ကလေးသူငယ် ဥပဒေမူကြမ်းကို ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်း သုံးသပ်ချက်
Equality Myanmar June 24, 2019
ကလေးသူငယ် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ပြီး သမ္မတစီ လက်မှတ်ထိုးဖို့ ပို့ဆောင်ထားတုံး ဒီဥပဒေမူကြမ်းကို ကန့်ကွက်ပါတယ်ဆိုတဲ့ အသံတွေထွက်လာတာ၊ ဆန့်ကျင်ကန့်ကွက်ပါတယ်ဆိုတဲ့ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းနဲ့ နောက်ပိုင်းမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ် ခေါင်းပုံဖြတ်မှုတွေ၊ လစ်လျူရူမှုတွေ ကမ္ဘာနဲ့တဝှမ်း များပြားလာခဲ့တဲ့အတွက် ကလေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ နိုင်ငံအသီးသီးက လက်ခံလာခဲ့ကြပါတယ်။ နိုင်ငံအစိုးရအသီးသီးကို ကလေးတွေနဲ့ပတ်သက်လို့ အထူးလုပ်ဆောင်ဖို့ ၁၉၇၉ ခုနှစ်ကို ကမ္ဘာ့ကလေးများနှစ်အဖြစ်သတ်မှတ်ပြီး “တစ်ကိုးခွန်ကိုး ဘက်စုံတိုး ဖွံ့ဖြိုးမာန်သစ် ကလေးများနှစ်” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်လှန့်ခဲ့ပါတယ်။
ဒီလိုကြိုးပမ်းမှုတွေကြောင့် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတကာ ကလေးသူငယ်များအခွင့်အရေးစာချုပ် (Convention on the Rights of Child) ကို ပြဌာန်းနိုင်ခဲ့ပါတယ်။ ကလေးသူငယ်အခွင့်အရေးကို ကမ္ဘာ့နိုင်ငံတွေက ဘယ်လောက် အလေးထားလာသလဲဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးပင်မစာချုပ်ပေါင်း (၉) ခုထဲမှာ ဒီကလေးအခွင့်အရေးစာချုပ်ကို လေးစားလိုက်နာပါ့မယ်လို့ ဂတိပြုထားတဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံအများဆုံးဆိုတဲ့အချက်က သက်သေပြနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ ဒီစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။
နိုင်ငံတကာမှာ ကလေးသူငယ်အခွင့်အရေးစာချုပ်ရှိသလို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတိုင်းမှာ နိုင်ငံတော်ကလေးသူငယ်အခွင့်အရေးစာချုပ်တွေကို ပြဌာန်းပြီး ကာကွယ်အကောင်အထည်ဖော်ပေးရပါတယ်။ ဒီနိုင်ငံတော်အဆင့်ဥပဒေတွေဟာလဲ နိုင်ငံတကာစံချိန်တွေနဲ့ ကိုက်ညီရပါတယ်။ မြန်မာနိုင်ငံမှာတော့ စီအာစီကို လက်မှတ်ရေးထိုးပြီး ၁၉၉၃ ခုနှစ်မှာ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ စစ်အစိုးရလက်ထက်အောက် သူ့ခေတ်သူ့အခါ သူ့အခြေအနေနဲ့ ရေးဆွဲခဲ့တာဖြစ်တဲ့အတွက် ဒီဥပဒေထဲမှာ အခွင့်အရေးအားလုံးကို ပြည့်စုံအောင် မထည့်ထားခဲ့ပါဘူး။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရှိတဲ့ကလေးတွေအပေါ် ချိုးဖောက်မှုတွေကို ချန်လပ်ထားခဲ့တာကို သတိထားမိပါတယ်။ကလေးနဲ့ပတ်သက်တဲ့အသက်သတ်မှတ်ချက်တွေမှာလဲ နိုင်ငံတကာစံချိန်တွေထက်လျော့နည်းနေတာကို တွေ့ရပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးကော်မတီက ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ အကြိမ်ကြိမ်အကြံပြုခဲ့ပါတယ်။
