NLD အစိုးရနဲ့ လွှတ်တော် ကလေးသူငယ်အခွင့်အရေးအတွက် ဘဏ္ဍာငွေ ပိုမိုသုံးစွဲဖို့လို

NLD အစိုးရနဲ့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေ အသုံးစရိတ် ဘတ်ဂျက်တွေ ပိုမိုချထားပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦဆောင်ရမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဘဏ္ဍာငွေ လိုအပ်ချက်ရှိနေတဲ့အပေါ် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောကြားလိုက်တာပါ။

(၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး” “Violence Against Children” ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးစဉ် NCRWG (NGO Child Rights Working Group) က စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးပီတာ၊ ကလေးသူငယ် လူကုန်းမှုတားဆီးကာကွယ်ရေး သံတမန် သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လူငယ်သံတမန် ကိုလွှမ်းမိုးအောင်တို့က အဲ့ဒီလို တိုက်တွန်းပြောကြားခဲ့ကြတာပါ။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်အဓ္ဓမပြုကျင့်မှု၊ ကလေးခိုးမှုတွေအပြင် ကလေးငယ်တွေ အပေါ် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်နိုင်ဖို့ လူ့အဖွဲ့အစည်း အနေနဲ့ မဖြစ်မနေ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေကိုလည်း ဆွေးနွေးပေးထားကြတာပါ။

(၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်ကိုတော့ MCN TV NEWS ရုပ်/သံ သတင်းဌာနနဲ့ Equlity Myanmar တို့ ပူးပေါင်းစီစဉ် တင်ဆက်ပေးထားပြီး Mizzima ရုပ်/သံလိုင်းကနေလည်း ထုတ်လွှင့် ပေးနေတာ ဖြစ်ပါတယ်။