ကရင်ပြည်နယ် ဘားအံမြို့က Gender & Women Rights Workshop

Equality Myanmar August 29, 2017
ကရင်ပြည်နယ် ဘားအံမြို့တွင် Gender & Women Rights Workshop တစ်ခုကို သြဂုတ်လ ၂၄ ရက် ၂၀၁၇ မှ ၂၆ ရက် ၂၀၁၇ ထိ (၃)ရက် တာ ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာ (ရန်ကုန်)မှ ကိုနေလင်းထိုက်နှင့် မကြည့်ဖြူတို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်ကျင်းပပြုလုပ်ဆွေးနွေး ခဲ့သည်။

ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာကို မပြောခင် ယခုဆွေးနွေးပွဲကြောင့် ဘာတွေပြောင်းလဲသွားသလဲဆိုတာကို အရင်ဆုံးကြည့်လိုက်ကြရအောင် “ ကျွန်တော်အနေနဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ထူးထူးခြားခြား သိလိုက်တာက လိင်နဲ့ လိင်အခြေပြု အမြင် နှစ်ခုရဲ့ ကွာခြားချက်ကို သိလိုက်တာပါပဲ။ လိင်အခြေပြုအမြင်တွေကြောင့်ပဲ ကျွန်တော်တို့ တွေဟာ ကျားဆိုတဲ့ ပုံစံခွက်နဲ့၊ မဆိုတဲ့ ပုံစံခွက်တွေကို ထည့်ခြင်းခံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်းလည်း ဂျန်ဒါ အစွဲလည်း မကင်းခဲ့ဘူး။ အဲဒါကြောင့်ပဲ အိမ်မှာဆိုရင် ဒါက မိန်းမ အလုပ်၊ ဒါက ကျား အလုပ်ပဲ ခွဲခဲ့ပြီး ကျွန်တော် မိန်းမအပေါ်မှာ အိမ်အလုပ်တွေ ဝိုင်း မလုပ်ခဲ့ဘူး။ ဒီသင်တန်းကြောင့် ဂျန်ဒါပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ အများကြီး ရှိနေပါလား ဆိုတာ သိလိုက်ရတယ်။ မိသားစုမှာရော၊ အလုပ်အကိုင်ရရှိမှုတွေမှာရော၊ နိုင်ငံတော် အဆင့်မှာရော အမျိုးသမီးတွေ ခွဲခြားခံနေရတာတွေ၊ နေရာ မရတာတွေ ရှိတာကိုလည်း သတိထားမိသွားတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော့်အနေနဲ့ ကျွန်တော့်မိန်းမကို အိမ်အလုပ်တွေ ဝိုင်းလုပ်ဘို့ ဆုံးဖြတ်ထားပါတယ်။” စောပုံ အိမ်ထောင်ရှင်အမျိုးသား တစ်ယောက်အနေနဲ့ ယခုဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့အတွက် အခုလိုပြောပြခဲ့ပါတယ်။