မကြာမီက ပြည်ထောင်စုလွှတ်တော်မှာ သဘောတူခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေဆိုတာ မနေပတနေ့ကမှ ကောက်ခါငင်ကာ ပေါ်လာတဲ့ဥပဒေမဟုတ်ပါဘူး။ အရင်ဥပဒေကို ပြန်လည်သုံးသပ်မှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ တိုင်ပင်ဆွေးနွေးမှုတွေ အသီးသီးလုပ်ပြီးမှ မူကြမ်းထွက်လာပြီး လွှတ်တော်ကို တင်ခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ရေးဆွဲတဲ့ လူကယ်ပြန်ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဝန်ကြီးဌာနအသီးသီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက် (ခန့်မှန်း) ကထဲက ဆွေးနွေးပြီး အကြိမ်ကြိမ်တိုင်ပင်ပြင်ဆင်မှုတွေလုပ်ဆောင်ပါတယ်။
ကလေးများအခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ ကာကွယ်မှုခံယူပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပါဝင်ခွင့်အားလုံးပါဝင်အောင် ကြိုးစားရေးဆွဲခဲ့ပါတယ်။
ဒါကြောင့် ပထမဦးဆုံးပြောချင်တာကတော့ ကလေးသူငယ်ဥပဒေဆိုတာ ဘက်ပေါင်းစုံမှာပါဝင်တဲ့ ကလေးအခွင့်အရေးတွေကို ကလေးတွေရဲ့အကောင်းဆုံးအကျိုးကို ရှေ့ရူပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းထားတဲ့ ဥပဒေသစ်တခုဖြစ်ပါတယ်။ မိမိလိုချင်တဲ့အပိုဒ် တပိုဒ်ထဲကို ဆွဲထုတ်ပြီး ပြောနေသလို မွေးစာရင်းရရှိခွင့်၊ ကလေးမွေးစားခွင့်သက်သက်ကိုသာ ရေးသားထားတဲ့ ဥပဒေမဟုတ်ပါဘူး။
အခုပြောနေတဲ့ မွေးစာရင်းရရှိခွင့်နဲ့ ကလေးသူငယ်များအား မွေးစားခွင့်ဆိုတဲ့အချက်တွေဟာ ၁၉၉၃ ခုနှစ် (တည်ဆဲဥပဒေ) မှာလဲ အတိအလင်းပါဝင်ပြီးသားဖြစ်ပါတယ်။
ပထမဦးဆုံး မွေးစာရင်းရပိုင်ခွင့် (Birth Certificate or Birth Registration) အကြောင်း စဆွေးနွေးပါ့မယ်။ ဒီအကြောင်းကို တည်ဆဲဥပဒေမှာရော၊ ဥပဒေမူကြမ်းမှာရော ဖော်ပြထားတာတွေ့ရပါတယ်။ ၁၉၉၃ ဥပဒေရဲ့အခန်း (၅) ကလေးသူငယ်ရဲ့ အခွင့်အရေးများ၊ အပိုဒ် (၉-ခ) မှာ “မိဘ၊ အုပ်ထိန်းသူတို့သည် ကလေးမွေးဖွားခြင်းကို ဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်။” အပိုဒ် (၁၀) မှာ “ကလေးသူငယ်တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ရရှိစေရမည်” လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဥပဒေမူကြမ်းသစ်ရဲ့ အခန်း (၂၁-က)မှာတော့ “နိုင်ငံတော်အတွင်း မွေးဖွားသည့်ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိဘဲ မွေးဖွားခြင်းကို အခမဲ့မှတ်ပုံတင်ခွင့်ရှိသည်” လို့ ဖော်ပြထားပါတယ်။ တည်ဆဲဥပဒေနဲ့ ဥပဒေမူကြမ်းသစ်ထဲမှာ ကလေးတွေကို မွေးစာရင်းအခမဲ့ရရှိအောင်လုပ်ဖို့လိုအပ်တယ် ဒါဟာ အရေးကြီးအချက်ဖြစ်တယ်လို့ လက်ခံထားပါ။
မွေးစာရင်းဆိုတာ နိုင်ငံသားဖြစ်ခွင့်မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ မွေးစာရင်းဆိုတာ ဘယ်လိုအခြေအနေကြောင့်ဘဲ မွေးမွေး၊ ဘယ်နေရာမှာဘဲ မွေးမွေး၊ လူသားတဦးကို လူသားတဦးအနေနဲ့ အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဘဲ မွေးမွေး မှတ်တမ်းရှိသော ဂုဏ်စိက္ခာရှိသော လူသားအဖြစ်ကြိုဆို အသိအမှတ်ပြုခြင်းပါ။ မွေးစာရင်းမှာ မိဘအမည်၊ မွေးဖွားသည့်နေရာ၊ နေ့ရက် အချိန်၊ ကလေးရဲ့ လက်ဗွေ ခြေဗွေတွေ ကောက်ယူလေ့ရှိပါတယ်။ သက်ဆိုင်ရာ ဆေးရုံ၊ တာဝန်ရှိသူ၊ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ပေးပါတယ်။ ဒီမွေးစာရင်းရတာနဲ့ မွေးဖွားရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ်ကို အလိုအလျောက်ရရှိသွားတာမဟုတ်ပါဘူးလို့ သဘောပေါက်စေလိုပါတယ်။
