တောင်တွင်းကြီးမြို့နယ်တွင် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင် ၁ ရပ်ကွက် ပုဏ္ဏ၀တီဘုန်းကြီးကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲတွင် လူ့အခွင့်အရေးအခြေခံဗဟုသုတများ သိရှိစေရန်နှင့် ဒေသအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုမျာကို သိရှိလာပြီး တိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီလိုပွဲတွေကို ကျွန်တော်တစ်ယောက်တည်းသာမက ကျွန်တော်တို့ရွာက လူတွေတစ်ရွာလုံးက လူတွေသိမယ် ဆိုရင်အုပ်ချုပ်ရတဲ့ လူအတော်ကို အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခွင့်အရေးကိုလည်း သိလိုက်သလို ဥပဒေနဲ့ချိတ်ဆက်နေတဲ့အခွင့်အရေးကိုလည်း နားလည် သွားမယ် စည်းမျဉ်းစည်းကမ်း ကိုလည်း နားလည်သွားမယ်”လို့ ရှမ်းကိုင်းကျေးရွာအုပ်စု၊ အောင်းပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းရွှေဦးကပြောပါသည်။

ထိုပွဲတွင် လူ့အခွင့်အရေးအယူအဆအဓိပ္ပါယ်၊ လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ပေါက်လာပုံသမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်ပါဝင်သည့် အပိုဒ်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရ၏တာဝန်များနှင့် တိုင်ကြားနိုင်သော ယန္တရားများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အကြောင်း မိတ်ဆက် ပေးခြင်းနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ တိုင်ကြားမှု နည်းလမ်းများနှင့် တိုင်ကြားစာနမူနာပုံစံ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

“အရင်ကဆိုရင်လူ့အခွင့်အရေးဆိုတဲ့စကားလုံးကိုကြားဖူးနေတယ် ဒါပေမယ့် ကိုယ့်အတွက် ဘာအခွင့်အရေး တွေရမယ်ဆိုတာကို တော့မသိဘူးပေါ့။ အခုဒီပွဲကိုတက်လိုက်ရတော့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို နားလည်သွားတာပေါ့”လို့ တောင်ပြင် ၁ ရပ်ကွက်နေ ဒေါ်ရီရီဆွေမှ ပြောကြားခဲ့ပါသည်။

ထိုပွဲကို အပြန်အလှန်ဆွေးနွေးသည့်ပုံစံဖြင့် ဆွေးနွေးခဲ့ကြပြီး မေးခွန်းများမေးမြန်းခြင်း၊ အုပ်စုငယ်များဖွဲ့၍ ဆွေးနွေးစေခြင်း စသည့်နည်းလမ်းများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရွာမနားရွာ၊ သဲကြီးကုန်းရွာ၊ ရွာသစ်ရွာ၊ ဇီးတောရွာ၊ ကံလှရွာ၊ အောင်းပေါက်ရွာ၊ ရွာသာရွာ၊ စံပြရွာ၊ ပင်တိုင်ရွာ၊ မထီရွာ၊ တလုပ်ပင်ရွာ၊ လက်ပံကွေ့ရွာ၊ ဟင်္ဂရော်ရွာ၊ ရှမ်းကိုင်းရွာ နှင့် တောင်ပြင် ၁ ရပ်ကွက် နှင့် တောင်ပြင် ၂ ရပ်ကွက် တို့က ဒေသခံများ စုစုပေါင်း ၄၃ ဦးတက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲကို ညီမျှခြင်းမြန်မာအဖွဲ့၏ သင်တန်းနည်းပြ ကိုနိုင်နိုင်စိုးနှင့် လူ့အခွင့်အရေးပညာပေး ကွန်ယက်(HREN)က မဇာခြည်ထွန်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။