ညီမျှခြင်းမြန်မာမှ ၂၀၁၈ ခုနှစ် လူ့အခွင့်အရေး နည်းပြသင်တန်း စတင်ကျင်းပပြုလုပ်

Equality Myanmar February 23, 2018
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ညီမျှခြင်းမြန်မာ အဖွဲ့ မှ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော လူ့အခွင့်အရေးနည်းပြသင်တန်းကို စတင်ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ညီမျှခြင်းမြန်မာအဖွဲ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ “၎င်းအနေဖြင့် ယခုကဲ့သို့ လူ့အခွင့်အရေး နည်းပြသင်တန်းတတ်ရောက်လာသူများအတွက် ဂုဏ်ယူမိပါကြောင်း၊ လူ့အခွင့် အရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်မည့် မိသားစုဝင်များဖြစ် ကြိုဆိုပါကြောင်းများပြောကြားခဲ့သည်။ ထို့အပြင် ယနေ့ခေတ်အခြေအနေအရ လူ့အခွင့်အရေးအား လိုရာဆွဲ၍ အဓိပ္ပါယ်ဖွင့်ဆိုသူများရှိကြ ကြောင်း၊ လူ့အခွင့်အရေးအပေါ်တွင် အထင် အမြင်လွဲမှားမှုများရှိနေကြာင်း၊ ထို့အတွက်ကြောင့် ယခုကဲ့သို့ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းပြီးသည့်အခါတွင် လူ့အခွင့်အရေးအကြောင်းအရာများအား မှန်မှန် ကန်ကန်ပြောဆိုနိုင်ရန် လိုအပ်ကြောင်း၊ လူ့အခွင့် အရေးနည်းပြတစ်ဦးအနေနှင့် စိတ်ရင်း စေတနာ ကောင်း များလည်း မွေးမြူစေလိုကြောင်း” အဖွင့်အမှာစကားပေးပို့ပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ကျော်ဦးမှလည်း “ကျွန်တော်တို့နိုင်ငံမှာ လူ့အခွင့် အရေးနဲ့ ပတ်သတ်လို့ ဆုံးရှုံးခဲ့တဲ့ကာလဟာ ကြာမြင့်ခဲ့ပါတယ်။ အရင်တုန်းကတော့ လူ့အခွင့်အရေးနဲ့ ပတ်သတ်လာပြီရင် သိုသိုသိပ်သိပ် ပြောဆိုနေခဲ့ရာကနေအခုတော့ လူ့အခွင့်အရေးဆိုတာကို ပွင့်လင်း စွာပြောဆိုလာ နိုင်ခဲ့ ကြပြီဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးသင်တန်းတွေ ပေးလာတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်” လို့ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်ပြီး လူ့အခွင့်အရေးနည်းပြသင်တန်းဖွင့်လှစ်ခြင်းအပေါ် ကြိုဆိုကြောင်း၊ လူ့အခွင့်းအရေးနှင့် တာဝန်၊ ဝတ္တရားများသည် ချိန်ခွင်လျှာကဲ့သို့ပင် ဖြစ်ကြောင်းနှင့် အခွင့်အရေးသာမက တာဝန်၊ ဝတ္တရားများကိုလည်း လေးစားလိုက်နာစေလိုကြောင်း ထည့်သွင်းပြောကြားပေးခဲ့သည်။

၂၀၁၃ ခုနှစ် လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းတစ်ဦးဖြစ်သူ မစုချစ်မှလည်း “ အခုလို သင်တန်းတတ် ခွင့် ရပြီးတဲ့အခါ ကိုယ့်အနေနဲ့ သင်တန်းတတ်ခွင့်ရပြီဆိုပြီး ဂုဏ်ယူတယ်ဆိုတာထက် သင်တန်းအပြီး မှာ ကိုယ့်ပတ်ဝန်းကျင်ကို ငါ ဘာပြန်လုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးစဉ်းစားစေချင်ပါတယ်။ သင်တန်း ပြီးတဲ့ အခါမှာလည်း လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြတဲ့၊ နိုင်ငံအတွက်၊ ကိုယ့်ရပ်တည်ချက် အတွက် ကြိုးပမ်း လှုပ်ရှားနေကြတဲ့ တစ်လှေထဲ စီးသူတွေအဖြစ် ပြန်လည်တွေ့မြင်ရမယ်လို့ မျှော်လင့်မိပါ တယ်”လို့ နည်းပြ သင်တန်းသို့ တတ်ရောက်လာသူများအား တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် ညီမျှခြင်း မြန်မာအဖွဲ့၏ ဦးအောင်ဇော်ထွေး (Senior Advocacy Trainer)မှလည်း လူ့အခွင့်အရေးနည်းပြသင်တန်း တတ်ရောက်လာ သူများအနေနှင့် လူ့အခွင့်အရေးအပေါ် သေသေချာချာ တတ်ကျွမ်းနားလည်အောင် ကြိုးစားစေလိုကြောင်း၊ ပြည်သူလူထုအတွက် ရပ်တည်လုပ်ဆောင်ပေးနိုင်သော သူများဖြစ်လာအောင် ကြိုးစားစေလိုကြောင်း၊ ပြည်သူ့အတွက်လုပ်ဆောင်ပေးလိုသည့်စိတ်ဓာတ်များ ထားရှိစေလိုကြောင်းများ တိုက်တွန်း ပြောကြားပေး ခဲ့သည်။

သင်တန်းဖွင့်ပွဲ အစီအစဉ်များပြီးသည့်နောက်တွင် သင်ခန်းစာများကို စတင်ဆွေးနွေးခဲ့ကြသည်။ သင်တန်း တွင် တတ်ရောက်လာသူ စုစုပေါင်း ၂၇ ဦးခန့်ရှိပြီး လျှောက်ထားသူ ၁၀၀ ကျော်အတွင်းမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ မန္တလေးမြို့၊ ရွှေဖြူဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

TOT Mandalay 2018