လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့

မကြာမီရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် ဗီဒီယိုသရုပ်ဆောင် မင်းရာဇာသည် ၎င်းအိမ်ရှိ အိမ်အကူ မိန်းကလေးငယ်နှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ မင်းရာဇာ၏ ဇနီး က ဖွင့်ချသည်ဆိုသည့် အသံဖိုင်များ ပေါ်ထွက်လာသည်။

ထိုသို့ပေါ်ထွက်လာပြီးနောက် အိမ်အကူမိန်းကလေးငယ်၏ မိန်းမကိုယ်တွင်လည်း အက်ဆစ်ပါသော အရည်ဖြင့် ပက်ခံရခြင်း၊ ခေါင်းအား တူဖြင့် ထုခြင်းများကို မင်းရာဇာနှင့် ၎င်း၏ ဇနီး၊ ယောက္ခမတို့က လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကာယကံရှင်မိန်းကလေး၏ မိဘများက မုဒိမ်းမှု၊ နာကျင်စေမှုစသည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထိုသို့သော အိမ်အကူ မိန်းကလေးအား နှစ်ချီ၍ လိင်ကျွန်အဖြစ် ပြုမှုခဲ့မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူမှုကွန်ရက်ပေါ်တင်ကာ သိက္ခာချစော်ကားသည့် လုပ်ရပ်များအပေါ် တရားဥပဒေစိုးမိုးရေး၊ အမှုမှန်ပေါ်ပေါက်ရေး စသည် အမြင်သဘောထား များကို အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ရှေ့နေများအား ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က ဆက်သွယ်မေးမြန်းထားပါသည်။

ဦးအောင်မျိုးမင်း (Equality Myanmar)

အစကတော့ ဒါကသာမန် အိမ်ထောင်ရေး ဖောက်ပြန်တဲ့ကိစ္စလို့ပဲ မြင်ခဲ့ပါတယ်၊ နောက်ပိုင်းကျတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးကို အက်စစ်ပါတဲ့ ဆေးရည်နဲ့ ဖျန်းတာမျိုး၊ ခေါင်းကို နာကျင်အောင် ရိုက်တာမျိုးတွေ ဖြစ်လာတော့ ဒါက ရာဇဝတ်မှုလည်း မြောက်သလို အကြမ်းဖက်မှု၊ လူ့အခွင့်အရေးတွေနဲ့လည်း သက်ဆိုင်လာတယ်။

နောက်တချက်က ဒီအမျိုးသမီးလေးက အသက် ၁၅ နှစ်တောင် မပြည့်သေးဘူး ဆိုတဲ့အချက်က ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကို တိုက်ရိုက် ထိခိုက်တာဖြစ်တဲ့အတွက် လူ့အခွင့်အရေးရှုထောင့်ကနေ သုံးသပ်မှုတွေ ရှိလာပါတယ်။

အခု လောလောဆယ်ကတော့ တရားရေးဆိုင်ရာနဲ့ သွားနေတဲ့အဖွဲ့တွေ ရှိသလို အသက် ၁၆ နှစ်တောင် မပြည့်သေးတဲ့ အတွက် ဆန္ဒပါသည်၊ မပါသည်၊ သူကိုယ်တိုင်က စတယ်၊ မစတယ် ကိစ္စမရှိဘူး။ ဆက်ဆံမှုကိစ္စက မုဒိမ်းမှု မြောက်တယ် ဆိုတာ ပေါ်လွင်အောင် ကျနော်တို့ လုပ်ဆောင်ပေးဖို့၊ တရားရေးမဏ္ဍိုင်ကလည်း တည့်မတ်စွာနဲ့ တရားဥပဒေကို ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ လူ့အခွင့်အရေးပိုင်းကနေ လုပ်ဆောင်နေပါတယ်။ သာမန်လူမှုရေး ပြဿနာ မဟုတ်တော့ဘဲနဲ့ ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။

ကိုဖိုးဇော် (စွန့်ပစ်ကလေးငယ်များ ကယ်ဆယ်စောင့်ရှောက်သူ)

