ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့မှ လူ့အခွင့်အရေး ဟောပြောဆွေးနွေးပွဲ

လူ့အခွင့်အရေး ဟောပြောဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာ(Equality Myanmar)နှင့် လူ့အခွင့်အရေးပညာပေး သူများကွန်ယက်(HREN) တို့မှပူးပေါင်း၍ တစ်နေ့တာ ဟောပြောပွဲ အစီစဉ်တစ်ခုကို မတ်လ၊ ၃ရက်နေ့တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။

ကုန်းမြင့်သာ ရပ်ကွက်မှ တက်ရောက်လာသော ကိုတင်ထွဋ္ဋ် မှ “ကျွန်တော်တို့သိထားတဲ့ ဂုဏ်သိက္ခာဆိုတာနဲ့ သင်တန်းက အဓိပ္ပါယ် ဖွင့်ပြပေးတဲ့ စကားလုံးအနှစ်သာရ တွေဟာ လွန်စွာ ကွဲပြားနေတာတွေ့ရပါတယ်။ ငွေကြေးပြည့်စုံမှု အဆင့်အတန်း ရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မဟုတ်ပဲ အခွင့် အရေးတွေ အခွင့်အလမ်းတွေဖြစ် နေတယ်ဆိုတာကို သိလိုက်ရပါ တယ်။”

ထိုဟောပြောပွဲကို မိုင်းရှူးမြို့အနီးဒေသများမှ သင်တန်းသား(၁၂-ဦး)၊ သင်တန်းသူ (၃၂-ဦး) စုစုပေါင်း (၄၄-ဦး) တက်ရောက်လာ ကြသည်။

“ လူ့အခွင့်အရေး ဆိုတာ ပရမ်းပတာ လုပ်ချင်သလို ဖြစ်ချင်သလို ဖြစ်နေတာ မဟုတ်ဘူးလို့မြင်မိတယ်။သူ့မှာ အခွင့်အရေးဆိုတာရှိ သလို တာဝန်နဲ့စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း တွေလည်း ပါဝင်နေတာ တွေ့လိုက်ရတယ်။ လူ့အခွင့်အရေးလိုပဲ ဒီမိုကရေစီ ဆိုတာထင်ရာ စိုင်းလုပ်တဲ့ အရာ မဟုတ်ဘူးလို့မြင်မိတယ်’’ လို့ ကိုရဲလင်းအောင်က ဆိုပါသည်။

အဆိုပါဟောပြောပွဲကို ညီမျှခြင်းမြန်မာ မှ သင်တန်းနည်းပြ နှင့်အတူ (HREN) ကိုသန့်ဇင်ဦးတို့ ဦးဆောင်ခဲ့ကြသည်။

လူ့အခွင့်အရေး အဓိပ္ပါယ်၊ အနှစ်သာရများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်းနှင့် အပိုဒ်၏အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းချက်များ၊ အစိုးရ၏တာဝန်နှင့်ဝတ္တရားများ၊ အခွင့် အရေး ချိုးဖောက် ခံလာရပါကတိုင်ကြားလာမှုများကို အရေးယူ ဆောင်ရွက်နိုင်သော နေရာများ ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်၏ လုပ်ငန်းဆောင်တာများ တာဝန်နှင့် လုပ်ပိုင်ခွင့် များအကြောင်း စသည်များကို ထည့်သွင်းရှင်းလင်းဆွေးနွေး ပြောဆိုပေးခဲ့သည်။