ရေဘေးကယ်ဆယ်ရေးနှင့် ဆိုရှယ်မီဒီယာပေါ်က ကလေးငယ်များ

Equality MyanmarAugust 25, 2019

ကလေးတွေနဲ့ ပတ်သက်တဲ့ ဒီအကြောင်းအရာကို တခါမက ရေးဘူးပါတယ်… ဒါပေမဲ့ အခုတခါ ထပ်ရေးဖို့ စိတ်ကူးမိပြန်ပါပြီ…

ကျနော်တို့ မြန်မာပြည်က ပြည်သူတွေဟာ စေတနာသဒ္ဒါတရားထက်သန်ကြပါတယ်.. ဒုက္ခရောက်သူတွေကို ကူညီချင်တဲ့စိတ်၊ အလှူအတန်းလုပ်ပြီး ကုသိုလ်ပြုလိုတဲ့စိတ်က မြင့်မားသလို ထင်ရှားကြပါတယ်.. ရေဘေးမီးဘေးသဘာဝဘေး စစ်ဘေးတွေမှာ ပရဟိတစိတ်တွေနဲ့ သွားရောက်ကူညီကြတာကို ပီတိဖြစ်စရာ တွေ့မြင်နေရပါတယ်…

အဲလိုပုံတွေထဲမှာမှ ကလေးတွေနဲ့ပတ်သက်တဲ့ပုံလေးတွေ တက်လာတာကို တွေ့ရပါတယ်… အလှုရှင်တွေက မိမိပြုလုပ်တဲ့အလူကို အခြားသူတွေ ကြည်နူးသာဓုခေါ်စေချင်ဇောနဲ့ တင်တဲ့ပုံတွေမှာ ကလေးတွေနဲ့ပတ်သက်ပြီး သတိထားစရာပုံလေးတွေကို ဂရုပြုမိပါတယ်.. 
ကလေးငယ်တွေဟာ ဖွံ့ဖြိုးဆဲလူသားတွေဘဲဖြစ်ပါတယ်.. အသက်အရွယ်နဲ့ အတွေ့အကြုံတွေ နုနယ်ကောင်းနုနယ်နိုင်ပေမဲ့ သူတို့မှာ ခံစားတတ်တဲ့နှလုံးသားတွေရှိတတ်ပါတယ်.. လူကြီးတွေလိုဘဲ ဂုဏ်သိက္ခာကို လေးစားခံချင်ကြပါတယ်.. သူတို့မှာ အနာဂတ်တွေရှိကြတယ်.. အိပ်မက်တွေရှိကြတယ်..လက်ရှိအခြအနေမှာ ဘယ်လိုမျိုးအခြေအနေမျိုးဘဲဖြစ်နေဖြစ်နေ သူတို့ရဲ့ အနာဂတ်မှာ ဆိုးဝါးတဲ့လောင်းရိပ်တွေမပါသွားအောင် ကာကွယ်ပေးဖို့လိုပါတယ်..

ဒါကြောင့်မို့လို့ မကြာခင်က ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးဥပဒေရဲ့ အခန်း (၇) ကလေးသူငယ်များရဲ့အခွင့်အရေးခေါင်းစဉ်အောက်မှာ ကလေးတိုင်းရဲ့ ရရှိခံစားခွင့်ရှိတဲ့အခွင့်အရေးတွေကို ဖော်ပြထားပါတယ်.. ဒီအခွင့်အရေးတွေထဲမှာ အသက်ရှင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်၊ ပညာသင်ခွင့်၊ အပန်းဖြေခွင့်တွေပါပါတယ်.. အဲဒီအခွင့်အရေးတွေထဲမှာ “ကလေးတိုင်းရဲ့ ဂုဏ်သိက္ခာ၊ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်”လို့ ဖော်ပြထားပါတယ်.. ဒီအပိုဒ်ရဲ့ ဆိုလိုချက်ကတော့ ကလေးတွေရဲ့ ပုဂ္ဂလိကအကြောင်းအရာတွေကို မသက်ဆိုင်သူတွေမသိအောင် ကာကွယ်ပေးရမယ်… သူတို့ရဲ့ အနာဂတ်ကို ထိခိုက်နိုင်မဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေအပေါ် ထိပါးတဲ့အပြုအမူတွေ လုပ်ခွင့်မရှိဘူး.. ကလေးများနဲ့ ဆက်ဆံလုပ်ကိုင်တဲ့အခါမှာ သူတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်လို့မရဘူးလို့ ဆိုလိုတာဖြစ်ပါတယ်..

အခုတလော ရေဘေးကယ်ဆယ်ရေးတွေလုပ်တဲ့အခါ ကူညီကယ်ဆယ်တဲ့ ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ တင်လာကြပါတယ်..တချို့ပုံတွေမှာ ကလေးတွေကို အစားအစာအဝတ်အစားဝေငှတဲ့ပုံတွေတင်ထားတာ တွေ့ ရပါတယ်.. ဒါပေမဲ့ စည်းကမ်းတကျဖြစ်စေချင်တာလား မှတ်တမ်းဓာတ်ပုံရိုက်ဖို့ အဆင်ပြေချင်တာလားတော့မသိဘူး … ကလေးတွေကို ဒူးထောက်ပြီး ယူခိုင်းတဲ့ပုံမျိုးတွေ အလှုရှင်တွေက ထိုင်ခုံပေါ်ကနေ လှမ်းပေးနေတဲ့ပုံတွေတွေ့ရပါတယ်.. တချို့ဆို လာလှူတဲ့ပစ္စည်းကို လိုအပ်လို့ လိုချင်လွန်းလို့ လာယူတဲ့ကလေးရဲ့ တန်းစီနေတဲ့ပုံတွေကို အနီးကပ်ရိုက်ပြထားတာကို တွေ့ရပါတယ်.. အရင်ကမှ ဘေးဒုက္ခကြုံလို့ ဒုက္ခရောက်နေတဲ့သူတွေ အထူးသဖြင့်ကလေးငယ်တွေ စိတ်သောကရောက်နေတဲ့ အခြေအနေမျိုးမှာ ထပ်ပြီး နှိမ့်ချတဲ့ အပြုအမူတွေ၊ အလွန်အမင်းသနားစရာကောင်းတဲ့လူသားတွေအဖြစ် သတ်မှတ်တင်ပြခံနေရတာတွေ တွေ့ရပါတယ်..