အသံဖိုင်တွေ စပြီးလွှင့်လာထဲက စောင့်ကြည့်နေတာပါ၊ ဒါက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှု လည်း ဖြစ်တယ်၊ ရာဇဝတ်မှုလည်းဖြစ်တယ်၊ ချက်ချင်းဖမ်းလို့ ရတယ်၊ ကလေးက အသက်မပြည့်သေးဘူး ဆိုတာက အသံဖိုင် စထွက်လာကတည်းက ကျနော်က သတိထားမိလိုက်တယ်၊ ပြီးတော့ ကလေးကို အိမ်ထဲမှာ လိင်ကျွန်ပုံစံမျိုး ဆက်ဆံတာက ကြီးမားတဲ့၊ လူ့အဖွဲ့အစည်းက လက်ခံလို့မရတဲ့ အနေအထား ဖြစ်တယ်။

အခုထပ်ကြားရတဲ့ သတင်းတွေအရ ဒါဟာ ခွင့်လွတ်လို့မရတော့တဲ့ ကိစ္စဖြစ်လာတယ်။ ဒါကို ထိထိရောက်ရောက် လုပ်ရမယ်၊ ဥပဒေအရရော လူ့အခွင့်အရေးကော်မရှင်ကရော၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဘက်ကရော လုပ်သင့်တယ်။ ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ကလေးလုပ်သားတွေ၊ ကလေးအိမ်ဖော်တွေက ပြေလည်တဲ့ အိမ်တွေမှာ ရှိတတ်ကြတယ်။ ပွဲစားက ကြားထဲကနေ လိမ်သွားလို့ ကလေးတွေနဲ့ အိမ်ရှင်တွေ အဆင်မပြေဖြစ်ကြတာလည်း ကြားနေရတယ်။ ဒါကတပိုင်းပေါ့။ ကလေးတွေ ဥပဒေပိုင်းအရ အကာအကွယ်ရရေးက လူတိုင်းမဖြစ်မနေ လုပ်ရမယ့်ကိစ္စပါ၊ နိုင်ငံကဆင်းရဲလို့ဆိုပြီး ဒါကိုလျော့ပေါ့ ပေးနေလို့ မရတော့ဘူး။

မမေစပယ်ဖြူ (ဒါရိုက်တာ၊ Gender Equality Network)

ဒီကိစ္စက ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဒါက ရာဇဝတ်မှုပဲ၊ အသက်မပြည့်သေးတဲ့ ကလေးကို ပြုကျင့်မှု၊ ကလေးကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်တာ၊ ပြင်းထန်ဆိုးဝါးတဲ့ အကြမ်းဖက်မှုလို့တောင် အမည်တပ်လို့ရပါတယ်၊ နောက်ပြီး ပြင်းထန်စွာ နာကျင်စေမှုနဲ့လည်း အကျုံးဝင်တယ်လို့ ပြောချင်ပါတယ်။

နောက်တခုက အသံဖိုင်တွေ ပျံ့နှံ့တဲ့ကိစ္စဆိုရင်လည်း တဖက်သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့ကိစ္စပါပဲ၊ ရည်ရွယ်ချက် မပါပဲဖြစ်ဖြစ်၊ ပါလို့ပဲဖြစ်ဖြစ် ရှယ်နေကြတာလည်း လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်။ ပြောရမယ်ဆိုရင် မုဒိမ်းမှုရယ်၊ ပြင်းထန်စွာ နာကျင်စေမှုရယ်က သေချာပါတယ်။
ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုကိစ္စတွေက ဘယ်လို အကြောင်းပြချက်နဲ့မှ မလုပ်သင့်ဘူး၊ လူသားမဆန်တဲ့ လုပ်ရပ်တွေပါပဲ။ တရားဥပဒေရှိပါတယ်။ ဒီအထဲကပဲ စဉ်းစားဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။

မခင်လေး (ဒါရိုက်တာ၊ Triangle Women Support Group)

ဒီကိစ္စကို သေသေချာချာ လေ့လာကြည့်လိုက်မှ ကလေးမလေးက အသက်လည်း မပြည့်သေးဘူး၊ ကာမရယူတွေ၊ သက်ငယ် မုဒိမ်းမှုမျိုးတွေ ကျူးလွန်ခံရရုံ သာမကဘဲ မိသားစုက လူမဆန်စွာ ညှင်းပမ်း နှိပ်စက်မှုတွေကိုပါ ပါနေတဲ့ အတွက် တော်တော်ထိတ်လန့်စရာ၊ စိတ်မကောင်းစရာပါပဲ။

