ဖေ့စ်ဘွတ်ခ်ရဲ့ သတင်းအချက်အလက် ထုတ်ပေးမှုကို တပ်ဘက်က တုံ့ပြန်

တပ်မတော်ဘက်က တရားဝင်ဖွင့်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေဟာ ပြည်သူတွေကို သတင်းမျှဝေတာပဲ ဖြစ်တာကြောင့် အမုန်းစကားတွေပြောခဲ့တယ်ဆိုတဲ့ အချက်ကို ရှာဖွေနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုမရှိဘူးလို့ တပ်ဘက်က တုံ့ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေး ယန္တရား(IIMM)ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်က သတင်းအချက်လက်တွေ ထုတ်ပေးလိုက်တယ်ဆိုပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

“တရားဝင်ဖွင့်ခဲ့တဲ့ အကောင့်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး” လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲက ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဘက်က အကောင့်တွေဟာ ၂၀၁၈ ခုနှစ်က ဖေ့စ်ဘွတ်ခ်ကနေ ပိတ်ပင်ထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့စာမျက်နှာ အပါအဝင် အကောင့် ၁၈ ခုနဲ့ စာမျက်နှာ ၅၂ မျက်နှာတို့ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့ပေမဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး အခုလို ပေးခဲ့တာ ဖြစ်ပါတယ် ။

လူ့အခွင့်ရေးကောင်စီက ဖွဲ့ထားတဲ့ စုံစမ်းရေး အဖွဲ့တွေကို လက်မခံ
ဓာတ်ပုံ ပုံစာ, လူ့အခွင့်ရေးကောင်စီက ဖွဲ့ထားတဲ့ စုံစမ်းရေး အဖွဲ့တွေကို လက်မခံ

“သူတို့ စွပ်စွဲထားတဲ့ လူမျိုးရေးမုန်းတီးမှုတို့ ခွဲခြားမှုတို့ ဆိုတာ ပါလည်းမပါဘူး၊ ပါစရာလည်း အကြောင်းမရှိပါဘူး၊ ဒါနဲ့ပတ်သက်ပြီးပြောချင်တာက လူတိုင်းဖွင့်လို့ရတဲ့အကောင့်တွေကို ဗိုလ်ချုပ်တွေဖွင့်တာပါလို့ ဘယ်လိုလုပ် ပြောလို့ရမလဲ ဆိုတာ၊ နောက်တစ်ခုက တရားဝင် ဖွင့်ထားတဲ့ဟာတွေကို ပိတ်သိမ်း ခဲ့တာလည်းရှိပါတယ်၊ အဲဒီအကောင့်မှာ တင်တာလည်း တပ်မတော် အကြီးအကဲများ လှုပ်ရှားမှု ကိုပဲတင်ခဲ့တာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

IIMM လို့ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ယန္တရားဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ ဖွဲစည်းထားတာ ဖြစ်ပါတယ်။

မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂက ဖွဲ့ထားတဲ့ ယန္တရားကို ဦးဆောင်ဖို့ အမေရိကန် ဝါရင့် ရှေ့နေ နီကိုးလပ်စ် ကုမ်ဂျီအန် (Nicholas Koumjian) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂ဝ၁၉၊ ဧပြီလ ၂ ရက်နေ့မှာ ခန့်အပ် တာဝန် ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ အမေရိကန် ဝါရင့် ရှေ့နေ နီကိုးလပ်စ် ကုမ်ဂျီအန် (Nicholas Koumjian) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်တာကိုရော ဒီအဖွဲ့ဖွဲ့ခဲ့တာကိုရော မြန်မာအစိုးရက အသိအမှတ် မပြုဘူးလို့ နယူးယောက်မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုစွမ်းက ပြောခဲ့ပါတယ်။

ဒီဖေ့စ်ဘွတ်ခ် အကောင့်တွေကို အခုလိုစစ်ဆေးရာကနေ အမုန်းစကားဖြန့်တယ် ဆိုတဲ့ အချက်အလက်တွေ တွေ့လာရင် အခု နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

Source