မြဝတီတွင် ဖမ်းဆီးထားသော သတင်းထောက်အား BGF ပြန်လွှတ်
By ထွန်းထွန်း 5 March 2020Want create site? Find Free WordPress Themes and plugins.
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် Frontier Myanmar သတင်းဌာန၏ သတင်းထောက် မနော်ဘက် တီဟန်အား ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း နယ်ခြားစောင့် တပ်ဖွဲ့(BGF)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ် သူက ဧရာဝတီသို့ ပြောသည်။
နော်ဘက်တီဟန်သည် မြဝတီမြို့ အမှတ် ၁ နယ်စပ် ဂိတ်တွင်း သတင်းရယူနေစဉ် BGF တပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး မတ်လ ၄ ရက် မွန်းလွဲပိုင်းကတည်းက ဌာနနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း Frontier Myanmar က ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးကြီး စောချစ်သူ က “BGF က စီးပွားရေး လုပ်နေတာ ဟုတ်နေတာပဲ။ ဒီ Resort တွေ၊ မြို့သစ်တွေ လုပ်နေတာ လည်း ဟုတ်နေတာပဲ။ ကာစီနိုရှိတာလည်း ဟုတ်နေတာပဲ။ သတင်းထောက်က သတင်းဖြစ်တာ၊ ရှိတာကို ရေးမှာပဲ၊ သူ့ ဘာသာရေးတာ ဘာဖြစ်လဲ။ ရေးထားတာကို ဖတ်လိုက်၊ ပြီးရင် လိုတာပိုတာတွေကို ပြန်ရှင်းလင်းချက် ထုတ်ရင်ရတာပဲ။ သတင်းထောက်ကို ဒီလို လုပ်စရာမှ မဟုတ်တာလေ။ ဒီလိုလုပ်တဲ့သူကို ကျနော် အပြစ်ပေးခိုင်းလိုက်ပြီ။ သတင်းထောက် ကိုလည်း လွှတ်လိုက်ပြီ။ ဒီလိုလုပ်တာဟာ ရှက်စရာလည်း ကောင်းပါတယ်။ နောင်ဒါမျိုး မလုပ်ဖို့ ကျနော့် အဖွဲ့တွေကို ထပ် မှာလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သတင်းထောက်အနေဖြင့် အမှတ် ၁ ဂိတ်တွင် ဓာတ်ပုံရိုက်နေသည့်အတွက် ရဲဘော်များက စစ်ဆေးမေးမြန်းစဉ် ၎င်း၏ မှတ်စုအတွင်းမှ မြို့သစ်ကိစ္စ၊ ချစ်သူမြိုင်ပန်းခြံနှင့် ကာစီနိုကိစ္စများ တွေ့ရှိရသည့် အတွက် ထိန်းသိမ်း စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းလည်း BGF ဘက်က ပြောဆိုသည်။
အဆိုပါ သတင်းထောက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင်လည်း ဗိုလ်မှူးကြီး စောချစ်သူထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ပြန်လွှတ်ရန် တပ်ဖွဲ့ဝင်များထံသို့ ညွှန်ကြားခဲ့ခြင်း ဖြစ် သည်။
Irrawaddy News


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