ကျမတို့ကတော့ လူမှုဝန်ထမ်းဘက်ကိုလည်း အကြောင်းကြားပါတယ်။ အမှုကို အမှန်တိုင်း တရားမျှတမှုရဖို့လည်း ဝိုင်းဝန်းပေးဖို့ ပြောထားတာ ရှိပါတယ်။ လွှတ်တော်ကော်မတီတွေ၊ လူ့အခွင့်အရေး ကော်မရှင်တို့ကို စာပို့ အကြောင်းကြားဖို့လည်း ကြိုးစားနေတယ်။

တကယ်တော့ ဒီလိုအမှုတွေက အရင်ကလည်း ဖြစ်နေမှာပါပဲ၊ အင်းဝ အပ်ချုပ်ဆိုင်လိုကိစ္စကစပြီး အိမ်အကူနဲ့ အိမ်ရှင်ကြားက ပြဿနာတွေက လူသိရှင်ကြား ဖြစ်လာတယ်။ အခုအမှုဆိုရင် လိင်ပိုင်းဆိုင်ရာရော၊ အမျိုးသမီး တယောက်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ မျိုးပွားအင်္ဂါကို လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်မှုတွေ ပါလာတဲ့ အခါကျတော့ ဒါတွေဟာ ဥပဒေကြောင်းအရကို တိတိကျကျ ပြင်းပြင်းထန်ထန် အရေးယူလို့ရမယ့် ဥပဒေမျိုး ရှိသင့်ပြီလို့ထင်တယ်။

ဖြစ်စဉ်တိုင်းမှာ အိမ်ရှင်၊ အိမ်အကူဖြစ်တဲ့အတွက် အားကြီးသူနဲ့ အားနည်းသူပေါ့။ အဲဒီမှာ အမြဲတမ်းအားကြီးသူတွေက အနိုင်ရနေသလိုမျိုး အမှုမှန် အမှန်တရားက ပျောက်ကွယ်သွားတတ်သလို ဖြစ်တဲ့အတွက် ဒီအမှုမှာလည်း အဲဒီလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကျမတို့အနေနဲ့ အနီးကပ် သေချာ စောင့်ကြည့်သွားမှာ ဖြစ်သလို လိုအပ်တဲ့ အကူအညီတွေ ရှိလာရင်လည်း ကူညီသွားဖို့ အဆင်သင့်ပါပဲ။

ဦးတင်အောင် ( အဖွဲ့ဝင်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်)

ကျနော်တို့ဆီ တိုက်ရိုက်တင်ပြတာ၊ တိုင်ကြားတာမျိုးတော့ မရှိသေးဘူး၊ သို့သော်လည်း ကျနော်တို့ ကော်မရှင်အနေနဲ့ ဒီကိစ္စအပေါ်မှာ စိတ်ဝင်တစားနဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို စုံစမ်းနေပြီးတော့ လေ့လာနေပါတယ်။ အမှန်တကယ် နစ်နာသူ ဘက်က ရပ်တည်ဖို့ သဘောထား ရှိပါတယ်။ အမှုဖွင့်တဲ့အနေအထား၊ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို စောင့်ကြည့် နေပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေက ဆောင်ရွက်မှုတွေကိုလည်း ကျနော်တို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။

ဒေါ်ထားထား (အခရာ အဖွဲ့ တည်ထောင်သူ)

ဒီလို ကျူးလွန်ခံရတာတွေက တခြားနေရာတွေမှာလည်း ရှိတယ်လို့ အချက်အလက် ဒေတာ ကောက်ထားတဲ့ မရှိတဲ့အတွက် တထစ်ချပြောလို့ မရပေမယ့် ရှိကိုရှိမယ်လို့ ထင်ပါတယ်။ ပြည်သူတွေရဲ့ သဘောထားတွေကိုလည်း Comment တွေ ကနေလည်း မြင်နိုင်တယ်။

အသံဖိုင်မှာ ပြောနေတဲ့အမျိုးသမီးက ယောကျ်ားက ဖောက်ပြန်တာကို ဘာလို့ဒီလို ပယ်ပယ်နယ်နယ်တွေ ပြောနေရ သလဲပေါ့၊ ဒါကဖောက်ပြန်တဲ့ ယောကျ်ားထက်ကို ဒါတွေကိုပြောတဲ့ မိန်းမက ပိုပြီး မိုက်ရိုင်းသလို ဖြစ်နေတယ်၊ ဘယ်လိုအခြေအနေပဲ ပြောင်းသွားသွား ဖောက်ပြန်တဲ့ယောကျ်ားကို အပြစ်မတင်လေ့မရှိတဲ့ လူ့ပတ်ဝန်းကျင် တခုကိုလည်း တွေ့ရတယ်။

