ဧရာဝတီတိုင်းရှိ မြို့နယ်များသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်းခြင်း
ပြင်စလူမြို့ရှိ ကိုဗစ် ကာကွယ်စောင့်ရှောက်ရေးကမ့်(Camp)နှင့် ဇလွန်ပြည်သူ့ဆေးရုံသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းစက်၊ ပီပီအီး(Personal protective Equipment)၊ လက်အိတ်နှင့် ပညာပေးစတစ်ကာများကို ဧရာဝတီလူငယ်ကွန်ရက်က ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ပုသိမ်မြို့နယ် နှင့် သာပေါင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ၊ ဒေသဖွံ့ဖြိုးရေးဦးဆောင်လုပ်ကိုင်နေသော ဒေသခံလူငယ်များနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ပြင်စလူမြို့နယ် နှင့် ဇလွန်မြို့နယ် ရှိ ခရိုင်ကိုယ်စားလှယ်လူငယ်များနှင့် ဧရာဝတီလူငယ်ကွန်ရက်တို့က ချိတ်ဆက်ပူးပေါင်းကာ သက်ဆိုင်ရာနယ်များသို့ လိုင်းကားဖြင့် ပို့ဆောင်ခြင်း၊ နှာခေါင်းစည်းတပ်ရန် အဓိကလိုအပ်သူ များဖြစ်သည့် ကွမ်းယာဆိုင် စျေးသည်များ၊ လမ်းစုံ လမ်းဂွရှိ ဆိုင်ကယ် တက္ကစီ၊ အိုးဝေ သမားများကို တစ်ဦးလျှင် ၁၀ ခုစီ ပေးဝေခဲ့သည်။
ဧရာဝတီလူငယ်ကွန်ရက် လူငယ်များက ကြက်တူရွေးဈေး၊ ကနကုန်းဈေး၊ ဧရာမင်းဈေး၊ ဘူတာဈေး၊ ရေပေါ်ဈေးများရှိ ဈေးသူ၊ဈေးသားများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်းဝေခြင်း၊ ကိုယ်တိုင်ကိုယ်ကျ လက်ကမ်းစာစောင်များ ဝေခြင်းများပြုလုပ်ခဲ့ပါသည်။


နှာခေါင်းစည်း ၁၀၀၀၊ အပူချိန်တိုင်းစက် ၂ ခု ၊ ပီပီအီး(Personal protective Equipment) ၂၀ခု၊ လက်အိတ် – ၄ ထုပ် တို့ကို လှူဒါန်းခဲ့ပါသည်။


ပြည်သူများကလည်း နှာခေါင်းစည်းများကို မည်သို့တပ်ရမည်သိသော်လည်း ဝယ်မရခြင်း၊ အချို့ကျပန်း မိသားစုများသည် ကိုးဗစ်ကြောင့် အလုပ်အကိုင် ဝင်ငွေနည်းပါးသောကြောင့်စားဝတ်နေရေး အပြင် နှာခေါင်းစည်း ဖိုးပါထပ်တိုးလာ၍ အခက်အခဲကြုံရချိန် ယခုကဲ့သို့ ကူညီမှုရရှိသောကြောင့် အထူးကျေးဇူး တင်ကြောင်းကြားသိရပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