မွေးစာရင်းပေးတယ်ဆိုတာ ကလေးရဲ့ အကျိုးကို ကြည့်တာပါ။ မွေးစာရင်းမှတ်ပုံတင်ထားတဲ့ကလေးတယောက်ဖြစ်တဲ့အတွက် သူ့ရဲ့
မွေးဖွားတဲ့ရက်၊ အသက်အတိအကျကို မှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ်။ စာရင်းမရှိအင်းမရှိမွေးလာတဲ့ ကလေးတယောက်မဟုတ်တော့ဘဲ မွေးစာရင်းအထောက်အထားခိုင်ခိုင်လုံလုံလုံနဲ့ မွေးလာတဲ့လူသားတယောက်ဖြစ်ပါပြီ။ ကလေးတယောက်ရသင့်ရထိုက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံပညာသင်ကြားခွင့်တွေကို ရရှိနိုင်တဲ့အပြင် မလိုလားအပ်တဲ့ ကလေးအပေါ်စော်ကားအမြတ်ထုတ်မှုတွေရှိလာခဲ့ရင် ဒီကလေးကို တည်ဆဲဥပဒေတွေအရ ကာကွယ်နိုင်မြှဖြစ်ပါတယ်။ ဥပမာ – အသက်မပြည့်သေးတဲ့ကလေးတယောက်ကို သက်ငယ်မုဒိန်းကျူးလွန်တာတွေ၊ စစ်သားအဖြစ်စေခိုင်းခံရတာတွေ၊ လူကုန်ကူးခံရတာတွေကျူးလွန်ခံရလို့ ဥပဒေအရ အရေးယူတိုင်ကြားမယ်ဆိုရင် ကလေးရဲ့အသက်အထောက်အထားက အထူးအရေးကြီးလှပါတယ်။ လူကုန်ကူးမှု ဥပဒေမှာဘဲ ဖြစ်ဖြစ်၊ သက်ငယ်မုဒိန်းမှုမှာဘဲဖြစ်ဖြစ် အသက်မပြည့်တဲ့ကလေးအပေါ် ကျူးလွန်တာဟာ ပိုပြီး အပြစ်ကြီးမားတယ်ဆိုတာကို သိကြမှာပါ။ အသက်မပြည့်သေးတဲ့ကလေးတွေ အမှုအခင်းဖြစ်ရင်လဲ သက်ငယ်ဥပဒေတွေနဲ့ ကာကွယ်ပေးတာတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
မွေးစာရင်းနဲ့ နိုင်ငံသားဖြစ်မှုကို ခွဲခြားကျင့်သုံးတဲ့နိုင်ငံတခုကို နမူနာပြပါဆိုရင် အိမ်နီးနားထိုင်းနိုင်ငံကို ပြချင်ပါတယ်။ ထိုင်းနိုင်ငံကလဲ စီအာစီစာချူပ်ကို လက်မှတ်ထိုးတာတဲ့နိုင်ငံဖြစ်ပါတယ်။ သူတိုင်းပြည်မှာ မွေးဖွားတဲ့ကလေးတိုင်းကို မွေးစာရင်းရရှိစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ သူတို့တိုင်းပြည်ရဲ့ နိုင်ငံသားဖြစ်မှုဥပဒေအတိုင်းကျင့်သုံးပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ကလေးတိုင်းဟာ နိုင်ငံသားမိဘက မွေးတာဖြစ်ဖြစ် နိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ် မွေးစာရင်းကို တရားဝင်ဝင်ရပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ သွားရောက်ခိုလှုံနေရတဲ့ ဒုက္ခသည်ကလေးတွေလဲ မွေးစာရင်းရရှိခွင့် ရကြပါတယ်။ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေလဲ မွေးစာရင်းရရှိခွင့်ရှိပါတယ်။ ဒီလိုရရှိခွင့်အကျိုးကြောင့် ကလေးတွေဟာ ကာကွယ်ရေးထိုးခွင့်၊ အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့်၊ အခြေခံပညာကို သင်ကြားခွင့်တွေရရှိလာတာဖြစ်တယ်။
ကလေးတွေကို ကာကွယ်စောင့်ရှောက်ပျိုးထောင်ပေးရမယ်ဆိုတာ နိုင်ငံခြားအယူအဆမဟုတ်ပါဘူး။ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုတရပ်လဲဖြစ်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုတဲ့စကားပုံမှာ ကလေးတွေကို စာနာထောက်ထားဖို့၊ ကူညီပေးဖို့ ထောက်ပြထားပါတယ်။ လူသားတယောက်အနေနဲ့ မွေးဖွားလာတဲ့ကလေးတယောက်ကို လူသားတယောက်အဖြစ် မွေးစာရင်းထုတ်ပေးဖို့ကိစ္စဟာ ကလေးရဲ့ အကောင်းဆုံးအကျိုးကို မျှော်တွေးပြီး ကာကွယ်မှုတွေပေးနိုင်အောင် လုပ်ဆောင်တာဖြစ်တဲ့အကြောင်း တင်ပြလိုပါတယ်။
ကလေးမွေးစားခြင်းအကြောင်းကို နောက်ထပ်သီးသန့်ရေးပါအုန်းမယ်။