ဟုတ်ပါတယ်… ဒီလူတွေဟာ ဒုက္ခကြုံတွေ့နေရတဲ့သူတွေဖြစ်ပါတယ်.. အကူအညီအထောက်အပံ့တွေ လိုအပ်တယ်ဆိုတာကလဲ အမှန်ပါဘဲ.. ဒါပေမဲ့ ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် သူတို့ဟာ လူသားတွေဘဲဖြစ်တယ်.. သူတို့ရဲ့ ဂုဏ်သိက္ခာကို ထပ်မံစော်ကားရာရောက်မဲ့ အပြုအမူတွေကို သူတို့နှစ်သက်မှာမဟုတ်ပါဘူး.. သူတို့ကို စာနာသနားကြင်နာမှုတွေကို လိုချင်ကြပေမဲ့ အလွန်အမင်းနှိမ့်ချမှု မျိုးကိုတောင် လိုချင်ကြမှာမဟုတ်ပါဘူး..

ရင်ကို ထိခိုက်စေတဲ့ နောက်ထပ် ပုံတွေကတော့ HIV မိဘတွေကိုထားတဲ့ ဂေဟာတွေ၊ HIV ရှိနေတဲ့ကလေးတွေရဲ့ ဂေဟာတွေကို သွားရောက်လှူဒါန်းတဲ့ပုံတွေပါ.. ဝန်ကြီးချုပ်ကတော်တယောက်က ကိုယ်တိုင်သွားလှူတဲ့ပုံတွေပါ.. ဒီလိုလှူဒါန်းမှုကို အားပေးပါတယ်.. သာဓုခေါ်ပါတယ်. ဒါပေမဲ့ အဲဒီဂေဟာက ကလေးတွေရဲ့ မျက်နှာကို ပေါ်အောင် ရိုက်ထားတဲ့ပုံတွေကို မြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်.. ဒီလိုလူမျိုးတွေကို အထင်သေးမုန်းတီးရွံရှာနေဆဲဖြစ်တဲ့ ကျနော်တို့ပတ်ဝန်းကျင်မှာ ဒီကလေးတွေကို သတိထားမိတဲ့အခါ ဘယ်လိုဆက်ဆံကြမလဲ.. ကလေးတွေကရော ဒီလိုမျိုး ရိုက်တင်တာမျိုးကို နှစ်သက်နိုင်ပါ့မလား.. နုနယ်တဲ့ကလေးတွေက မသိနားမလည်တဲ့အတွက် လက်ခံသည့်တိုင်အောင် ကလေးအကျိုးကိုကြည့်ပြီး တင်သင့်ပါသလား..

နောက်ပုံကတော့ နိုင်ငံတော်အဆင့် လူ့အခွင့်အရေးကော်မရှင်က ထောင်တွေကို လိုက်လံစစ်ဆေးတဲ့ပုံကို တင်ထားတာဖြစ်ပါတယ်.. ကော်မရှင်အနေနဲ့ ထောင်တွေအတော်များများကို လိုက်လံစစ်ဆေးတယ်.. အကြံပြုချက်တွေ ထုတ်တယ်.. လုပ်သင့်တဲ့အလုပ်တခုကို လုပ်ကိုင်တာဖြစ်တဲ့အတွက် ကြိုဆိုလက်ခံပါတယ်.. ဒါပေမဲ့ ဒီလိုလိုက်လံစစ်ဆေးတဲ့ပုံတွေထဲမှာ ထောင်ထဲကို မိခင်နဲ့အတူရောက်နေတဲ့ ကလေးငယ်တွေရဲ့ ပုံတွေကို တင်ထားတာတွေ့တော့ ကလေးတွေအပေါ် သက်ရောက်နိုင်တဲ့အကြောင်းအရာတွေကို မစဉ်းစားမိဘူးလား.. ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝလုံခြုံရေးကို မစဉ်းစားမိဘူးလားလို့ မေးခွန်းထုတ်မိပြန်ပါတယ်..

ကျနော်တို့တွေက ကိုယ်ကူညီလိုက်တာကို အများသိအောင် အသိပေးတာဖြစ်ပေမဲ့ ကိုယ်တင်တဲ့ဓာတ်ပုံတွေ သတင်းတွေမှာပါဝင်နေတဲ့ လူသားတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်သွားစေနိုင်သလဲဆိုတာ သတိပြုသင့်ပါတယ်.. ကုသိုလ်တပဲ.. ငရဲတပိသာလိုမဖြစ်ဖို့.. စေတနာကောင်းပေမဲ့ ဝေဒနာမဖြစ်စေဖို့ သတိပေးပါရစေ..

ကလေးများရဲ့ အကောင်းဆုံးအကျိုးကို ရှေ့ရူနိုင်ကြပါစေ..