အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးကော်မတီ (ပဲခူးတိုင်းအရှေ့ခြမ်း) နှင့် (၅)ရက်တာ“အခြေခံ လူ့အခွင့်အရေး အမြင်ဖွင့်သင်တန်း”

Equality MyanmarAugust 24, 2019

Tharthimyae ၏ ထောက်ပံ့မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးကော်မတီ (ပဲခူးတိုင်းအရှေ့ခြမ်း) နှင့် ညီမျှခြင်းမြန်မာ တို့ ပူးပေါင်း၍ (၅) ရက်တာ “ အခြေခံ လူ့အခွင့်အရေး အမြင်ဖွင့် သင်တန်း” ကို (၁၁.၈. ၂၀၁၉) မှ (၁၅.၈.၂၀၁၉) ရက်နေ့အထိ အောင်မင်္ဂလာခန်းမ၊ တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း (၁၄)မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသမီးကော်မတီ အဖွဲ့ဝင် (၃၃)ဦး တက်ရောက်ဆွေးနွေးကြပါ သည်။

“ ဒီသင်တန်းတက်လိုက်ရလို့ လူ့အခွင့်အရေးဗဟုသုတတွေ၊ ခံစားခွင့်တွေ၊ ဥပဒေတွေကို လေ့လာ လိုက်ရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်း မျှဝေပေးနိုင်မယ်။ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ တန်းတူအခွင့်အရေးရဖို့ အမျိုးသမီးခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်ဖို့ ကူညီ ဆောင် ရွက်သွားချင်စိတ် ဖြစ်မိတယ်” ဟု ဒေါ်သီတာ မှ ပြောကြားခဲ့သည်။

သင်တန်းကို အပြန်အလှန်ဆွေးနွေးသည့် ပုံစံဖြင့် ဆွေးနွေးခဲ့ကြပြီး သင်ခန်းစာနှင့် သက်ဆိုင်သော ဗီဒီယိုများပြသခြင်း၊ မေးခွန်းများမေးခြင်း၊ အုပ်စုငယ်များဖွဲ့၍ ဆွေးနွေးစေခြင်း စသည့်နည်း လမ်းများ ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေးအယူအဆသမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်း ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေးအပိုဒ်များ၊ လူ့အခွင့်အရေးအမျိုးအစားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှိုင်းယှဉ်ခြင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရ၏ တာဝန်ရှိမှုများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ၊ တိုင်ကြားနိုင်သော ယန္တရားများ စသည့် အကြောင်းအရာခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

“ ကိုယ်မသိသေးတဲ့ လူ့အခွင့်အရေးှဗဟုသူတတွေ၊ နိုင်ငံတကာစာချုပ်တွေနဲ့ မူဘောက်တွေ ကို သိခွင့်ရခဲ့လို အရင်ထက် အသိပညာတိုးပွားရပါတယ်။ လူလူချင်း စာနာထောက်ထားပြီး လူသား ဆန်ဆန် နေထိုင်ဖို့လည်း သင်ယူရရှိခဲ့တယ်” ဟု ဒေါ်ခင်နီလာထွန်းမှ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဆရာဦးအောင်ဇော်ထွေး( Freelance Consultant) နှင့် ညီမျှခြင်းမြန်မာမှ သင်တန်းနည်းပြဖြစ်သူ ကိုပိုင်ဆက်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။