Equality Myanmar’s 23rd Anniversary

“ညီမျှခြင်းမြန်မာ” (ယခင် လူ့အခွင့်အရေး ပညာပေးဌာန၊ မြန်မာနိုင်ငံ) အဖွဲ့သည် လူ့အခွင့်အရေး အသိပညာပေးခြင်း နှင့် အခြားသော လူ့အခွင့်အရေး  လုပ်ငန်းစဉ် များကို လုပ်ဆောင်လာခဲ့သည်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ တွင် (၂၃) နှစ်တိုင်တိုင် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန်အတွက် ဦးဆောင်တည်ထောင်ခဲ့သော ဆရာဦးအောင်မျိုးမင်း အား ညီမျှခြင်းမြန်မာက ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

“ညီမျှခြင်းမြန်မာ” အဖွဲ့သည် စတင်တည်ထောင်ချိန်မှ စ၍  မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများ ၊ လူ့အခွင့်အရေး ယဉ်ကျေးမှုများ ထွန်းကားလာစေရန် အတွက် လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်‌ဆောင်လာခဲ့ပါသည်။ ထို့အပြင် လက်ရှိအချိန်တွင်လည်း အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့်  နွေဦးတော်လှန်ရေးကာလ တလျှောက်လုံး လူ့အခွင့်အရေး အသိပညာပေးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း နှင့် စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်းစဉ်များအပြင် ပြည်သူများ၏ အခြေခံ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးသည့် လုပ်ငန်းများကို လုပ်‌ဆောင်နေလျက် ရှိပါသည်။

ယနေ့အခါ “ညီမျှခြင်းမြန်မာ” ၏  (၂၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်  “ညီမျှခြင်း မြန်မာ” အဖွဲ့နှင့်  ရုံးဝန်ထမ်းမိသားစုများမှ စုပေါင်းပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ရှောင်မိသားစုဝင်များ နှင့် မကွေးတိုင်းရှိ တော်လှန်ရေး အင်အားစုများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံ‌ငွေအဖြစ် ငွေကျပ် (၂၃) သိန်း ကူညီအားဖြည့်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးထွန်းကားနိုင်စေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ မြန်မာပြည်သူများ လွတ်လပ်ငြိမ်းချမ်း၍ ကဏ္ဍပေါင်းစုံတန်း တူညီမျှမှု ခံစားရရှိနိုင်စေရန်၊ နွေဦးတော်လှန်ရေးကာလ နှင့် အတိတ်ကာလများတွင် အနစ်နာခံပေးဆပ်ခဲ့ရသော ပြည်သူများအနေဖြင့် တရားမျှတမှု အမြန်ဆုံး ရရှိခံစားနိုင်ရပါစေကြောင်း ညီမျှခြင်းမြန်မာက ဆန္ဒမွန်ပြု ဆုတောင်းအပ်ပါသည်။