လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး
Equality Myanmar March 15, 2018
လူ့အခွင့်အရေးကိုလေးစားလိုက်နာရန်၊ မိမိတို့၏အခွင့်အရေးများကို သိရှိတောင်းဆိုတတ်ရန်၊ တခြားသူများ၏ အခွင့်အရေးကို လေးစားတတ်ရန် ရည်ရွယ်၍ ညီမျှခြင်းမြန်မာမှ လူ့အခွင့်အရေး အခြေခံအမြင်ဖွင့် သင်တန်းကို ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ သင်တန်းသား ၁၂ ဦးနှင့် သင်တန်းသူ ၉ ဦး စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်း (၅)ရက်တာကာလ အတွင်း သင်တန်းနည်းပြများမှ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စာချူပ်များ၊ လူ့အခွင့်အရေး သမိုင်းကြောင်း၊ အုပ်စုလိုက်အခွင့်အရေး၊ အစိုးရ၏တာဝန်များ၊ တိုင်ကြား ပုံအဆင့်ဆင့်ကို မှတ်မိလာစေရန် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လှုပ်ရှားမှုများဖြင့် သင်ခန်းစာနှင့် သက်ဆိုင်သော ပြဇာတ်ဖန်တီးစေခြင်း၊ အစုအဖွဲ့ဖြင့်လုပ်ဆောင်တတ်စေရန်၊ ရည်ရွယ်၍ သင်ကြားပို့ချခဲ့ပါသည်။
သင်တန်းသား တစ်ဦး မအိချစ်သဲမှ “မသန်စွမ်းတွေရဲ့ အခြေအနေတွေကို သတိထားမိလာတယ်။ အရင်ကဆို သူတို့ကို နေရာပေးဖို့ မစဉ်းစားမိဘူး။ ခုအခြေအနေက သူတို့ရဲ့အခြေအနေတွေနဲ့ ဖြစ်တည်မှုတွေကို ထည့်စဉ်းစားမိလာတယ်။ Group Rights သင်ခန်းစာထဲမှာ ကိုယ်က မသန်စွမ်း ဇတ်ရုပ်ကိုကျလိုက်တဲ့အတွက် မသန်စွမ်းတွေရဲ့ သဘောကို ခံစားမိလာတာ။ သင်ထောက်ကူ Game တွေကို အရမ်းသဘောကျပါတယ်။”


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
