လူ့အခွင့်အရေးဆိုင်ရာ ပြင်ပသတင်းများ

ရန်ကုန်၊ သြဂုတ် ၅

မြန်မာ့တပ်မတော်အပါအဝင် မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို ပစ်မှတ်ထားအရေးယူရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီအရင်ခံစာတစ်စောင်ထုတ်၍ တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က သြဂုတ်လ ၅ ရက်တွင် မြန်မာ့တပ်မတော် အပါအဝင် တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို အရေးယူပိတ်ဆို့ပြီး လက်နက်ရောင်းချမှုများကိုပါ ကန့်သတ်ရန် ထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေနှင့် တပ်မတော်က ထိန်းချုပ်ထားသော ကုမ္ပဏီများ အပေါ်တွင် အရေးယူပိတ်ဆို့မှုများ ချက်ချင်းဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံပြည်တွင်း၊ ပြည်ပရှိ စားသုံးသူများ ၊ ရင်းနှီးမြုပ်နှံသူများသည်လည်း တပ်မတော်နှင့် ဆက်သွယ်မှုမရှိသော စီးပွားရေးလုပ်ငန်းများနှင့်သာ ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးကာလအတွင်း မြန်မာနိုင်ငံရှိ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုသည် တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများပေးအပ်ခဲ့ကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်ပိုင် လုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့သည် ဆောက်လုပ်ရေး၊ ဆေးဝါး၊ ကုန်ထုတ်၊ အာမခံ ၊ ဘဏ်နှင့် ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းပေါင်း ၁၂၀ ကျော်ကို ပိုင်ဆိုင်ထားကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်က ကြေညာထားသည်။

ထို့အပြင် လက်ခွဲလုပ်ငန်းပေါင်း ၂၆ ခုနှင့်အတူ MEHL နှင့် MEC ကုမ္ပဏီ တို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကျောက်စိမ်း၊ ပတ္တမြားတူးဖော်ရေးလုပ်ငန်းများလည်း ရယူထားကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်၏ ထုတ်ပြန်ချက်ပါ ပြောဆိုချက်များကို မည်ကဲ့သို့ တုံ့ပြန်ရန် ပြင်ဆင်ထားသည်ကို မေးမြန်းရန် The Voice Journal က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကမူ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပေါ်တွင် အရေးယူပိတ်ဆို့သည့် နိုင်ငံတကာ၏ ဖိအားများ ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်သည်။

“ဒါက Target ခေါ်တဲ့ ဆန်ရှင်ပေါ့။ ဒီလိုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရေးယူမှုတွေ ဒါတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူအပေါ်အရေးယူမှုက ပြည်တွင်းမှာ မဖော်ဆောင်နိုင်ရင် နောက်ထပ်ဆက်လက် သွားမယ့် သဘောမျိုးရှိနေတာက အထင်အရှားပါပဲ” ဟု ၎င်းက ဆိုသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အတည်ပြုပေးရန် လူ့အခွင့်အရေးကောင်စီက ပေးထားသော လုပ်ပိုင်ခွင့် ရထားသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
The Voice

မင်းဇော်မင်း.လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက် တမ်းသည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ထပ်မံဖွဲ့စည်းမည့် ကော်မရှင်အသစ်တွင် ပါဝင်လာမည့်လူများ ပြောင်းလဲရုံသာ မကဘဲ မူဝါဒပါ ပြောင်းလဲရန် လိုအပ်နေသည်ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆို ခဲ့သည်။.

