၂၀၁၈ခုနှစ်၏ ပထမအကြိမ် လူ့အခွင့်အရေးပညာပေးသူများကွန်ရက်အစည်းအဝေး ကျင်းပပြီးစီး

Equality Myanmar February 28, 2018
ဖေဖော်ဝါရီလ ၂၆ ရက် မှ ၂၇ ရက်ထိ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပန်းလေပြေဟိုတယ်တွင် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (HREN)၏အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်အဖွဲ့ဝင် လူ့အခွင့်အရေးပညာပေးနည်းပြ (၃၀ ) ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယခင်ချမှတ်ထားသော ကွန်ရက်၏လုပ်ငန်းစဉ်များ အပေါ် အားကောင်းမှုများနှင့် အခက်အခဲ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး၊ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြသည်။

ကွန်ရက်အစည်းအဝေးတက်ရောက်လာသူတဦးဖြစ်သူ ကချင်ပြည်နယ်မှကိုမဂျီဆန်အောင်မှလည်း “ဒီအစည်း အဝေးက ကွန်ရက်အတွက် အများကြီးအကျိုးရှိစေခဲ့တယ်၊ အရင် HREN အစည်းအဝေးတွေထက် HREN ကိုပိုပြီး ရုပ်လုံးကြွစေတဲ့အပြင် ရှေ့လုပ်ငန်းစဉ်တွေကို ပိုပြီး မြင်သာထင်သာရှိစေတယ်၊ ကိုယ်တွေ နည်းပြတွေကလည်း ကိုယ်လုပ်နိုင်တဲ့အရာတွေကို သိလာခဲ့ရတဲ့အတွက် ပိုပြီးအားတက်တယ်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးက နည်းပြတွေ ပြန်ဆုံတွေ့ပြီး တိုင်ပင်ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့် ကွန်ရက်အဖွဲ့ဝင် နည်းပြတွေအချင်းချင်းကြား ချိတ်ဆက်နိုင်မှု ပိုအားကောင်းလာစေတယ်” လို့ ပြောပြခဲ့ပါသည်။

အစည်းအဝေးဒုတိယနေ့တွင် ကွန်ရက်၏ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ခြင်းနှင့် ကွန်ရက်၏ရည်မှန်းချက်ပန်းတိုင် များအပေါ်သုံးသပ်မှုများပြုလုပ်ခဲ့ကြသည်။ ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကိုလည်း ပိုမိုထိရောက်မှုရှိပြီး အားကောင်းမှုများရှိအောင် မဟာဗျူဟာအဆင့်ဆင့်ရေးဆွဲချမှတ်နိုင်ခဲ့ကြပါသည်။
ရန်ပုံငွေရှာဖွေခြင်းများနှင့်ပတ်သတ်၍လည်း ဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်ခဲ့ကြပါသည်။လူ့အခွင့်အရေး ကာကွယ်သူများအတွက် ပံ့ပိုးပေးနိုင်မည့်အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည် ။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး သာဝရမြို့နယ်မှ ကိုမောင်မောင်ခိုင်က “ဒီအစည်းအဝေးမှာ ကိုယ့်ရဲ့စီနီယာနည်းပြတွေဆီက သင်ယူခဲ့ရတဲ့အပြင် ကွန်ရက်အတွင်း အချင်းချင်းချိတ်ဆက်လုပ်ကိုင်နိုင်မှု အားကောင်းအောင် ကိုယ်လုပ်ဆောင်ရမယ့်အရာတွေကိုပါ သိခဲ့ရပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း ရှေ့လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို စနစ်တကျ လုပ်ဆောင် သွားမယ်”လို့ ပြောခဲ့ပါသည်။

လူ့အခွင့်အရေးပညာပေးသူများကွန်ရက်၏ ဦးဆောင်ကော်မတီ( ၇ )ဦးကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ တက်ရောက်လာသူနည်းပြများက မဲပေးရွေးချယ်ခဲ့ကြသည်။