နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲ

Equality Myanmar June 7, 2017
နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲကို ညီမျှခြင်းမြန်မာ(Equality-Myanmar) မှဦးဆောင်ပြီး ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြောက်ဦးမြို့ နဝရတ်ဟော်တယ်တွင် ပြုလုပ်ခဲ့ပါသည်။ အဓိကဆွေးနွေးခဲ့သောအကြောင်းအရာများမှာ International Covenant on Civil and Political Right (အတိုကောက်-ICCPR) ဟုခေါ်သော နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူညီစာချုပ်ဆိုတာဘာလဲ၊ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံအတွင်းတွင် ရှိနေကြသောနိုင်ငံသားများ၏ လုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလွတ်လပ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အဘယ့်ကြောင့် ထိုစာချုပ်တွင် မြန်မာနိုင်ငံအစိုးရ လက်မှတ်ထိုးရန်လိုအပ်သလဲ ဆိုသည့်အကြောင်းအရာများကို သုံးသပ်ခဲ့ကြသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောကိစ္စရပ်များဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အကြပ်အတည်း၊ ဘာသာရေးအသွင်ဆောင်နေသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့်ပတ်သတ်၍လဲ ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။

သင်တန်းသို့တက်ရောက်သူ မဦးမြိုင်က ICCPR အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခွင့်ရတာနဲ့ ပတ်သတ်ပြီး “ဒီသင်တန်းကိုတက်ရောက်ခွင့်ရတာ ကျွန်မအနေနဲ့ လူ့အခွင့်ရေးနဲ့ပတ်သတ်ပြီး မသိတာတွေကို သိခွင့်ရခဲ့တယ်။ သူများတွေကိုလဲ ကျွန်မပြောပြနိုင်မယ်ပေါ့နော်။ အဲ့သည့်အကျိုးကျေးဇူးတွေကိုရရှိခဲ့ပါတယ်။ ဒီလူအခွင့်အရေးနဲ့ပတ်သတ်တဲ့ အကြောင်းတွေကို ကျွန်မ Training ကိုလဲ ဆက်လက်ပေးသွားဦးမှာပါ။ အခြားသူတွေကိုလဲကျွန်မလိုပဲ အများကြီးတတ်လာစေချင်ပါတယ်။ ကျွန်မကိုယ်တိုင်လဲဆက်ပြီးအများကြီး လေ့လာချင်ပါသေးတယ်။ လူ့အခွင့်အရေးဆိုတာ လူ့ရဲ့ မွေးရာပါ ဂုဏ်သိက္ခာ၊ လူတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး၊ ဒါတွေကို ဒီသင်တန်းကိုတက်ပြီး အရင်ကထက် ပိုမြင်လာပါတယ်။ နောက်ပြီးအစိုးရကိုယ်တိုင်လည်း ICCPR စာချုပ်မှာ လက်မှတ်ထိုးသင့်တယ်။ လူတွေကိုလဲ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး လိုက်နာစေအောင် ပြဌာန်းသင့်တယ်လို့ ကျွန်မမြင်ပါတယ်။”

ထို့နောက် သင်တန်းတက်ရောက်ခဲ့သူ မြောက်ဦးလူငယ်ကွန်ရက် (MUYA) မှ ကိုစောမြတ်ကို မှလဲ အ “အစတုန်းကသိထားခဲ့တာကတော့ UDHR (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း) ပေါ့နော်။ ဒါပေမဲ့ UDHR ကိုအပိုင်းဘယ်လိုခွဲတယ်၊ စာချုပ်တွေ ဘယ်လိုချုပ်တယ်ဆိုတာတွေမသိခဲ့သေးဘူး။ ICCPR ဆိုတာကိုလဲမသိသေးဘူး။ အဲ့လို ICCPR တို့ စီးလူယဉ်(ICESCR) တို့သိလာတာတို့၊ နောက်ြ့ပီး ICCPR မှာ ဘာတွေပါတယ်တို့ ဒါတွေကို အသေးစိတ်သိလာရပါတယ်။ ဒီမှာလက်တွေ့မှာ ဘယ်လိုအသုံးချမလဲ၊ ကိုယ့်အခွင့်အရေးကို ဘယ်လိုကာကွယ်မလဲ၊ အခြားသူတွေရဲ့လူ့အခွင့်အရေးကို ဘယ်လိုလေးစားရမလဲ စသဖြင့် ပိုနားလည်လာခဲ့ ရပါတယ်။”

ယခုပြုလုပ်သော ICCPR Workshop ကို မြောက်ဦးလူငယ်ကွန်ရက်(MUYA) အပါအဝင် အခြားရပ်ရွာအခြေပြု လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်း ၂၁ ယောက်တက်ရောက်ခဲ့သည်။ လက်ရှိ လှုပ်ရှားနေသော နိုင်ငံတကာ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ(ICCPR) အသိပညာပေးခြင်းများ အပါအဝင် အခြားသော နိုင်ငံတကာ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအကြောင်းများ သိရှိလိုပါက ICCPR Myanmar Action Group လူမှုကွန်ရက် Facebook စာမျက်နှာတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။