.အဖွဲ့အစည်း ၂၄ ခုဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group-2019)က ဇူလိုင်လ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်သစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ် ပွင့်လင်း မြင်သာမှုနှင့် အားလုံးပါဝင်မှုရှိရန် လိုအပ်သည်ဟူသော ထုတ်ပြန်ချက်အပေါ် ဦးအောင်မျိုးမင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကော်မရှင်မှာ ပါတဲ့သူတွေက ဌာနဆိုင်ရာ စေလွှတ်လိုက်တဲ့လူတွေ၊ ပြည်ထဲရေး၊ တပ်မတော်၊ အခုမပါတော့တဲ့ အကျဉ်းဦးစီးညွှန်ချုပ်တို့လို လူတွေဆိုတော့ လူ့အခွင့်အရေးကို တကယ်သိလား၊ တကယ်ပဲ ကာကွယ် ပေးနိုင်မလားဆိုတာ ဆန်းစစ်ဖို့လိုမယ်။ လူ့အခွင့်အရေးဖြစ်တဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်ရမှာကို ဌာနဆိုင်ရာ အမြင်တွေနဲ့ ကြည့်မယ်။ အချက်အလက် တိကျမှုအစား အပေါ်ယံလောက်ပဲ လုပ်မယ်ဆိုရင် ဘယ်လို ယုံကြည်ရမလဲ။ ရွေးချယ်ရေး ဘုတ်အဖွဲ့ ကိုယ်တိုင်ကအစိုးရ၊ ပြည်ထဲရေးတို့က ဖြစ်နေတယ်။ ဘယ်သူတွေကို ဘယ်လိုရွေးချယ် တယ်ဆိုတာ မသိရသလို သမာသမတ် ကျတဲ့သူလား၊ တကယ်လူ့အခွင့်အရေးကို နားလည် စာနာတဲ့သူလား ဆိုတာ သိဖို့လိုမယ်။ ဒါကြောင့် လူတွေ ကိုသာမက မူတွေပါ ပြင်ပြီး အသစ် ဖွဲ့ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။.ထို့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော် ကလည်း “ဥပဒေက အစပြင်ရမယ်။ အခုရွေးချယ်ရေးဘုတ်အဖွဲ့မှာ အစိုးရပိုင်းက အများဆုံးဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုး ဖောက်ဆုံးက လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတွေ ဖြစ်နေတာကို ကော်မရှင် ရွေးချယ်တဲ့သူတွေက အစိုးရနဲ့ ပြည်ထဲရေးကပဲ ဆိုရင်လူ့အ ခွင့်အရေး ချိုးဖောက်တာတွေကို ကာ ကွယ်ပေးတာ၊ အားပေးတာတွေ ရှိနေမှာဖြစ်သလို သူတို့ ရွေးချယ်လိုက်တဲ့ သူတွေကလည်း ဒီလိုလူတွေကိုပဲ ရွေးချယ် ကြမှာဖြစ်တယ်။

ဒါကြောင့် အလွှာစုံက လူ့အခွင့်အရေးကို တကယ် စာနာ လုပ်ကိုင်နိုင်သူတွေ၊ အမျိုးသမီး၊ တိုင်းရင်းသားစတဲ့ နယ်ပယ်စုံက လူတွေကို ရွေးချယ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ လုပ်ငန်းမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ လိုမယ်။ အစိုးရကိုယ်စား ပြုသူတွေ အစား တကယ့်အရပ်ဘက် အဖွဲ့အစည်းတွေက သူတွေကို ပွင့်လင်းမြင် သာစွာ ရွေးချယ်ပေးဖို့ လိုအပ်နေပါ တယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။.လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁ ဦး၊ ဥပဒေ နှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂ ဦးတို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
Kanbawzatainews

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေပြီး မြန်မာအစိုးရအနေနဲ့ ဒါတွေကို ရပ်တန့်အောင်လုပ်ဖို့နဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

အင်္ဂါနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးမှာ အဲဒီလို တိုက်တွန်းခဲ့တာဖြစ်ပြီး အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်၊ အကြမ်းဖက်ခံရမှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်တပ်နဲ့ အစိုးရ အာဏာပိုင်တွေကို လုံခြုံရေးကောင်စီက ဇူလိုင်လ (၃၀)ရက်နေ့ က တောင်းဆိုလိုက်တာပါ။ မြန်မာအပါအဝင် စိုးရိမ်ရတဲ့နိုင်ငံတွေ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အ ဖဲ ွ့ဝင် ၁၅နိုင်ငံလုံး ပါဝင်တဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အလုပ်အဖွဲ့ကနေ သူတို့ရဲ့ တွေ့ရှိချက်နဲ့ သုံးသပ်ချက်တွေကို အင်္ဂါနေ့က ဆွေးနွေးညှိုနှိုင်းခဲ့ကြတာပါ။

