လူ့အခွင့်အရေးအသိပညာပေးသင်တန်း

မတ်လ၊ ၁၆ ရက်မှ ၂၁ ရက်အထိ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဘုန်းကြီးကျောင်းတွင် DanChurchAid ၏ ထောက်ပံ့မှူဖြင့် (၅) ရက်တာ လူ့အခွင့်အရေးအသိပညာပေးသင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့က ဦးဆောင်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းသို့ တက်ရောက်လာသော ဦးသိန်းဇော်ဦးက “ ကျွန်တော်က ဒီသင်တန်းလိုမျိုး တခါမှ မတက်ဖူးဘူး။ ကျွန်တော်က ကျွန်တော့ရွာမှာ ရပ်ရေးရွာရေးမှာ တာဝန်ခံလိုမျိူး လုပ်ရတာတွေ ရှိတယ်။  ဒီသင်တန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တော်တော်များများ သိရတယ်။ နောက်ဆိုရင် စကားပြောရာမှာ အချက်အလက် ကျကျ ပြောဖို့အတွက် လိုအပ်တယ်ဆိုတာ သိလာတယ်” ဟုပြောကြားခဲ့ ပါသည်။

သင်တန်းတွင် အစုအဖွဲ့ဖြင့် လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးအယူအဆနှင့် အဓိပါ္ပယ်၊ လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်းနှင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေး အပိုဒ်များ၊ လူ့အခွင့်အရေးအမျိုးအစား ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းနှင့် နှိုင်းယှဉ်ခြင်း ၊ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များ ၊ တိုင်ကြာနိုင်သော ယန္တရားစသည့် အကြောင်းအရာများ ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး သင်တန်းသူ မသူငြိမ်းငြိမ်းအေးမှ “ အရင်က မသိရှိသေးတဲ့ လူ့အခွင့်အရေးအခြေခံ အချက်အလက် တွေကို သိရှိလာတယ်၊ ဗဟုသုတ တိုးပွားလာပါတယ်၊ လုံးဝမသိရှိသေးတဲ့ နိုင်ငံရေးရာအခြေခံ ဥပဒေများကို သိရှိလာတဲ့အတွက် ဥပဒေသဘောတရားများကို သေချာစွာ နားလည် လာပါတယ်” လို့ ပြောပါသည်။

ဤသင်တန်းသို့ ဆိပ်ဖြူမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ပါတီဝင်များ၊ ဆိပ်ဖြူမြို့နယ်အနီးရှိ ကျေးရွာ အုပ်ချူပ်ရေးမှူး၊ ကျောင်းဆရာများ၊ ရင်ခွင်မဲ့လျော့ချရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရွာသူရွာသားများ စုစုပေါင်း (၃၉) ဦးတက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းကို ညီမျှခြင်း မြန်မာ သင်တန်းနည်းပြ မဌေးဌေးဝင်း၊ ကိုမင်းမင်းထွန်းနှင့် လူ့အခွင့်အရေးပညာပေး သူများကွန်ရက်(HREN)က ကိုထွန်းမင်းထွန်းတို့ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။