ဒီကိစ္စမှာ ကလေးမလေးရဲ့ မိဘ ၂ ပါးကို ချီးကျူးတယ်၊ ရောက်အောင်သွားတယ်၊ ရအောင်ရှာတယ်၊ အမှုကို ရအောင် ဖွင့်တယ်၊ ကလေးမလေးက ၁၄ နှစ်ကျော်ကျော်ပဲ ရှိသေးတယ် ဆိုကြတော့ သက်ငယ်မုဒိမ်းပေါ့နော်။ နောက်ပြီး မိန်းမရဲ့ အင်္ဂါကို အက်စစ်နဲ့ ပက်တယ်ဆိုတာက ဘယ်သူပဲပက်ပက် ပြင်းထန်စွာ နာကျင်စေမှုပါ၊ ဒီနေရာမှာ လက်မောင်းလို နေရာမျိုး၊ ဝမ်းဗိုက်လိုနေရာမျိုးကို ဓားနဲ့ပဲဖြစ်စေ နာကျင်စေတာနဲ့ မိန်းမအင်္ဂါကို အက်စစ်နဲ့ပက်တာက နာကျင်စေမှု တန်းတူ သတ်မှတ်လို့တော့ မရဘူး။ ဒါမျိုးကို ထိရောက်စွာအရေးယူနိုင်ဖို့ ဥပဒေမှာ တိကျစွာနဲ့ သီးသန့်ကိုဖော်ပြရမယ်။

နောက်ပြီး မိန်းကလေး မိန်းမကိုယ်ကို ဓာတ်ပုံရိုက်တင်တာ၊ နောက်ပြီး ဟိုလူက လှူပါတယ်ဆိုပြီး မိန်းကလေးပုံကို ရိုက်ပြပြီး တင်တာတွေကလည်း တွေ့ရတယ်၊ ဒါက မလုပ်သင့်ဘူးပေါ့နော်။
နောက်တခုက ဒီကိစ္စက ဟိုးလေးတကြော်ကြော်နဲ့ ပေါ်ပေါက်လာတဲ့အတွက် အယောက်ချင်းစီတိုင်းကို စိတ်ပိုင်းဆိုင်ရာ အများကုစားပေးမှု၊ အတိုင်ပင်ခံယူစေတာတွေ လုပ်ဖို့လိုတယ်လို့ ထင်ပါတယ်၊ ကျူးလွန်ခံရတဲ့ မိန်းကလေးရော၊ ပြုလုပ်တဲ့ အမျိုးသားရော၊ သူ့အမျိုးသမီးရော အားလုံးကိုပေါ့။

ဦးခင်မောင်မြင့် (ဥပဒေရေးရာ အကြံပေး)

လက်ရှိတွေ့ရသလောက် သတင်းအချက်အလက်တွေအရ ပြောရင်တော့ သာမန်မှုခင်းဖြစ်စဉ် မဟုတ်ဘဲ တော်တော် လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုလို့ မြင်ပါတယ်၊ တခါတရံမှာ ဒီလိုအမှုမျိုးတွေက ကြုံကြိုက်လို့သော်လည်းကောင်း၊ အရက်သေစာ သောက်စားလို့သော်လည်းကောင်း၊ ဖြစ်တတ်တဲ့သဘာဝတော့ရှိတယ်၊ ဒီအမှုကျတော့ သိထားရတဲ့ အချက်အတွေအရ ကြုံကြိုက်လို့ ဖြစ်တာမဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိကို လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့။

နောက်တခုက ကျူးလွန်သူတင် မဟုတ်ဘဲ သူ့ရဲ့ဇနီးရော၊ ယောက္ခမဖြစ်သူရော ရာဇဝတ်မှုကို ထိန်ချန်ဖို့၊ ဖျောက်ဖျက်ဖို့ ဝိုင်ဝန်းပြီးကြိုးစားခဲ့ကြတယ်၊ အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့အနေအထား ရှိပါတယ်။

