ပထမအကြိမ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

Equality Myanmar March 1, 2018
မတ်လ၊ ၁ရက်နေ့တွင် အားလုံးအတွက်လူ့အခွင့်အရေး စီမံကိန်းမှ ပထမအကြိမ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် တစ်လကြာ “လူ့အခွင့်အရေးနှင့် ဥပဒေအသိပညာပေး နည်းပြသင်တန်း” ကို သန်လျင်မြို့ရှိ WH ဟိုတယ်၌ ဖွင့်လှစ်ကျင်းပခဲ့ ပါသည်။

သင်တန်းဖွင့်ပွဲသို့ သန်လျင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်မှ တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့စဉ် “လူ့အခွင့်အရေးဟာ တကယ်အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုပါ၊ လူ့အခွင့်အရေးဆိုတာ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုအတွက်ဆိုရင် လူ့အခွင့်အရေးက တိုင်းတာဖို့ အတွက် စံသတ်မှတ်ချက်တခုဖြစ်တယ်”လို့ ပြောပါသည်။
ညီမျှခြင်းမြန်မာအဖွဲ့သည် နှစ်စဉ် လူ့အခွင့်အရေးနည်းပြများကို မွေးထုတ်ပေးခဲ့ရာ ယခုနည်းပြ သင်တန်း၏ ထူးခြားချက်မှာ လူ့အခွင့်အရေးနည်းပြများဖြစ်ရုံမကပဲ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများဖြစ်ဖို့ ရည်ရွယ်ကြောင်းနှင့် “ဘယ်သူ့ကို ထိထိ၊ ငါတို့လူသားအားလုံး ဝိုင်းဝန်း ကာကွယ်ရမယ် ၊ ကူညီရမယ်၊ လူကိုလူချင်းမခွဲခြားတဲ့ စိတ်ဓါတ်ပိုင်ရှင်များဖြစ်ဖို့ လိုအပ်တယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ(Defenders)တွေအတွက် ပထမဆုံးလိုအပ်သော အရာက လူကိုလူလိုမြင်သော ခံယူ ချက်ပဲဖြစ်ပါတယ်” လို့ ဒါရိုက်တာ ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ)က ကြိုဆိုနှုတ်ဆက်စကား ပြောကြားစဉ် ပြောကြားခဲ့ပါသည်။
DCA-NCA အဖွဲ့၏ ဒါရိုက်တာ Mr.Andreas Kiaby က “လူ့အခွင့်အရေးဆိုတာ လှပတဲ့ စကားလုံးတွေ၊ စာအုပ်တွေနဲ့ သင်တန်းတွေထဲက ပါဝါပွိုင့်တွေထဲမှာ ဖော်ပြထားတဲ့အရာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ နေ့တဓူ၀ သွားလာလှုပ်ရှားတဲ့ ဘဝအသက်သာ လုံခြုံစွာ အိပ်စက်နိုင်ဖို့၊ ကျောင်းသွားနိုင်ဖို့၊ လုပ်ကိုင်စား သောက်ဖို့ ဒါတွေအကုန်လုံးက အခြေခံ လူ့အခွင့်အရေးဖြစ်ပါတယ်၊ သင်တန်းပြီးသွားတဲ့အချိန်မှာ ကိုယ့်ရဲ့ရပ်ရွာအတွင်းမှာ ပြန်လည် အသုံးချမယ် လို့မျှော်လင့်တယ်၊ တချိန်ထဲမှာပဲ လူထုရဲ့ပြဿနာ တွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”။

ဆက်ပြီး မိမိတို့ ရပ်ရွာထဲသို့ ပြန်လည် ရောက်ရှိသွားချိန်၊ အမှန်တရားရရှိဖို့အတွက် လုပ်ဆောင်သည့် အချိန်များတွင် အထီးကျန်စွာ ခံစားမှု၊ အားငယ်မှုများ ရင်ဆိုင်ရချိန်တွင် ယခုသင်တန်းထဲက သူငယ်ချင်းများနှင့်အတူ လေ့လာခဲ့သည့်အချိန်များနှင့် မိမိလုပ်ဆောင် နေသော လုပ်ငန်းသည် အလွန်မွန်မြတ်သော လုပ်ငန်းဖြစ်ကြောင်းကို အမှတ်ရပြီး လုပ်ဆောင်သွားကြပါလို့ အားပေးစကား ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသားများသည် “အားလုံးအတွက် လူ့အခွင့်အရေး” အခြေခံလူ့အခွင့်အရေး၊ စည်းရုံး လှုံ့ဆော်မှုနှင့် ခေါင်းဆောင်မှု သင်တန်းတက်ရောက်ပြီးသူများဖြစ်သည်။

ကချင်ပြည်နယ်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်(ရှမ်းမြောက်)၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (၂၉)ဦး တက်ရောက်နေပါသည်။

အဆိုပါသင်တန်းကို ဥရောပသမဂ္ဂ၏ ရံပုံငွေအထောက်အပံ့ဖြင့် ညီမျှခြင်းမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် DCA-NCAအဖွဲ့တို့မှ ဦးစီကြီးမှူးဖွင့်လှစ်သော သင်တန်းဖြစ်ပါသည်။