ရှမ်းပြည်နယ်၊ ရွာငံမြို့ တွင် လူ့အခွင့်အရေး ဟောပြောပွဲကျင်းပ

မတ်လ၊ ၁၁ရက်တွင် ကိုပလောင်(အဆင့်မြင့်တည်းခိုခန်း)၌ ညီမျှခြင်းမြန်မာအဖွဲ့နှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်(HREN) တို့က ပူးပေါင်း၍ တစ်ရက်တာလူ့အခွင့်အရေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းသူ မနွယ်နွယ်စိုးကလည်း “လူ့အခွင့်အရေးဆိုတာ ပရမ်းပတာ လုပ်ချင်သလို ဖြစ်ချင်သလို ဖြစ်နေတာ မဟုတ်ဘူးလို့မြင်မိတယ်။ သူ့မှာ အခွင့်အရေးဆိုတာရှိသလို တာဝန်နဲ့စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း တွေလည်းပါဝင်နေတာတွေ့လိုက်ရတယ်။ လူ့အခွင့်အရေးရဲ့အနှစ်သာရကို သိထားမှလည်း ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးတခုကို သွားနိုင်မယ်လို့သတိပြုလိုက်မိပါတယ်။တိုင်ကြားမှုအနေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရှိနေပြီဆိုတာကို သိလိုက်ရတယ်။သို့ပေမဲ့ လုပ်ပိုင်ခွင့်နည်းနေသေးတာကို တွေ့ရပါတယ်။အားကောင်းလာအောင်လည်း အစိုးရအနေနဲ့ဖွဲ့စည်းပေးသင့်ပါတယ်။အဓိက ကလွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိမှု ပိုလိုအပ်မည်ဟု အကြံပြုချင်ပါတယ်။”လို့ ဆိုပါသည်။

သင်တန်းအတွင်း လူ့အခွင့်အရေး၏ အဓိပ္ပါယ်၊ အနှစ်သာရများ၊ အပြည်ပြည်ဆိုင် လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်းနှင့် အပိုဒ်၏အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းချက်များ၊ အစိုးရ၏တာဝန်နှင့်ဝတ္တရားများ၊ အခွင့်အရေးချိုးဖောက် ခံလာရပါက တိုင်ကြားလာမှုများကို အရေးယူဆောင်ရွက်နိုင်သော နေရာများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းဆောင်တာများ၊ တာဝန်များနှင့် လုပ်ပိုင်ခွင့်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။

‘’အခုသင်တန်းက ကျွန်တော့်အတွက်အသိပညာတွေ ရလိုက်တာတွေကတော့ ရှိပါတယ်။ အများကြီးတော့မဟုတ်ပါဘူး ဒါပေမဲ့အားလုံးထဲက မှတ်မှတ်ရရဆိုရင်လူ့အခွင့်အရေးဆိုသောအကြောင်းကို ရှင်းလင်းသောအခါတွင် ကျွန်တော်တို့ သိထားသော ဂုဏ်သိက္ခာဆိုတာနဲ့ သင်တန်းက အဓိပ္ပါယ်ဖွင့်ပြထားသော စကားလုံးနင့််အနှစ်သာရ တွေဟာလွန်စွာ ကွဲပြားနေတာတွေ့ရပါတယ်။ ငွေကြေးပြည့်စုံမှု အဆင့်အတန်းရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မဟုတ်ပဲ အခွင့်အရေးတွေ အခွင့်အလမ်းတွေ့ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။’’ ဟု ရွာငံမြို့က ကိုသန်းဝေ၏ အမြင်ကို အခုလိုတင်ပြဆွေးနွေးလာပါသည်။

ထိုဟောပြောပွဲကို ရွာငံမြို့နှင့် နွားဘန်းကြီး၊ သိမ်ကုန်း၊ အင်းကြီး၊ ဆင်နက်အိုင်၊ ဈေးတန်း စသည့်ဒေသများက ဒေသခံ စုစုပေါင်း အယောက် ၄၀ တက်ရောက်လာကြသည်။

ကိုစိုးဝင်းသန်း(ရွာငံမြို့)၏ ကူညီပံ့ပိုးမှုဖြင့် ညီမျှခြင်းမြန်မာအဖွဲ့၏ နည်းပြကိုမင်းမင်းထွန်းနှင့် လူ့အခွင့်အရေး ပညာပေးသူများကွန်ယက်(HREN) လူ့အခွင့်အရေးနည်းပြ ကိုသန့်ဇင်ဦးတို့က ဟောပြောပွဲကို ဦးဆောင်ခဲ့ကြသည်။