UPR လုပ်ငန်းစဥ်သို့အရပ်ဖက်အဖွဲ့အစည်းများအစီရင်ခံစာတင်သွင်းခြင်း

UPR လုပ်ငန်းစဥ်သို့အရပ်ဖက်အဖွဲ့အစည်းများအစီရင်ခံစာတင်သွင်းခြင်း

ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ UPR လုပ်ငန်းစဉ်သို့ တင်သွင်းမည့် မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများ၏အစီရင်ခံစာများအနက် Burma/Myanmar UPR ဖိုရမ်၏ အစီရင်ခံစာနှင့် Myanmar Child Rights Coalition အဖွဲ့တို့၏ အစီရင်ခံစာအကြောင်း မီဒီယာများအား တင်ပြသည့် အခမ်းအနားကို၂၀၂၀ ြပည့်နှစ်၊ ဩဂုတ်လ (၃၀) ရက်တွင် ကျင်းပခဲ့ပါသည်။

UPR လုပ်ငန်းစဉ်ဆိုသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက လေးနှစ်လျှင်တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာများတင်သွင်းပြီး သုံးသပ်မှု ခံယူရသော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် သုံးသပ်မှု ခံယူရမည်ဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အစိုးရအစီရင်ခံစာများသာမက အရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို အခြေခံ၍ သက်ဆိုင်ရာ နိုင်ငံအပေါ် နိုင်ငံတကာက အကြံပြုချက်များ တင်ပြခြင်း၊ သက်ဆိုင်ရာ နိုင်ငံက လက်ခံလိုက်နာမည့် အကြံပြုချက်များကို ရွေးချယ်ပြီး နိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော်ရခြင်း စသည်တို့ပါဝင်သည်။

ယခုအစီရင်ခံစာများသည် အရပ်ဖက်အဖွဲ့အစည်း (၂၉) ဖွဲ့ ပါဝင်သည့် Burma/Myanmar UPR Forum နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (၁၅)ဖွဲ့ပါဝင်သည့် Myanmar Child Rights Coalition တို့၏ အစီရင်ခံစာများဖြစ်သည်။  လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း (၁၁) ခုနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ (၃)ခုတို့အပေါ် သု တေသန ပြုလုပ်ထားသော အချက်များအပြင် မြန်မာနိုင်ငံအစိုးရအပေါ် အကြံပြုချက်များလည်း ပါဝင်သည်။ ထိုအကြောင်းအရာများမှာ

  • နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအား အတည်ပြုခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအခြေအနေ
  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးစီတန်းခွင့်
  • ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှု လွတ်လပ်ခွင့်
  • နိုင်ငံသားဖြစ်မှု
  • လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး
  • ကျား/မ/အခြား စသည့် ဂျဲန်ဒါရေးရာနှင့် လိင်စိတ်တိမ်းညွတ်မှု/ လိင်ဝိသေသခံယူဖော်ပြမှု ကွဲပြားသူဆိုင်ရာ ပြဿနာများ
  • လူကုန်ကူးမှု
  • မြေယာပြဿနာ
  • နိုင်ငံရေးအကျဉ်းသားများ၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်
  • မသန်စွမ်းသူများ အခွင့်အရေး နှင့်
  • ကလေးသူငယ်ဆိုင်ရာအခွင့်အရေး တို့ဖြစ်သည်။

ထိုအစီရင်ခံစာများကို လူ့အခွင့်အရေးကောင်စီသို့ ပြီးခဲ့သည့် ဇူလိုင်လတွင် တင်သွင်းခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအပေါ် Burma/Myanmar UPR ဖိုရမ်နှင့် Myanmar Child Rights Coalition အဖွဲ့တို့က အောက်ပါအချက်များအပါအဝင် အခြားသောအချက်များစွာကို လေးစားလိုက်နာဆောင်ရွက်ရန် အကြံပြု ထားသည်။ မြန်မာနိုင်ငံအား သုံးသပ်မှုလုပ်ဆောင်မည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင်လည်း အရပ်ဖက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက လူ့အခွင့်အရေးကောင်စီတွင် သွားရောက်လှုံ့ဆော်ကြမည်ဖြစ်သည်။