မိဘတွေရဲ့ရိုးရာယဉ်ကျေးမှု အစွဲတွေကနေဖေါက်ထွက်ပြီး အမျိုးသမီးအခွင့်အရေးတက်ကြွစွာလှုပ်ဆောင်ဖို့ အတွက်စိတ်အားထက်သန်နေခဲ့တဲ့ မျိုးဆက်သစ်အမျိုးသမီးလေး နော်စုစုသိန်း တစ်ယောက်က ဘာတွေပြောခဲ့ သလဲ ဆိုတာ ကြည့်ရအောင်“ ကျွန်မ အနေနဲ့ ဒီသင်တန်းမှာ သိလိုက်တာ ပုံစံခွက်သတ်မှတ်ချက်တွေကြောင့် အမျိုးသမီးတွေ အပေါ်မှာ ခွဲခြားမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေရတယ် ဆိုတာ သိလိုက်ပါတယ်။ ကျွန်မတို့အမျိုးသမီးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းအရာ အကြမ်းဖက်ခံနေရပါတယ်။ အဲလို အကြမ်းဖက်မှုတွေဟာ အိမ်တွင်းမှာ အဖြစ်များပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုပေါ့နော်။ အိမ်တအိမ်မှာ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အကြမ်းဖက်နေတယ်၊ ရိုက်နှက်နေတယ်ဆိုရင် ကိုယ်တွေနဲ့ မဆိုင်ဘူး။ သူတို့အိမ်တွင်းရေး ကိစ္စ ဆိုပြီး ဘာသိ၊ဘာသာ နေကြပါတယ်။ ဘယ်သူကမှလည်း ဝင်မပါကြဘူး။ အဲလို အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေရဲ့ ဘဝကို အမျိုးသမီးတစ်ယောက် အနေနဲ့လည်း ကိုယ်ချင်းစားပါတယ်။ ကျွန်မ အိမ်မှာဆိုလည်း ကျွန်မ မိဘတွေက ရှေးရိုးစွဲတွေပါ။ မိန်းကလေးဖြစ်တဲ့အတွက် ကျွန်မအပေါ်မှာ ချုပ်ချယ်ထားတာတွေလည်း အများရှိပါတယ်။ ဆန့်ကျင်ပြီး လုပ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီသင်တန်းမှာ သိလိုက်ရတာက ကျွန်မတို့အမျိုးသမီးတွေနဲ့ ကိုယ့်အခွင့်အရေးတွေ ရဘို့ တောင်းဆိုကြတဲ့အခါမှာ ကိုယ့်အခွင့်အရေးကို လူအများက လက်ခံလာအောင် နည်းမျိုးစုံနဲ့ တောင်းဆိုကြဘို့လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ပထမအဆင့်အနေနဲ့ ကျွန်မ မိဘတွေကို ရှေးရိုးစွဲ အမြင်တွေ တဖြည်းဖြည်း လျော့သွားအောင် အတိုက်အခံမလုပ်တော့ပဲ စည်းရုံးသွားဘို့ စဉ်းစားထားပါတယ်။ ဒါကလည်း ဒီသင်တန်းက ရလိုက်တဲ့ စဉ်းစားချက်တစ်ခုပါပဲ။”
၎င်းဆွေးနွေးပွဲသည် အခြေခံ လူ့အခွင့်အရေးသင်တန်း တက်ရောက်ပြီးသူများ၏ နောက်ဆက်တွဲ လေ့လာမှုပြုလုပ်လိုသည့် အကြောင်းအရာခေါင်းစဉ်အရ ၎င်းတို့ လေ့လာလိုသည့်ခေါင်းစဉ်အတိုင်း အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်သည့် လိင်နှင့် လိင်အခြေပြုခွဲခြားသည့်အမြင်များ အမျိုးသမီးများ၏ လုပ်ငန်းတာဝန် ကမ္ဘာ့အမျိုးသမီးအခြေအနေ မြန်မာ့အမျိုးသမီးများ၏ အခြေအနေများနှင့် ခွဲခြားမှုဖြစ်စဉ်များ အိမ်းတွင်းအကြမ်းဖက်ခံရမှု အခြေအနေများကိုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာစာချုပ်တစ်ခုဖြစ်သည့် CEDAW စာချုပ်ပါ အပိုဒ်များ မြန်မာနိုင်ငံအတွင်းပြဌာန်းထားသည့် အမျိးသမီးများအား ကာကွယ်ပေးထားသည့် ဥပဒေပုဒ်မများနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်းကို ဆွေးနွေးပို့ချမှုပြုလုပ်ဆောင်ခဲ့သည်။

ဆွေးနွေးပွဲအား ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့်ကရင်ပြည်နယ် သံတောင်မြို့ ကရင်ပြည်နယ် သာမိုးတောင် ကျေးရွာတို့မှ အခြေခံလူ့အခွင့်အရေးသင်တန်းပြီးထားသည့် သင်တန်းသား သင်တန်းသူ (၂၂)ယောက် တက်ရောက် ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တက်ရောကလာသည့် သင်တန်းသားသင်တန်းသူများ အနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေးခြင်း။ အစုအဖွဲ့ဖြင့်ဝိုင်းဝန်း လုပ်ဆောင်ခြင်း မိမိတို့ ယခင်သိထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ဆွေးနွေး မှုများပြုလုပ်ခြင်းများကို စိတ်ပါဝင်စားစွာဖြင့်ဆွေးနွေး မှုပြုလုပ်နိုင်ခဲ့ကြသည်။

ဒေသတွင်း အမျိုးသမီးအခွင့်အရေးကို လုပ်ဆောင်နေသူများ အနေဖြင့်၎င်းတို့ မသိသေးသည့် အချက်အလက်များ လေ့လာသိရှိခွင့်ရသွားပြီး တစ်ဦးကစ မိသားစု ပတ်ဝန်ကျင်ဒေသများအထိ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိစေရန်နှင့်ခွဲခြားမှုပပျောက်စေရန် ဝိုင်းဝန်းလုပ်ဆောင်သွားမည်ဟုလည်း ဆွေးနွေး ပွဲနောက် ဆုံးနေ့တွင် ပြောဆိုခဲ့ကြသည်။