၆၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်)

ဒီဇင်ဘာလ (၁၀) ရက် ၂၀၁၇ ခုနှစ်

ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း မဖြစ်မနေ လိုက်နာသင့်သည့် လူ့အခွင့်အရေးဆိုင်ရာ အပိုဒ်(၃၀)ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို အတည်ပြုပြဌာန်းနိုင်ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ထိုဒီဇင်ဘာလ ၁၀ ရက်နေ့ကို လေးစားဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

ထို့အတူ လူသားအားလုံး၏အခွင့်အရေးကို တန်ဖိုးထား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ရောက်တိုင်း ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးတွင် လူ့အခွင့်အရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်တို့မှာ နိုင်ငံစိုးရတိုင်းတာဝန်သာမက လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်း နိုင်ငံတကာကလက်ခံလာခဲ့ကြသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တွန်းလှန်ရန်နှင့် ချိုးဖောက်မှုများ ပပျောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်ကြောင်း အသိပညာပေးမှုများ၊ တိုက်တွန်း လံှု့ဆော်မှုများကို လုပ်ဆောင်နေလျက်ရှိသည်။ တစ်ဖက်မှာလဲ လူမျိုးရေး၊ဘာသာရေး၊အသားအရောင်၊ လိင်၊ လိင်စိတ်ခံယူချက်၊ အဆင့်အတန်း မတူညီမှုများအပေါ်အခြေခံသည့် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများမှာလည်း ဆက်လက်ဖြစ်ပွားနေလျှက်ရှိသေးသည်။ ထို့ကြောင့် လူ့အခွင့်အရေးယဉ်ကျေးမှုထွန်းကားပြီး ငြိမ်းချမ်းသောကမ္ဘာကြီးကို တည်ဆောက်နိုင်ရန်ရည်ရွယ်၍ “ လူ့အခွင့်အရေးအတွက်ရပ်တည်ကြ #standup4 humanrights “ ဆိုသည့်ဆောင်ပုဒ်ကို ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆောင်ပုဒ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ရွေးချယ်ထားသည်။ လူ့အခွင့်အရေးကို အမှန်တကယ်ရရှိခံစားနိုင်အောင် လုပ်ဆောင်ရာတွင် လူသားတိုင်းမားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်ရန် တိုက်တွန်းလိုသောရည်ရွယ်ချက်ဖြင့် ယခုဆောင်ပုဒ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ လူ့အခွင့်အရေးအတွက် ရပ်တည်လုပ်ဆောင်ရာတွင် ယနေ့ခေတ်စား နေသော ဆိုရှယ်မီဒီယာများ၏ အားကောင်းချက်ကို အကျိုးရှိရှိအသုံးပြုလုပ်ဆောင်နိုင်ရန် တိုက်တွန်းသည့် အနေဖြင့် # သင်္ကေတကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာများသည် အစွမ်းထက်ထိရောက်သော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့်အတွက် ထိုဆိုရှယ်မီဒီယာများ ကို စနစ်တကျအသုံးပြု၍ လူ့အခွင့်အရေးအတွက် လူတိုင်းရပ်တည်ကြရန် တိုက်တွန်းလိုသည့် ရည်ရွယ်ချက်ပင်ဖြစ်၏။

မြန်မာနိုင်ငံရှိပြည်သူများသည် စစ်အစိုးရအဆက်ဆက်လက်အောက်တွင် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခါးစည်းခံခဲ့ကြရသလို လူ့အခွင့်အရေးလှုပ်ရှားသူများ အနေဖြင့် လည်း တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အစဉ်တစိုက် ဖေါ်ထုတ်တိုက်ပွဲဝင်ကြပေသည်။ ထိုသို့ ဖေါ်ထုတ်တိုက်ပွဲဝင်မှုများကြောင့် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများမှအစ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရသည်အထိ ရင်ဆိုင်ခဲ့ရသည်။ ပြည်သူများနှင့် လူ့အခွင့်အရေးအတွက် ဆန္ဒဖေါ်ထုတ် တိုက်ပွဲဝင်သူ များမှာ နှစ်ပေါင်းများစွာ ဘဝများ ပေးဆပ်ခဲ့ကြရသည်။

