လူ့အခွင့်အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်းပပြီးစီးခြင်း
၂၀၁၉ ခုနှစ်၊ဧပြီလ၊ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၌ ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်တို့ ပူးပေါင်းပြီး လူ့အခွင့် အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်း ပပြုလုပ်ခဲ့ပါသည်။
ကျေးရွာ ဆယ်အိမ်မှုးတဦးဖြစ်သူ ဦးစိုးသိန်းမြင့်မှ “ခရမ်းမြို့မှာ အခုလို ဆွေးနွေးပွဲသင်တန်းတွေ တခါမှမရှိဖူးဘူး၊ အခုဆွေးနွေး မှုပုံစံတွေက အပြောကြီးသက်သက်မဟုတ်ဘဲ အားလုံးနဲ့ အပြန် အလှန် ဆွေးနွေးမှုကြောင့် ဒေသခံလူတွေကလည်း ဆွေးနွေးပွဲကို လိုလိုလားလားနဲ့ စိတ်ဝင်စားမှုရှိကြတယ်” လို့ ပြောပါသည်။
ဟောပြောဆွေးနွေးပွဲတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ သမိုင်းကြောင်း များနှင့် လူ့အခွင့်အရေး အပိုဒ်များ၊ အစိုးရ၏တာဝန်ရှိမှုနှင့် တိုင်ကြားနိုင်သည့် အကြောင်း အရာများ အကြောင်း ကို ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ဒေသတွင်း တောင်သူများနှင့်ကျောင်းသား လူငယ် (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။
သင်တန်းစီစဉ်သူ ကျေးရွာတာဝန်ခံမှ “အရင်ကတော့လူ့အခွင့်အရေး ဆိုတာ ကိုယ့်ရပိုင်ခွင့်တွေလို့ပဲ ထင်မိ တယ်၊ အခုတော့ လူ့အခွင့် အရေးဆိုတဲ့အချက်တွေက တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ တိတိကျကျ ရှိတယ် ဆိုတာ သိလိုက်ရတယ်၊ တက်ရောက်တဲ့ သူတွေလည်း ကွဲကွဲပြားပြားနားလည်သွားမယ်လို့ ယုံကြည်ပါတယ်။”
လူ့အခွင့်အရေး အခြေခံအကြောင်းအရာများကို အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ညီမျှခြင်းမြန်မာ အဖွဲ့၏ လူ့အခွင့် အရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပူးပေါင်း၊ ပါဝင်ဆောင်ရွက် လာစေ ရန်ရည်ရွယ်ပြီး ဟောပြောဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဆွေးနွေးပွဲအား ညီမျှခြင်းမြန်မာအဖွဲ့မှ ဆရာမဒေါ်ကြည်ဖြူနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ယက်အဖွဲ့မှ မစုရတီတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