ကလေးသူငယ်တွေရဲ့ အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်မှုတွေမှာ ကလေးစစ်သား စုဆောင်း၊ အသုံးပြုမှုနဲ့ ပဋိပက္ခအတွင်း ကလေးတွေကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်မှု စတဲ့ အချက်နှစ်ချက်ပေါ်မှာ သုံးသပ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ၂၀၁၇-၂၀၁၈ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အဓိက ထားခဲ့ကြောင်း အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

“ သူတို့ အနေနဲ့ လုပ်နေတယ်ဆိုတာလည်းဘဲ ကျနော်တို့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဒီ ARSA တိုက်ခိုက်မှု ဖြစ်ပြီး နောက်ပိုင်း ကျနော်တို့ အခြေအနေတွေ အပေါ် မူတည်ပြီးတော့ အဲဒီ အခြေအနေတွေ အပေါ် နောက်ခံထားပြီးတော့ ၂၀၁၈ အထူးသဖြင့်တော့ ၂၀၁၈ လောက် အထိကို သူတို့က သုံးသပ်ပြီးတော့ လုပ်တဲ့ သဘောပါ။ ဆိုတော့ ဒီ Working Group ရဲ့ Conclusion Method လို့ ခေါ်တာပေါ့ သူတို့ရဲ့ သုံးသပ်ချက်ပေါ့ အဲဒါ ကတော့ အမှန်က ဆုံးဖြတ်ချက် သဘောမျိုးလည်း မဟုတ်ဘူး၊ Working Group Level မှာ သူတို့ ဆွေးနွေးပြီးတော့ လုပ်တဲ့ဟာ။ ကျနော်တို့ဘက်က တိုးတက်မှုတွေ အများကြီးလည်း ကျနော်တို့ ပေးထားတာတွေ ရှိပါတယ်။ အကောင်းတွေလည်း အများကြီး သူတို့ကို ကြိုဆိုတာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ဇူလိုင် ၂၁ ရက်နေ့က လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကလေးအခွင့်အရေးဆိုင်ရာ ဥပဒေ တို့ ဘာတို့ဆိုတာ UN ကိုယ်တိုင်ကလည်း ချီးကျူးပြီးတော့ အင်မတန်မှ ပြီးပြည့်စုံတဲ့ ကောင်းမွန်တဲ့ ဥပဒေ။ ကလေး အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စံနမူနာ ထားလောက်တဲ့ ဥပဒေဘဲ ဆိုပြီးတော့ ဝိုင်းဝန်း ချီးကျူးပြီးတော့ ကြိုဆိုနေတာတွေလည်း ရှိပါတယ်။ ”

အစည်းအဝေးပြုလုပ်တဲ့ တရက်တည်းမှာပဲ ထုတ်ပြန်ခဲ့တဲ့ ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Virginia Gamba ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုလည်း လုံခြုံရေးကောင်စီ အလုပ်အဖွဲ့မှာ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဖွဲ့ဝင်အားလုံး သဘောတူတဲ့ သုံးသပ်အကြံပြုချက်တွေကို ဇန်နဝါရီလက စပြီး အလုပ်အဖွဲ့ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ Belgian နိုင်ငံကနေ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့- လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ ပါဝင် ပတ်သက်နေတဲ့ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို အဓိက တိုက်တွန်းထားတဲ့ အချက်တွေထဲမှာ- ကလေးတွေအပေါ် ဆက်လက်အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်မှု အားလုံးကို လုံခြုံရေးကောင်စီ အနေနဲ့ အပြင်းအထန် ရှုတ်ချကြောင်းနဲ့ ဒီကျူးလွန်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ကလေးစစ်သားအဖြစ် စုဆောင်းအသုံးချမှု၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ နှိပ်စက်မှု၊ အတင်းအဓမ္မပြုကျင့်မှုနဲ့ အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ မြန်မာစစ်တပ်က စာသင်ကျောင်းတွေကို အသုံးချတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ခွင့်မပြုတာ၊ နိုင်ငံတကာဥပဒေကို လိုက်နာမှုမရှိတာတွေကို လုံခြုံရေးကောင်စီ အလုပ်အဖွဲ့က ကန့်ကွက်ရှုတ်ချထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာရှိနေတဲ့ ကလေးတွေအပေါ် သတ်ဖြတ်၊ နှိပ်စက်မှု အပါအဝင် ပြင်းထန်ဆိုးရွာလှတဲ့ အကြမ်းဖက်မှု (၆)ချက်ကို ကျူးလွန်မှုမှန်သမျှ အပြစ်ပေးအရေးယူဖို့ မြန်မာအစိုးရကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေပေးဖို့၊ စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ အဟန့်အတားမရှိ၊ ဘေးကင်းလုံခြုံစွာ သွားရောက်ခွင့် ပြုဖို့ မြန်မာအစိုးရကို လုံခြုံရေးကောင်စီက တောင်းဆိုထားတယ်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ မြန်မာအစိုးရအနေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးအကာအကွယ်ပေးနိုင်ဖို့နဲ့ နောင်မှာ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်ပေါ်မလာအောင် တားဆီးဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ အခုလို တုန့်ပြန်ပြောကြားပါတယ်။