ယနေ့ ပြည်သူလူထုမှ ရွေးချယ်တင်မြောက်ထားသော အစိုးရလက်ထက်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်နေသည်ကို တွေ့ရသော်လည်း သိသာစွာ တိုးတက်လာမှု မမြင်ရသေးပဲ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေသူများအနေဖြင့်လည်း အဖက်ဖက်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ အမြစ်တွယ်နေသော အကျင့်ဆိုးများ၊ ဆိုးမွေများကို မပယ်ဖျက်နိုင်သေးသော အကြောင်းတရားများကြောင့်ပင်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်သူများ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အချို့သော ဥပဒေများက အကာအကွယ်ပေးခြင်း၊ ပြည်သူလူထုအား အကျိုးမပြုသော၊ ဖိနှိပ်သော ဥပဒေများ မပယ်ဖျက်နိုင်သေးခြင်းတို့သည် အဓိကစိန်ခေါ်မှုများပင် ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတကာစံချိန်စံညွှန်းများကို လေးစားလိုက်နာကြောင်းပြသရန် နှောင့်နှေးကြန့်ကြာ နေခြင်းသည်လည်း ပြည်သူများ လူ့ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ရေးနှင့် စစ်မှန်ပြည့်ဝသည့် လူ့အခွင့်အရေးများကို ရရှိခံစားရမှုမှ အလှမ်းဝေးနေကြရသည်။

ထို့ကြောင့် လူ့အခွင့်အရေးကို အမှန်တကယ် လေးစားလိုက်နာပြီး ကာကွယ် မြှင့်တင်လိုသော အစိုးရအနေဖြင့် အောက်ပါအချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်း လိုက်ပါသည်။

(၁) တိုင်းရင်းသားဒေသအသီးသီးတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် အကြမ်းဖက်မှုများကို လုံးဝရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ရန်၊

(၂) ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်များ စိတ်ချလုံခြုံစွာနှင့် နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ် အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပူးပေါင်း လုပ်ဆောင်ရန်၊

(၃) မတရားဖိနှိပ်သည့်ဥပဒေများကြောင့် အရေးယူထားရသော သူများ၊ တရားစွဲဆိုခံနေ ရသောသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး ညွှန်းစံများနှင့် မကိုက်ညီသော၊ ပြည်သူများ၏ အခွင့်အရေးများအပေါ် ထိခိုက်ခြိမ်းခြောက်နေသော ဖိနှိပ်သည့် ဥပဒေများကို ပြန်လည်သုံးသပ် ပြီး ပြင်ဆင်၊ ပယ်ဖျက်ပေးရန်၊

(၄) အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် မူရင်းဌာနေ လူမျိုးများအပါအဝင် လူနည်းစုများအပေါ် ကာကွယ်ပေးမည့် ဥပဒေသစ်များကို လျင်မြန်စွာပြဌာန်းပြီး ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရန်၊

(၅) လွတ်လပ်သည့် တရားစီရင်ရေးကဏ္ဍ ပေါ်ထွန်းလာစေရေးအတွက် တရားစီရင်ရေးကဏ္ဍ အပေါ် ဝင်ရောက်ကြိုးကိုင်စွက်ဖက်မှုများ ရပ်တံ့ပြီး အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူရန်၊

(၆) နိုင်ငံတကာ စာချုပ်စာတမ်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဆန့်ကျင်တားဆီးရေး စာချုပ် (UN CAT)နှင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာစာချုပ် (ICCPR) အပါအဝင် နိုင်ငံတကာစာချုပ်စာတမ်းများကို အမြန်ဆုံး အတည်ပြုလက်မှတ်ရေးထိုးပြီး နိုင်ငံတကာ တွင် လေးစားလိုက်နာပါမည်ဟု ကတိပေးထားသည့် အချက်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(၇) လူ့အခွင့်အရေးချိုးဖောက်သူများအား ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် တရားရေးစနစ် ထူထောင်ရန်နှင့် ပြည်သူများအားကိုးယုံကြည့်ရမည့် လူ့အခွင့်အရေး တိုင်ကြားမှု ယန္တရားများ ဆောင်ရွက်ပေးရန်၊

(၈) လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို ကျောင်းသင်ရိုးညွန်းတမ်းများတွင့် ပြဌာန်းခြင်း အပါအဝင် ဝန်ထမ်းများနှင့် ပြည်သူများအကြား ပညာပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးရန်။

ဦးအောင်မျိုးမင်း – ၀၉ ၄၄၈၀ ၁၅၃၀၆

ဦးမြှင့်အေး – ၀၉ ၄၂၀၂ ၄၃၁၂၅

ဒေါ်ခင်လေး – ၀၉ ၂၅၆ ၀၈၀၈၉၇

ဦးတိတ်နိုင် – +၆၆ ၈၁၂ ၈၇၈၇၅၁