ဒလမြို့တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မတ်လ၊ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ညောင်ကုန်းရပ်ကွက်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့က ဦးစီးကျင်းပ ခဲ့ပါသည်။

လူ့အခွင့်အရေးအခြေခံဗဟုသုတများသိရှိစေရန်နှင့် မိမိဒေသအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိလာပြီးတိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ကိုအုပ်စိုးခန့်က သင်တန်းနဲ့ ပတ်သက်ပြီး “ ကျွန်တော် အနေနဲ့ ဒီဆွေးနွေးပွဲ ကနေပြီးတော့ အသိပညာဗဟုသုတတွေအများကြီးသိရှိခဲ့ရတယ်။ လူ့အခွင့်အရေး သမိုင်းကြောင်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကိုလည်း သိရှိခဲ့ ရပါတယ်” လို့ ပြေားကြားခဲ့ပါသည်။

လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပာယ်၊ လူ့အခွင့်အရေးအယူအဆ သမိုင်းကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပါဝင်သောအခွင့်အရေးအပိုဒ်များ၊ လူ့အခွင့်အရေး နှင့်ပတ်သက်၍ အစိုးရ၏ တာဝန် ရှိမှုများ၊ တိုင်ကြားနိုင်သော ယန္တရား များဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အကြောင်း မိတ်ဆက်ပေးကာ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ တိုင်ကြားမှု နည်းလမ်းနှင့် တိုင်ကြားစာနမူနာပုံစံ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

သင်ခန်းစာနှင့် သက်ဆိုင်သော ဗီဒီယိုများပြသခြင်း၊ မေးခွန်းများမေးခြင်း၊ အုပ်စုငယ်များဖွဲ့၍ အပြန်အလှန် ဆွေးနွေးစေသည့် နည်းလမ်းများဖြင့် ဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာက သင်တန်းနည်းပြ မအေးအေးမော် နှင့်အတူ လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက် (HREN) အဖွဲ့ဝင် မသဉ္ဇာခိုင် တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ အင်အားသစ်၊ အဖြူထည်မှ အဖွဲ့ဝင်များ၊ ကလေးသူငယ် နှင့်ပတ်သက်ပြီး ရပ်ရွာအတွင်း ကူညီပံ့ပိုးသူများအဖွဲ့၏ အဖွဲ့ဝင်များ နှင့် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတို့က စုစုပေါင်း (၅၄) ယောက် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။