UPR အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနား

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၀) ရက်၌ ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ UPR လုပ်ငန်းစဉ်သို့ တင်သွင်းမည့် မြန်မာနိုင်ငံ UPR ဖိုရမ်၏ အစီရင်ခံစာနှင့် Myanmar Child Rights Coalition အဖွဲ့တို့၏ အစီရင်ခံစာ အကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း (၁၁) ခုနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ (၃)ခုတို့အပေါ် သုတေသန ပြုလုပ်ထားသော အချက်များအပြင် မြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားသည့် အကြံပြုချက်များ ပါဝင်သည်။

ထိုအကြာင်းအရာများမှာ နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအား အတည်ပြုခြင်းနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းအခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးစီတန်းခွင့်၊ ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှု လွတ်လပ်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ ကျား/မ/အခြား စသည့် ဂျဲန်ဒါရေးရာနှင့် လိင်စိတ်တိမ်းညွတ်မှု/ လိင်ဝိသေသ ခံယူဖော်ပြမှု ကွဲပြားသူဆိုင်ရာ ပြဿနာများ၊ လူကုန်ကူးမှု၊ မြေယာပြဿနာ၊ နိုင်ငံရေးအကျဉ်းသားများ၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်၊ မသန်စွမ်းသူများ အခွင့်အရေးနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေး တို့ဖြစ်သည်။

UPR လုပ်ငန်းစဉ်ဆိုသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက လေးနှစ်လျှင်တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာများတင်သွင်းပြီး သုံးသပ်မှု ခံယူရသော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် သုံးသပ်မှု ခံယူရမည်ဖြစ်ပြီး ယခုအကြိမ် သည် တတိယအကြိမ်မြောက် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်တွင် အစိုးရအစီရင်ခံစာများသာမက အရပ်ဖက်အဖွဲ့အစည်းများ ၏ အစီရင်ခံစာများကို အခြေခံ၍ သက်ဆိုင်ရာ နိုင်ငံအပေါ် နိုင်ငံတကာက အကြံပြုချက်များ တင်ပြခြင်း၊ သက်ဆိုင်ရာ နိုင်ငံက လက်ခံလိုက်နာမည့် အကြံပြုချက်များကို ရွေးချယ်ပြီး နိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော် ရခြင်း စသည်တို့ပါဝင်သည်။

ယခုအစီရင်ခံစာများသည် အရပ်ဖက်အဖွဲ့အစည်း (၂၉) ဖွဲ့ ပါဝင်သည့် Burma/Myanmar UPR Forum နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (၁၅)ဖွဲ့ပါဝင်သည့် Myanmar Child Rights Coalition တို့၏ အစီရင်ခံစာများဖြစ်သည်။