အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီး

Equality Myanmar October 3, 2017
အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အလုပ်ရုံဆွေးနွေးပွဲကို (Transitional Justice Workshop) စက်တင်ဘာလ ၁ ရက် မှ ၃ ရက်နေ အထိ သုံးရက်တိုင်ကျင်းပပြုလုပ်ခဲ့သည်။ အလုပ်ရုံ ဆွေးနွေး ပွဲကို ပုဇွန်တောင်မြို့နယ်၊ Orchid Hotel တွင် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆွေးနွေး ပြုလုပ် ခဲ့ကြသည်။ တက်ရောက်သူသင်တန်းသားဦးရေ (၂၅) ဦးရှိခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ ကြသူများမှာ လူ့အခွင့်အရေးပညာပေးသူများကွန်ယက်(HREN)မှ နည်းပြများအများစုပါ ဝင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ NGOs၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှလည်းပါဝင်ဆွေးနွေးခဲ့ကြသည်။အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကိုဆရာ ဦးစိုင်းမြင့်သူ မှ ဦးဆောင်ဆွေးနွေးပေးခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တရားမျှတမှုဖြစ်ရန် အချက်(၄)ချက်ဖြင့် ဆွေးနွေး ပေးခဲ့သည်။ အမှန်တရား ပေါ်ပေါက်လာရေး၊ တရား-မျှတမှု ဖော်ဆောင်ရေး၊ လူ့ ဂုဏ်သိက္ခာ၊ အပြစ်ခံရခြင်းက ကင်းလွတ်ခွင့်ရနေသည့် ဓလေ့ကို ဆန့်ကျင်တိုက်ဖျက်ရေး ဟူ၍ အလုပ်ရုံဆွေးနွေးပွဲကို ဆွေးနွေးပေးခဲ့သည်။ အထက်ပါအချက်များမှာ တရားဥပဒေစိုးမိုးရေး (Rule of Law) အား အကောင်အထည် ဖော်ရန်အတွက်သာ ဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့သည်။


သင်တန်းတက်ရောက်လိုက်ရခြင်းဖြင့် သင်တန်းသား ကိုကျော်သက်ဦး (HREN-AYA) မှ “ ယခုလို အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု သင်တန်းတက်လိုက်ရခြင်းတဲ့အတွက် ကျွန်တော်အတွက် ရှု့ထောင့်မျိုးစုံ ကနေ သိရှိခဲ့ရတယ်။ အသွင်းကူးပြောင်းဆဲ အစိုးရအနေဖြင့် ယခင်လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ရှိအခြေအနေမှာ ချိုးဖောက်ခံခဲ့ရတဲ့ ပြည်သူူလူထုကို ဘယ်လိုပြန်လည် ကုစားမှုမျိုး၊ အသိအမှတ်ပြု တာမျိုးလုပ်ရမလဲဆိုတာ သိခဲ့ရပါတယ်။ ဥပမာပြောမယ်ဆိုရင် လယ်ယာမြေသိမ်းခံထိထားတဲ့ လယ်သမား တွေကို ယခုအချိန်ထိ သူတို့နစ်နာဆုံးရှုံးခဲ့မှုတွေကို အသိအမှတ်ပြု၊ ကုစားပေးတာမျိုး မရှိသေးပါဘူး၊ ဒါဟာ ဆိုရင်ဖြင့် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှု့ထောင့်ကဆိုရင် အလွန်အရေးကြီးတယ်ဆိုတာကို သိလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ သင်တန်းသူတစ်ဦးဖြစ်တဲ့ မမိုင်လေး မှလည်း ယခုလိုပြောကြားခဲ့ပါတယ်။ “နိုင်ငံတကာမှာ ဆိုရင်ဖြင့် အာဏာရှင်စနစ် ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေပြုလုပ်ခဲ့တဲ့ နိုင်ငံတွေ အများကြီးရှိတယ်။ အဲ့ဒီနိုင်ငံတွေထဲကမှ ကိုယ့်နိုင်ငံလိုမျိုး အဖြစ်တူတဲ့ နိုင်ငံအကြောင်းတွေကို လေ့လာခွင့်ရခဲ့တယ်။ ဥပမာ- အင်ဒိုနီးရှားလို နိုင်ငံမျိုးက ကိုယ့်နိုင်ငံနဲ့ အသွင်ကူးပြောင်းတဲ့ ပုံစံသွားတူနေတာကိုတွေ့ရတယ်။ ဘယ်လိုပဲ တူူတူ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာဆိုရင် စတေးခံ၊ အကြမ်းဖက်ခံရတဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အများကြီးရှိခဲ့တယ်။ အဲ့ဒီလို လူတွေကို ခံစားခဲ့ရတဲ့ အမှန်တရားတွေ ပြန်လည်ဖော်ထုတ် ပေးပြီး အသိအမှတ်ပြုပေးခြင်း ၊ ပြန်လည်ထူထောင်နိုင်ရေးတို့ကို မလုပ်နိုင်သ၍ အသွင်ကူးပြောင်းမှု ပြုလုပ်နေ တဲ့ အစိုးရအတွက်ဟာ တရားမျှတမှုဆိုတာမရှိသေးဘူးလို့ မြင်မိပါတယ်။”