၍ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းများအား လိုက်နာမှုအားနည်းပြီး ထိုအပေါ်လုံခြုံရေးတပ်ဖွဲ့ ဝင်များကလည်း ဥပဒေအတိုင်းအရေးယူရန် အခက်အခဲရှိကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“နှစ်ဖက်ပါတီဝင်တွေက အင်အားများတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီအပေါ်မှာ အရေးယူဖို့ခက်တာပေါ့”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းများနှင့်အညီ ကျင်းပရသော ရွေးကောက်ပွဲဖြစ်၍ပြဿနာဖြစ်စေမည့် အကြောင်းအရာအလွန်များ ပြားကြောင်း နိုင်ငံရေးလေ့လာသုံးသသပ်သူ ဆရာဦးသန်းစိုးနိုင်ကပြောသည်။ ယနေ့အောက်ခြေတွင် ပါတီကြီး နှစ်ခုဖြစ်ပွားနေသော ပြဿနာများကို သက်ဆိုင်ရာပါတီခေါင်းဆောင်များက ထိန်းသိမ်းကွပ်ကဲမှု အားနည်း ကြောင်း ဦးသန်းစိုးနိုင်က သုံသပ်သည်။

“ကိုဗစ်ကာလမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေက UEC နဲ့ အစိုးရအပေါ်မှာ မကြေလည်မှုတွေရှိနေတာကလည်းတစ်ကြောင်း၊ ဥပမာ နိုင်င့ရေးပါတီတွေရဲ့ မူဝါဒကို ဆင်ဆာဖြတ်တဲ့အတွက် တိုက်ရိုက်ရုပ်သံလွှင့်မဲ့အစီစဉ်တွေကို စွန့်လွှတ်လိုက်တာမျိုးတွေပေါ့။ နိုင်ငံရေးပါတီအားလုံး လိုက်နာရမယ့် ကျင့်ဝတ်တွေကို လက်မှတ်ထိုးဖို့ ငြင်းဆန်တာတွေမျိုးက မကြေလည်မှုတွေဖြစ်စေတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

Source