ဥပဒေပိုင်းအရကျတော့ ပုဒ်မ ၃၇၆ က ကလေးမလေးရဲ့ အသက်အတည်ပြုချက်အပေါ် မူတည်ပြီးတော့ မြောက်၊ မမြောက် ဆုံးဖြတ်နိုင်တာပေါ့။ ဆိုလိုတာက သူ့ဦးလေးဆိုသူပြောသလို အသက်က ၁၄ နှစ် ၁၀ လဆို အငြင်းပွားဖွယ် မရှိဘူး။ သေချာပေါက် ကလေးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပုဒ်မနဲ့ငြိနိုင်တာပေါ့၊
တချို့သတင်းတွေမှာ တွေ့ရသလို စရောက်တုန်းမှာပဲ ၁၅ နှစ်လောက်ရှိပြီ၊ အိမ်မှာနေတာလည်း ၅ နှစ်လောက် ရှိပြီဆိုတော့ ပုဒ်မပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ကလေးရဲ့ အသက်မူတည်ပါလိမ့်မယ်။

ရွှေပေါက်ကံမှာ စွဲထားတဲ့ ပုဒ်မတွေမှာကျတော့ နည်းနည်းလေး ပေါ့လျော့လွန်းတယ်လို့ ထင်တယ်။ အက်စစ်နဲ့ ပက်တယ် ဆိုတဲ့ တိုင်တန်းချက်ရှိပြီ ဆိုကတည်းက ကိုယ်လက်အင်္ဂါတွေ ပျက်ယွင်းအောင် လုပ်တယ်ဆိုပြီး ၃၂၆ နဲ့ ဖွင့်ရမှာ။ အဲဒါကို ၃၂၅ နဲ့ပဲ ဖွင့်ထားတယ်ဆိုတဲ့အခါကျတော့ နည်းနည်းတော့လွဲတယ်ပေါ့။ ရဲတပ်ဖွဲ့က တရားစွဲတဲ့ နေရာမှာ အမြင့်ဆုံး ပုဒ်မ တွေနဲ့ပဲ စွဲလေ့ရှိတာ၊ စစ်ဆေးရင်းနဲ့မှ ပေါ်ပေါက်လာတဲ့အချက်တွေအရ သူ့ထက် ပေါ့လျော့တဲ့ ပုဒ်မနဲ့ ပြောင်းလဲ စွဲချက် တင်တာမျိုးတွေ့ဖူးတာ။ တိုင်တန်းချက်မှာ အက်စစ်နဲ့ပက်တာ ပေါ်လွင်ပါလျက်နဲ့ ပုဒ်မ ၃၂၆ နဲ့မစွဲဘဲ သူ့ထက်ပေါ့တဲ့ ၃၂၅ နဲ့စွဲတာလေးတခုကို ဘဝင်မကျဘူး။

နောက်ထပ်သိရတဲ့အချက်အရ တာမွေမှာ ဒီကလေးက အက်စစ်နဲ့မပက်ခင်၊ တူနဲ့မထုခင် ကတည်းက တကြိမ်လာပြီး တိုင်တန်းခဲ့တယ်ပေါ့၊ အရွယ်မရောက်သေးလို့ လက်မခံဘဲ ပြန်လွှတ်တယ်ဆိုတဲ့သတင်းက ပေါ်လာပြန်တယ်။ ဒါလည်း တကယ်ပြောရင် လွဲတယ်။ ကျနော်တို့ ဆိုလိုတာက နစ်နာသူသည် ဘယ်အရွယ်ပဲဖြစ်စေ တိုင်တန်းချက်ကို လက်ခံရမယ်၊ လက်ခံပြီးမှ တိုင်တန်းဖို့အတွက် အသက်အရွယ် မလုံလောက်ဘူးဆို အုပ်ထိန်းသူအကြောင်းကြားမယ်၊ မိဘအုပ်ထိန်းသူ မရှိဘူး ဆိုရင်တောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ပြီး တိုင်တန်းသူအဖြစ်နဲ့ အမှုဖွင့်ပေးလို့ ရပါတယ်။ လက်ရှိမှာ တရားဥပဒေ လမ်းကြောင်းလေး မှန်မှန်ကန်ကန် သွားနေတာလေး တွေ့ရပေမယ့် စွဲဆိုတာတွေ၊ လုပ်ပုံလုပ်နည်း တွေကတော့ နည်းနည်းလေး ပြဌာန်းဥပဒေနဲ့ လွဲနေတယ်လို့ မြင်ပါတယ်။

Source;https://burma.irrawaddy.com/opinion/interview/2020/04/09/220399.html?fbclid=IwAR1KdarKKl_mxEaHJqbBtOK30vfMEddnNwQazR42C-9PYPYP8dBK4DE_GY0