  • ICCPR, CAT နှင့် CERD တို့ကို အမြန်ဆုံးအတည်ပြု လက်မှတ်ရေးထိုးရန်၊
  • လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကင်းလွတ်မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်၊ အပြစ်ရှိကြောင်းတွေ့ရသည့် တပ်မတော်သားများအား တရားရင်ဆိုင်ရန်နှင့် ပြစ်မှုစစ်ဆေးရန်အတွက် အရပ်ဖက်တရားရုံးများကို လွတ်လပ်စွာ ကိုင်တွယ်ခွင့်ပေးရန်၊
  • တရားရုံးအမှု စီရင်ရေးများအား ပြည်တွင်းနှင့် နိုင်ငံတကာ မျှတသော တရားခွင်ကြားနာရေး စံချိန်စံနှုန်းဆိုင်ရာ ကျွမ်းကျင်သူများမှ ပုံမှန်အချိန်ဖြစ်သော၊ ပွင့်လင်းမြင်သာသောနှင့် လွတ်လပ်သော လေ့လာစောင့်ကြည့်ခြင်းအတွက် ယန္တရားများ ဖော်ဆောင်ရန်၊
  • သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းစာသင်ခန်းများသည် မသန်စွမ်းသူကလေးများအတွက် ကိုက်ညီအောင်ပြင်ဆင်ထားကြောင်း သေချာအောင်လုပ်ဆောင်ရန်၊ မသန်စွမ်းသူများအား နည်းပညာ နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များရရှိအောင် အထောက်အကူ ပြုမည့် သင်တန်းကျောင်းများနှင့် အသက်မွေးဝမ်းကျောင်း စင်တာများကို တိုးမြှင့်ဖွင့်လှစ်ရန်၊
  • လုံလောက်သော အရင်းအမြစ်များခွဲဝေချထားခြင်းနှင့် ဆန်းစစ်လေ့လာခြင်း လုပ်ငန်းစဉ်များ ပါဝင်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ အခွင့်အရေးအားလုံးကို လွှမ်းခြုံ သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသား‌လုပ်ငန်းအစီအစဉ် (National Plan of Action for Children)ကို ရေးဆွဲအတည်ပြု၊ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • တိုင်းရင်းသားပညာရေးကျောင်းများကို အသိအမှတ်ပြုပေးရန်နှင့် အခြေခံပညာရေးဥပဒေတွင် သတ်မှတ်ထားသော ကျောင်းများအနက် အဓိပ္ပာယ်ဖွင့်ဆိုရန် ကျန်နေသည့် ကျောင်းအမျိုးအစား (၆) မျိုးအား သေချာရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပေးရန်၊
  • မည်သည့်နေရာတွင်မဆို ကလေးသူငယ်များအပေါ် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းအား တားမြစ်ခြင်းနှင့် ပတ်သက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အပိုဒ် (၅၆) ပါ ပြဌာန်းချက်အား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

အထက်ပါအစီရင်ခံစာများကို အောက်ပါလင့်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://equalitymyanmar.org/book/archives/2905

http://equalitymyanmar.org/book/archives/2899

 

အသေးစိတ်သိရှိလိုပါက-

– ဦးအောင်မျိုးမင်း                                              myominburma@gmail.com     09 448 015 306

– ဒေါ်ဝင်းပပသန်း (ကလေးအခွင့်အရေး) winpapa.than@savethechildren.org    09 960 545 611

– လွေးပိုးငယ်                                        secretariat@womenofburma.org         09 781 329 742

(လက်နက်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး)

-ဦးမြင့်အောင်                                        myintaung88generation@gmail.com   09 798 473 032

(အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်)

-ဦးအောင်ဖြူဇင် (မသန်စွမ်းအခွင့်အရေး)             aungzin.pwd@gmail.com        09 440 470 752