လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ် သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်
ရက်စွဲ – ၁၄.၅.၂၀၁၈
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)တို့၏ တိုက်ပွဲများအကြား ပိတ်မိနေသည့် စစ်ဘေးသင့် ဒုက္ခသည်ပြည်သူများအား လွတ်လပ်စွာကူညီထောက်ပံ့ခွင့် ရရှိရေးနှင့် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရေးတို့အတွက် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ များသည် ၁၂.၅.၂၀၁၈ ညနေ ၅ နာရီအချိန်တွင် တာမွေမြို့နယ် Ocean Center ရှေ့၌ စုပေါင်းဆန္ဒထုက်ဖော်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုက်ဖော်နေသည့် တက်ကြွလှုပ်ရှားသူများနှင့် ဦးဆောင်သူများ သည် ဆန္ဒထုက်ဖော်မှုအပြီး လူစုခွဲနေသည့်အချိန်တွင် ရဲတပ်ဖွဲ့နှင့်အတူ အရပ်ဝတ်လူများမှ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးထိန်းသိမ်းပြီး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ (၁၇) ဦးကိုလည်း ဗဟန်းမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ(၂၀)ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရပါသည်။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်(Human Rights Defenders Forum)အနေဖြင့် လူ့အခွင့်အရေး အခြေခံစံနှုန်းများဖြစ်သည့် လွတ်လပ်စွာ စုရုံးခွင့်(Freedom of Assembly)နှင့် လွတ်လပ်စွာ ဆန္ဒထုက်ဖော်ခွင့်(Freedom of Expression)တို့အရ စစ်ပွဲများရပ်တန့်ရန် ဆန္ဒထုက်ဖော်ပွဲပြုလုပ်ခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ရဲတပ်ဖွဲ့နှင့် အမည်မသိ အရပ်ဝတ်များမှ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အောက်ပါအချက်များကို ခြွင်းချက်မရှိ ဆောင်ရွက်ပေးရန် ပြည်ထောင်စု သမ္မတနိုင်ငံတော် အစိုးရအား တောင်းဆိုတိုက်တွန်းအပ်ပါသည်။
(က) ငြိမ်းစုစီပုဒ်မ(၂၀)ဖြင့် တရားစွဲဆိုမှုအား ပြန်လည်ရုတ်သိမ်းရန်
(ခ) ဖြစ်စဉ်အတွင်း လိုအပ်သည်ထက်ပိုမို၍ အကြမ်းဖက်ဖြိုခွင်းသည့် တပ်ဖွဲ့ဝင်များနှင့် အမည်မသိ အရပ်ဝတ်များအား စုံစမ်းဖော်ထုက် အရေးယူပေးရန်
(ဂ) ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရန်
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်(HRDF)







ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
