ရခိုင်တွင် သတင်းသမားများ သတင်းရယူခွင့်ပေးရေး အင်တာဗျူး

ရုပ်/သံ အင်တာဗျူး ဒုတိယပိုင်း( ပြီး) အောက်တိုဘာ ၁ ရက်

Accountability လို့ခေါ်တဲ့ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိကြဘူး။ ရခိုင်ဒေသမှာ ဖြစ်သမျှ ကျနော်တို့ ဘာတွေတွေ့နေရလဲဆိုတော့ ပိုင်ရှင်မဲ့ယဉ်ကျေးမှု အရမ်းခေတ်စားနေတယ်။ ပိုင်ရှင်မဲ့ ဒုံးကျည်၊ ပိုင်ရှင်မဲ့ သေနတ်၊ ပိုင်ရှင်မဲ့ တိုက်ခိုက်မှု၊ ပိုင်ရှင်မဲ့ အလောင်း၊ ပိုင်ရှင်မဲ့ မီးရှို့မှုတွေဖြစ်လာတယ်။ ဒီဘက်က ဟိုဘက်ကို စွပ်စွဲ ဒီဘက်က ဟိုဘက်ကို စွပ်စွဲနဲ့ ပိုင်ရှင်မဲ့နေကြပါတယ်။ဒီလိုမျိုးပိုင်ရှင်မဲ့ ဖြစ်လာတဲ့ခါ တကယ်ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတွေရဲ့ အသံ ထွက်ဆိုချက်ကအရမ်းအရေးကြီးပါတယ်။ နေပြည်တော်မှာ နေပြီးတော့ ဒါကတော့ မဟုတ်ပါဘူး ငြင်းနေလို့ မရပါဘူး။

သတင်းမှန်တွေကို သိရှိနိုင်ဖို့က မြေပြင်မှာ ရှိတဲ့ လူတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်တယ်။ တကယ့်အခြေအနေမှန်တွေကို သိရှိနိုင်ဖို့အတွက်လည်း သတင်းသမားတွေကို သတင်းရယူခွင့်ပေးဖို့ လိုအပ်ပါတယ်” လို့ Equality Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကဆိုပါတယ်။

“သတင်းမှန်အဖွဲ့က ကြေငြာတာနဲ့ အောက်ခြေ တကယ့် လူထု ခံစားနေရတဲ့ အခြေအနေ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ ဒေသခံတွေက မျက်မြင်ကိုယ်တွေ မြင်လိုက်တယ်။ ဟိုဘက်(တပ်မတော်) ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရဘူး။ ဆိုတော့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံကို သုံးပြီးတော့ သတင်းတင်ဆက်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ဒါကမဖြစ်သင့်ဘူးပေါ့နော်၊ တစ်ဘက်ကနေပြီးတော့ စွပ်စွဲတယ် ဒါက သူလုပ်ပါတယ်ဆိုပြီးတော့ ပြောတဲ့ဟာကို ဒီဘက်က စွပ်စွဲခံရတဲ့ သူကလည်း မဟုတ်ရင် မဟုတ်ကြောင်း တစ်ခုခု တုန့်ပြန်သင့်တာပေါ့၊ အဲဒီလိုမျိုး မတုန့်ပြန်ဘူးဆိုရင်တော့ ဒီဘက်က ခံရတဲ့ သူတွေလည်း ခုနားက ဆရာ ဦးအောင်မျိုးမင်းပြောသလို သံသယတွေနဲ့ပဲ ရှေ့ဆက်ပြီးတော့ သွားနေရမယ့် အခြေအနေ ရှိနေပါတယ်။” နိရဉ္ဇရာ သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကို မာန်ယုကျော်က ဆိုပါတယ်။

ရခိုင်ပြည်တွင်း စစ်ရေးအခြေအနေ၊ လူအခွင့်အရေးအခြေအနေနဲ့ သတင်းသမားတွေ သတင်းရယူနိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်း ဖြစ်၊ လူ့အခွင့်အရေး သင်တန်းတွေကို လတ်တလောမှာ သင်ကြား ပို့ချပေးနေသူ တစ်ဦးလည်း ဖြစ်တဲ့ ဆရာ အောင်မျိုးမင်းနဲ့ ရခိုင်အခြေစိုက် နိရဉ္ဇရာ သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ဆရာ မာန်ယုကျော်တို့ကို Western News သတင်းဌာန ရန်ကုန်ဌာနခွဲက သတင်းထောက် ထွန်းသာက ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။