(၇၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်

(၇၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်

ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက်တို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၀) ရက်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အတည် ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုသတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့၏ (၇၂) နှစ်ပြည့် မြောက်သောနေ့ဖြစ်ပါသည်။ ထိုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အစီအစဥ်များကို “လူကိုလူချင်းခွဲခြားမှုကင်း စုပေါင်းကာကွယ် ကိုဗစ် အန္တရာယ်” ဟူသော ဆောင်ပုဒ်ဖြင့် လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်နှင့် ညီမျှခြင်းမြန်မာတို့ပူးပေါင်း၍ ကျင်းပလျက်ရှိပါသည်။ ဤနေ့အခါသမယတွင် ကွန်ရက်အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ လူ့အခွင့်အရေး ကာကွယ်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာများ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်အချက်များနှင့်ပတ်သက်ပြီး ဤသဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)ကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း၊ လူ့အခွင့်အရေးသင်ရိုးညွန်းတမ်းများကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်း လာခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်ကပ်ရောဂါကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ အခြေခံ ပြည်သူများကို လူမှုဖူလုံရေး စရိတ်များ ထောက်ပံ့ခြင်းအပါအဝင် COVID-19 ရောဂါကုစားမှုအစီအမံများကို တတ်နိုင်စွမ်းရှိသ‌လောက်လုပ်ဆောင်ခဲ့ခြင်းများကို ကွန်ရက်က အသိအမှတ် ပြုပါသည်။

သို့ရာတွင် နိုင်ငံအတွင်း ခွဲခြားဆက်ဆံမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှုများမှာ ဆက်လက်ဖြစ်ပွားနေလျက်ဖြစ်ပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်နေ ခြင်းနှင့် နေရပ်စွန့်ခွာထွက်ပြေးနေရခြင်းတို့အပေါ် မိမိတို့အနေဖြင့် အထူးစိုးရိမ်မိပါသည်။ ဤအရေးနှင့် ပတ်သက်၍ နိုင်ငံတကာကပင် အထူးအရေးစိုက်နေရသော ပြဿနာတစ်ရပ် ဖြစ်လာသည်ကိုတွေ့ရှိရပါသည်။

ထို့ပြင် ဒေသအချို့တွင် ရွေးကောက်ပွဲကိုမကျင်းပနိုင်ခြင်း၊ ပြည်သူများ၏ သတင်းအချက်အလက် လက်လှမ်းမှီ ရရှိခွင့်နှင့် သတင်းများရယူခွင့်များဆုံးရှုံးနေခြင်း၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို  လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် မကိုက်ညီသော တည်ဆဲဥပဒေများဖြင့် ဖမ်းဆီးအရေးယူခြင်း၊ လယ်ယာမြေများသိမ်းဆည်းခံရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်း၊ မူရင်းဌာနေတိုင်းရင်းသားများ၏အခြေခံရပိုင်ခွင့်များ ဆက်လက်ဆုံးရှုံးနေခြင်းတို့သည် စိုးရိမ်စရာ ကောင်းသော အခြေအနေတွင် ရှိနေဆဲဖြစ်ပါသည်။

ထို့အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးပညာပေးသူများ၏ လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံမှုကို အဆင့်ဆင့် ပြုလုပ်နေရခြင်း၊ ခွင့်ပြုမိန့်များ လွယ်ကူစွာ မရရှိခြင်း၊ ဒေသန္တရအမိန့်များထုတ်၍ တားမြစ်ခံရခြင်းနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအပေါ် ကာကွယ်ပေးသည့် ဥပ‌ဒေများ မရှိသေးခြင်းတို့ကို  ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။

သို့ဖြစ်၍ မကြာမီ ဖွဲ့စည်းလာမည့် အစိုးရအနေဖြင့် အောက်ဖော်ပြပါအချက်များကို အကောင်အထည်ဖော် လုပ်ဆောင်ပေးပါရန် လူ့အခွင့်အရေးပညာပေးသူများကွန်ရက်နှင့် ညီမျှခြင်းမြန်မာက တိုက်တွန်းတောင်းဆို အပ်ပါသည်။

– ကိုဗစ်ကာလအတွင်း ကုစားမှုအစီအမံများနှင့် ထောက်ပံ့မှုအကူအညီများကို ခွဲခြားမှုမရှိစေဘဲ အမှန်တကယ် ရရှိသင့်သောသူများအားလုံးရရှိစေရန်အတွက် စနစ်တကျလုပ်ဆောင်ပေးရန်နှင့် နိုင်ငံတွင်းရှိ လူသားများ အားလုံး၏ အခြေခံလူ့အခွင့်အရေးများအပေါ် ချိုးဖောက်မှုများမရှိစေရေး အတွက် အာမခံပေးရန်၊

– တိုင်းရင်းသား‌ဒေသများတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်ပြီး ထိုဒေသ များတွင် ဖြစ်ပွားနေသော လူ့အခွင့်အ‌ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသည့် မည်သူကိုမဆို တရားဥပဒေအရ ထိရောက်စွာ အရေးယူရန်နှင့် ချိုးဖောက်ခံရသည့်သူများအတွက် တရားမျှတမှုရရှိ စေရေး ဆောင်ရွက်ပေးရန်၊

– ဌာနေတိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအပါအဝင် လူနည်းစုများအပေါ် ခွဲခြားဖိနှိပ်မှုများအား ကာကွယ်ပေးသည့် ဥပဒေများပြဌာန်းပြီး လက်တွေ့ကျင့်သုံးလုပ်ဆောင်ပေးရန်၊

– မတရားသည့်ဥပ‌ဒေများဖြင့် ဖမ်းဆီးအပြစ်ပေးခံရသူများနှင့် တရားစွဲဆိုထားခြင်းများအား အမြန်ဆုံး ပယ်ဖျက်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် ဖိနှိပ်သည့်ဥပဒေများကို ဖျက်သိမ်းရန်၊

– လူ့အခွင့်အရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသည့် ဒေသန္တရအမိန့်များကို ပယ်ဖျက်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများအား လက်တွဲအားပေးလုပ်ဆောင်ရန်။

– နိုင်ငံတကာပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် နှိပ်စက် ညှင်းပမ်းမှု တားဆီး‌ရေးစာချုပ် (CAT) တို့ကို အတည်ပြု လက်မှတ်ရေးထိုးရန်၊

လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (Human Rights Educators Network) နှင့် ညီမျှခြင်းမြန်မာတို့ အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးယဉ်ကျေးမှုထွန်းကားလာစေရန်အတွက် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး အစိုးရ၏ ဥပဒေမူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို စောင့်ကြည့်ပြီး လိုအပ် သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ရက်စွဲ။  ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၀)ရက်။

ဆက်သွယ်ရန်

(၁)ဦးအောင်မျိုးမင်း (Executive Director)ညီမျှခြင်းမြန်မာ ဖုန်း-၀၉ ၄၄၈၀၁၅၃၀၆

(၂) ဦးအောင်ဇော်ထွေး (ညှိနှိုင်းရေးမှုး- HREN)၊ ဖုန်း- ၀၉ ၄၄၈၀၂၆၂၀၇

(၃) ဒေါ်ဇင်မာသက် (အတွင်းရေးမှုး၊ ဦးဆောင်ကော်မတီ- HREN) ဖုန်း ၀၉ ၂၆၂၂၁၇၀၄၉