ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် (၁)ရက်တာ “ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲ” ပြုလုပ်ပြီး မြောက်ခြင်း

National Empowerment for Democracy(NED) ၏ ထောက်ပံ့ မှုဖြင့် (၁)ရက်တာ “ ရပ်ရွာလူထုအတွင်း အသိပညာပေး ဆွေးနွေးပွဲ” ကို (၂၉.၄.၂၀၁၉) ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်မြို့နယ်၊ ဆံတော်ရပ်ကွက်၊ ဆင်တဲဘုန်း တော်ကြီး ကျောင်း တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ တက္ကသိုလ်မှ ကျောင်းသူ၊ကျောင်းသားများ၊ Myanmar Youth Star Network ရှင်သန်ခြင်းအင်အား၊ ပြည်လူ ငယ့်ရိပ်မြုံ၊ ပရဟိတအဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များမှ စိတ်ပါဝင်စားသူ စုစုပေါင်း (၅၈)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် သင်ခန်းစာနှင့် သက်ဆိုင်သော ဗီဒီယိုများပြသခြင်း၊ မေးခွန်းများမေးခြင်း၊ အုပ်စုငယ်များဖွဲ့၍ ဆွေးနွေးစေခြင်း စသည့် နည်းလမ်း များဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ကြပါ သည်။ လူ့အခွင့်အရေး အယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ပေါ်ပေါက် လာပုံ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ြကေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေး အပိုဒ်များ၊ လူ့အခွင့် အရေးနှင့် ပတ်သက်၍ အစိုးရ၏ တာဝန်ရှိမှုများ၊ တိုင်ကြားနိုင်သော ယန္တရားများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မိတ်ဆက်၊ လုပ်ပိုင်ခွင့် နှင့် တာဝန်များ၊ တိုင်ကြားမှုနည်းလမ်းနှင့် တိုင်ကြားစာနမူနာပုံစံ စသည့် အကြောင်းအရာများဖြင့် ဆွေးနွေး ခဲ့ကြပါသည်။

“ မသိသေးတာတွေ သိလာရတယ်၊အရင်က သိခဲ့တာတွေလည်း ထပ်ပြီး အသေးစိတ် လေ့လာရတယ်၊ကိုယ့်အဖွဲ့အစည်းမှာ ပြန်ပြီး အသုံးချနိုင်တာပေါ့။ ကိုယ့်အခွင့်အရေးတွေကို သိလာသလိုမျိုး သူများရဲ့အခွင့်အရေးကိုလည် း လေးစားတတ်ဖို့ အရေးကြီး တယ်ဆို တာသိလာရတယ်။လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကို တော့ ဒီ့ထက်ပိုပြီး လေ့လာချင်သေးတယ်။ အချိန် ခဏလေးပေမယ့် အကျိုးရှိပါတယ် ဟု”Myanmar Youth Star Network မှ ကိုချစ်မြတ်မင်း မှ ပြောကြားခဲ့သည်။

“ ရက်ရှည် သင်တန်းဆိုရင်တော့ ကျောင်းမအားတာနဲ့ တက်နိုင်မှာ မဟုတ်ဘူး။ ခုလို ၃နာရီဆိုတော့ အချိန်အရမ်းပေးစရာမလိုပဲ စိတ်ဝင်စားတာကို လေ့လာခွင့်ရလိုက်တယ်။ မသိသေးတာတွေ သိလာရ တယ်။ ကိုယ့်မှာ ဘာအခွုင့်အရေးတွေရှိနေလဲဆိုတာလည်း သိလိုက်တယ်။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲဆို တာ သေသေချာချာ လေ့လာလိုက်ရတယ်။ ကျေးလက်ဒေသတွေ မှာလည်း ဆွေးနွေးပွဲတွေ လုပ်စေချင်ပါတယ်” ဟု တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်သူ မဇွန်ပွင့်ဖြူ မှပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာမှ သင်တန်းနည်းပြ ကိုပိုင်ဆက်နှင့် လူ့အခွင့်အရေး ပညာပေး သူများကွန်ရက်( HREN) မှ သင်တန်းနည်းပြ ကိုရန်ကျော်ဝင်းမြင့်၊ ကိုကောင်းထက်ကျော်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။