အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်၏ ထုတ်ပြန်ကြေညာချက်

လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးနှင့် သက်ဆိုင်သည်။ မည်သူအပေါ်တွင် မည်သည့် အကြောင်း ကြောင့်နှင့်မှ ခွဲခြားခြင်းမပြုရဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁) နှင့် (၂) တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် ထိုကြေညာစာတမ်း၏ စကားချီးတွင် “လူခပ်သိမ်း၏ မျိုးရိုး ဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း” ဟု တိကျစွာရေးသားထားသည်။ လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည်။ လူပေါင်းများ စွာသေဆုံးခဲ့ရသော ကမ္ဘာစစ်ကြီးနှစ်ခုအပြီးတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသော အမုန်းတရားကို အခြေခံသည့် လူမျိုးတုန်းစစ်ပွဲများ၊ မတရားကျေးကျွန်ပြုမှုများ၊ သက်ဦးဆံပိုင်အာဏာရှင်စံနစ်များကို သမိုင်းသင်ခန်းစာယူလျက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကြီးကို ရေးဆွဲပြီး လူသားတို့၏ မူလအခွင့်အရေးဖြစ်သော လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာနှင့်အညီအသက်ရှင်သန်ပိုင်ခွင့်ကို နိုင်ငံတကာအနေဖြင့် ကာကွယ်တာဝန်ယူရန်ဆောင်ရွက်ဖေါ်ထုတ်လိုက်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အစုလိုက်အပြုံလိုက်ဖြစ်လာသည့်အတွက် အကာအကွယ်မဲ့လာခြင်းအပေါ် လူသားတို့၏ မူလအခွင့်အရေးများကို မီးမောင်းထိုးကာ ပြန်လည်သိမြင်စေခြင်းဖြစ်သည်။
လူ့အခွင့်အရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၏ အနှစ်သာရများဖြစ်သော တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု၊ မတူကွဲပြားမှုကို အသိအမှတ်ပြုရန် တည်ဆောက်ခြင်းပင်ဖြစ်သည်။ တစ်ဦးချင်း အခွင့်အရေးနှင့် အုပ်စုလိုက်အခွင့်အရေးသဟဇာတဖြစ်မှုကို အလေးထားသည်။ ဤသို့သောလူ့အခွင့်အရေး ယဉ်ကျေး မှုထွန်းကားခြင်းကသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်။ ငြိမ်းချမ်းရေးတည်ရှိမှ လူ့အခွင့်အရေး ယဉ်ကျေးမှုကို တိုးမြှင့်ကာကွယ်နိုင်မည်ဖြစ်ကြောင်း မိမိတို့ လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်အနေဖြင့် လေးနက်စွာ ယုံကြည်သည်။
လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေး၏ အခြေခံဖြစ်သလို လူ့အခွင့်အရေးကို အကြမ်းဖက်နည်း ဖြင့်တည်ဆောက်၍မရပါ။ အကြမ်းဖက်ခြင်းသည် လူသားတို့၏ အသက်ရှင်ခွင့်နှင့် လုံခြုံခွင့်တို့အပေါ် ပြင်းထန်စွာထိခိုက်မှုများဖြစ်စေသောကြောင့် လူ့အခွင့်အရေးအခြေခံအနှစ်သာရကို ထိခိုက်လျက်ရှိပြီး ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ ကလေးသူငယ်များ၊ အမျိုးသမီးများအပေါ် ကြီးမားစွာ အန္တရာယ်ကျရောက်လာစေပြီး လူအုပ်စုဝင်များ၏ အခွင့်အရေးများပေါ်လဲ ခြိမ်းခြောက်မှုဖြစ်စေသည်။ အကြမ်းဖက်မှုသည် မုန်းတီးမှု နှင့် ဂလဲ့စားချေမှု သံသရာစက်ဝန်းကိုဖြစ်စေပါသည်။ အကြမ်းဖက်မှုသည် မတရားမှု၊ မမျှတမှုကို ပို၍ဆိုးရွားစေသည်။ အကြမ်းဖက်မှုကို ယဉ်ကျေးသောလူ့ဘောင် အသိုင်းအဝိုင်းတိုင်းက လက်မခံနိုင်သလို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ပညာပေးသူများ အနေဖြင့်လည်း အကြမ်းဖက်မှုမှန်သမျှကို မည်သည့်နေရာတွင် မည်သူကျူးလွန်ကျူးလွန် အပြင်းအထန်ရူတ်ချပါသည်။ အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပွားစေသော ကြောင့် လူ့အခွင်အရေးယဉ်ကျေးမှုနှင့် ပြဒါးတလမ်း သံတလမ်းဖြစ်သည်။ အကြမ်းဖက်သူများသည် လူသား အချင်းချင်းအပြန်အလှန်လေးစားမှုကို လက်မခံဘဲ အကြမ်းဖက်သောနည်းလမ်းဖြင့်သာ အဖြေရှာအနိုင်ယူ လိုသူများဖြစ်နေလေ့ရှိရာ အကြမ်းဖက်သူများသည် ယေဘုယျအားဖြင့် လူ့အခွင့်အရေးချိုး ဖောက်သူများဖြစ်သွားတတ်သည်။ လူ့အခွင့်အရေးအယူအဆ၏ အမှန်တရားမှာ မည်သူကျူးလွန်သည်ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါက ချိုးဖောက်ခံရသူဖက်မှ ရပ်တည်ပြီး အမှန်တရားနှင့် တရားမျှတမှုရရှိလာအောင် ဖော်ဆောင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူအခွင့်အရေးချိုးဖောက်မှုတခုဖြစ်စေ အကြမ်းဖက်မှုတခုဖြစ်စေ ကျူးလွန်မှုများကို လူ့အခွင့်အရေးရူထောင့်မှ ရူမြင်ပြီး ၎င်းလုပ်ရပ်အား ရူံ့ချဆန့်ကျင်ရန်မှာ လူ့အခွင့်အရေးအမှန်တကယ်လေးစားသူတိုင်း၏ တာဝန်ဝတ္တရားများနှင့် ရပ်တည်ချက်ပင်ဖြစ်သည်။ မှန်ကန်သော လူ့အခွင့်အရေးအယူအဆသည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပံ့ပိုးပေးခြင်းသာဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ခြင်းသည် အကြမ်းဖက်မှုများကို ရူံ့ချရုံ သက်သက်သာမက အကြမ်းဖက်မှုများအစား ငြိမ်းချမ်းရေးနှလုံးသားပိုင်ရှင်များ ပေါ်ထွက်လာစေအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးလေးစားသောသူတဦးသည် မိမိကိုထိမှသာ နာတတ်သောသူများ မဖြစ်ရပါ။ လူသားမျိုးနွယ်စုဝင် လူသားတဦးကိုဖြစ်စေ လူသားအုပ်စုဝင်တခုခုကိုဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်စုတခုလုံးကို စော်ကား ထိခိုက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။
ထို့အတွက် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (Human Rights Educators Network) အနေဖြင့် မည်သူကျူးလွန်သည်ဖြစ်စေ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ပြင်းထန်စွာ ရူံ့ချပါသည်။ လူ့အခွင့်အရေးယဉ်ကျေးမှု၏ စစ်မှန်သော အယူအဆများဖြစ်သည့် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းရေးကို ရှေးရူခြင်းတို့ကို ကျင့်သုံး၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ၊ အကြမ်းဖက်မှုတားဆီးရေးလုပ်ငန်းစဉ်များတွင် ဘက်လိုက်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ရက်စွဲ။ ။၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၉) ရက်

ဆက်သွယ်လိုပါက
ဦးအောင်ဇော်ထွေး
၀၉ ၄၄၈၀၂၆၂၀၇
ဦးကျော်သက်ဦး
၀၉ ၄၂၂၅၄၄၅၃၀
ကိုရဲလွင်ဦး
၀၉ ၇၇၀၈၁၈၉၄၃