မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဖြေရှင်းဆောင်ရွက်ချက်

Equality Myanmar January 10, 2018
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၃၆/ကာကွယ်/၂၀၁၇)

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီး အနောက်ဘက်ရွာတွင် ကလေးငယ်နှစ်ဦးကို ရဲလေးဆိုသူက ရက်စက်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေခြင်းကြောင့် အကာကွယ်မဲ့နေသည့် ကလေးသူငယ်များကို ကူညီကယ်တင် ပေးပါရန် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်ကို ၁၃-၁၂-၂၀၁၇ ရက်နေ့ ည ၁၀:၃၀ နာရီ အချိန်တွင် စတင်တွေ့ရှိခဲ့ရပါသည်။


၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓနုဖြူ မြို့နယ်ရဲတပ်ဖွဲ့သို့ အဆိုပါ ရဲလေးဆိုသူအား ဥပဒေနှင့်အညီ အရေးယူရန်နှင့် ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ အဆိုပါကလေးငယ်များအား အမြန်ဆုံးကယ်တင်ထိန်းသိမ်း စောင့်ရှောက်ရန် ၁၄-၁၂-၂၀၁၇ ရက်နေ့တွင် အကြောင်းကြားအသိပေးခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရကျော် တို့ပါဝင်သော ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ၁၉-၁၂-၂၀၁၇ ရက်နေ့တွင် စေလွှတ်ခဲ့ပါသည်။


၃။ ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၁၉-၁၂-၂၀၁၇ ရက်နေ့တွင် ကလေးသူငယ်များကို ဆေးကုသပေးနေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ကြရ သော မထိုက်ထိုက်ထွန်း (အသက် ၁၁ နှစ်) နှင့် မောင်ကံ (အသက် ၆ နှစ်) တို့နှစ်ဦးကို သွားရောက်တွေ့ဆုံ နှစ်သိမ့်စကားများ ပြောကြားခဲ့ပါသည်။ ၎င်းနောက် ကလေးငယ်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးထံမှတဆင့် ပေးအပ်ခဲ့ပါသည်။


၄။ ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားခဲ့သည့် ဓနုဖြူမြို့နယ်သို့ ဆက်လက် သွားရောက်၍ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းတိုးရွှေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှတို့နှင့် တွေ့ဆုံကာ ၎င်းတို့၏ သဘောထားအမြင်များနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အမှုနှင့်စပ်လျဉ်းသည့် တာဝန်ရှိသူများနှင့် သက်သေများကို စစ်ဆေးမေးမြန်းခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၅။ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တရားခံဖြစ်သူ ရဲလေးအား ဥပဒေနှင့်အညီ တရား ရုံးသို့ အမြန်ဆုံး စွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အသက် ၆ နှစ်အရွယ် မောင်ကံဆိုသူသည် မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်ပြီး ゞင်း၏အစ်မဖြစ်သူ မဝင်းသီရိ (အသက် ၁၁ နှစ်) မှာ ပထွေးဖြစ်သူ ချက်ကြီး (ခ) မောင်မြင့်နှင့်အတူ ဆက်လက်ထားရှိရန် မသင့်လျော်သည့်အပြင် ချက်ကြီး (ခ) မောင်မြင့်ကလည်း ကျွေးမွေးစောင့်ရှောက်ရန် မတတ်နိုင်ကြောင်း တင်ပြချက်အရ လူမှုဝန်ထမ်း ဦးစီးဌာနသို့ လက်ရှိအုပ်ထိန်းသူဖြစ်သော ချက်ကြီး (ခ) မောင်မြင့်ကိုယ်တိုင် တင်ပြ အကြောင်း ကြားနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်