အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်း ကျင်းပပြုလုပ်ပြီးစီးခြင်း
Equality Myanmar March 28, 2018
ညီမျှခြင်းမြန်မာ အဖွဲ့အစည်း နှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (ကရင်ပြည်နယ်) တို့ ပူးပေါင်းကာ (၅) ရက်တာ အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်းကို မတ်လ၊ ၁၂ ရက်၊ ၂၀၁၈ ၊ နေ့တွင် ဘစ်ရှော့ဝင်း၊ ဘားအံ့မြို့၊ ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ အဆိုပါသင်တန်းတွင် ဒေသခံများ၊ လူငယ်များ၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သင်တန်းသူ (၁၂) ဦး နှင့် သင်တန်းသား (၉)ဦး စုစုပေါင်း (၂၁)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
သင်တန်း (၅) ရက်တာ ကာလတွင် လူ့အခွင့်အရေး၏ သဘောသဘာဝများ၊ လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် လူ့အခွင့်အရေး ကြေညာစာတမ်းဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များ၊ အုပ်စုလိုက်အခွင့်အရေးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နှင့်တိုင်ကြားနိုင်သော ယန္တရား များစသည့် အကြောင်းအရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ မိမိနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် ပတ်သတ်၍ သဘောထားကွဲလွဲမှုများ၊ နိုင်ငံအတွင်း လေးစားလိုက်နာ ကျင့်သုံးနေသည့် လူ့အခွင့်အရေး အခြေအနေများ၊ လူတစ်ဦးခြင်းစီ နှင့် အစိုးရတစ်ရပ်၏ တာဝန်ဝတ္တရားများ စသည့်တို့ကို တက်ကြွစွာ ဆွေးနွေးဖြစ်ခဲ့ကြသည်။
သင်တန်းတက်ရောက်ပြီး နားလည်သဘောပေါက်မှုများအား ဖြေကြားခြင်း။
ကိုထက်ဝေယံ ( ယခင်က အစိုးရ၏ တာဝန်၊ ဝတ္တရားများအားရှင်းရှင်းလင်းလင်းမသိဘဲ အစိုးရ၏လုပ်ရပ်များအား မကောင်းသက်သက်သာ မြင်ခဲ့မိတယ်။ သင်တန်းတက်ရောက်ပြီးမှပဲ အစိုးရ၏ တာဝန်ဝတ္တရား သာမကဘဲ လူတိုင်း၏ အခွင့်အရေးများကိုလည်း သိရှိခဲ့ပြီး၊ အစိုးရအား မည်ကဲ့သို့ ကောင်းမွန်အောင် လုပ်ဆောင်စေရန် တောင်းဆိုရမလဲ၊ ကိုယ့်အခွင့်အရေးကို မည်သို့ကာကွယ်ရမလဲသာ ဦးစားပေးတွေးတက်လာပါတယ်)
နန်းခိုင်သင်းကြည် (ယခုသင်တန်းကများစွာ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။စိတ်မဝင်စားခဲ့ဖူးသော လူ့အခွင့်အရေးအကြောင်းအရာများကို အရမ်းစိတ်ဝင်စားလာခဲ့တယ်၊ လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အချို့ ပြည်တွင်းဥပဒေတွေကိုလည်းသိလိုက်ရတယ်။ ကျွန်မ၏ ပတ်ဝန်းကျင်တွင် မည်သူက လူ့အခွင့်အရေးချိုးဖောက် နေသည်ကို သိရှိခဲ့သည်။)


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