“ ကျနော်တို့ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိနေတယ်လေ။ ဒီဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ပေါ့။ အထူးကိုယ်စားလှယ် ဆိုတာ ကလေးသူငယ်နဲ့ ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုတာ ရှိတယ်။ သူနဲ့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ တပ်မတော်ပိုင်း ဆိုင်ရာနဲ့လည်း ကျနော်တို့ ဆွေးနွေးမှုတွေ လုပ်တယ်။ နောက် သူတို့လည်းဘဲ ဒီဟာမျိုးတွေကို နောက်ပိုင်းမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့နဲ့ ပတ်သက်လို့ သင်တန်းတွေလည်း ကျနော်တို့ တပ်မတော်သားတွေကိုရော ကျနော်တို့ ဒီဘက်က အရပ်ဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေရော ပေါ့လေ သင်တန်းပေးမှုတွေလည်း ကျနော်တို့ လုပ်နေတယ်။ ကျနော်တို့ သဘောတူညီချက်တွေလည်း ကျနော်တို့ လုပ်ထားတာတွေ ရှိတယ်။ အခုလည်း ဒီ ongoing process က ရှိနေပါတယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ။ ဒါတွေကိုလည်း သူတို့ ကြိုဆိုထားတာတွေ ရှိတယ်။”

အထူးသဖြင့် မြန်မာတပ်မတော်အတွင်း ကလေးစစ်သားစုဆောင်းမှု အတော်လေးကျဆင်းသွားတဲ့အကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ဒီ ၂၀၁၈ အတွင်းမှာဘဲ ဒီ ကလေးစစ်သား စုဆောင်းမှုက တော်တော်ကို အရင်နှစ်တွေနဲ့ စာလို့ ရှိရင် သိသိသာသာကို အများကြီး ကျသွားတာတွေ ရှိတယ်။ ဆယ်ဂဏန်း ဘဲ ရှိတာ။ တကယ်တန်းတော့ တယောက် ရှိရှိ နှစ်ယောက် ရှိရှိ မကောင်းပါဘူး။ ဒါ ကျနော်တို့က ပပျောက်အောင် လုပ်နေကြတာ။ စေတနာနဲ့ပေါ့နော်။ ဒါ ကိုယ့်ရဲ့ စိတ်ရင်းခံနဲ့ ကျနော်တို့က ရင်ထဲ ဆန္ဒနဲ့ ကလေးသူငယ်တွေ အတွက် ကျနော်တို့ လုပ်နေတယ်။”

UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ၊ ရန်ပုံငွေအဖွဲ့ ရဲ့ ၂၀၁၉ခုနှစ် ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ခံစားနေရတဲ့ ကလေးသူငယ်ပေါင်း ၄၆၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ နောက်သူတို့အတွက်လည်း အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ UNICEF က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

လာမယ့် သောကြာနေ့ သြဂုတ်လ (၂)ရက်နေ့ လုံခြုံရေးကောင်စီမှာ ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Virginia Gamba ရဲ့ နှစ်ပတ်လည် အစီရင်ခံစာအပေါ် တံခါးဖွင့် ဆွေးနွေးပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
VOA News