ကော့သောင်းမြို့ စားသောက်ဆိုင်မှ အလုပ်သမား အမျိုးသမီးနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရမှု အတွက် အမှုဖွင့်
ကော့သောင်း၊ သြဂုတ် (၂၀) ။ ။ ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်သမားအမျိုးသမီးနှစ်ဦးကို ဆိုင်ပိုင်ရှင်မှ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကော့သောင်း မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် ထားကြောင်း သိရသည်။
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တစ်ခုမှ ဆိုင်အလုပ်သမားအမျိုးသမီး ၂ ဦးဖြစ်သော မစန်းစန်းဝင်းနှင့် မမြတ်မြတ်မိုးတို့ကို ဆိုင်ရှင်ဖြစ်သူက နေအိမ် အိပ်ခန်းအတွင်း နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ပဲ နှိပ်စက်ခံရတဲ့ အလုပ်သမား အမျိုးသမီး နှစ်ဦး ဖြစ်တဲ့ မစန်းစန်းဝင်းနဲ့ မမြတ်မြတ်မိုးတို့ စခန်းမှာ လာရောက် အမှုဖွင့်ထားပါတယ်။ အမှုကိုတော့ ကျွန်တော်တို့ အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်တယ်။ ဘယ်လိုကြောင့် အခုလိုမျိုး နှိပ်စက်ခံရလဲဆိုတာ လက်ရှိမှာမသိရှိရ သေးဘူး”ဟု ကော့သောင်း မြို့မ ရဲစခန်း မှ စခန်းမှူး ဒုရဲမှူး အောင်မိုးက ပြောသည်။
အဆိုပါ အလုပ်သမားနှစ်ဦးကို ဆိုင်ရှင်ဖြစ်သူ ဒေါ်မအေးဆိုသူက နေအိမ်၌ အလုပ်များကို ခိုင်းစေခဲ့ပြီး ချုပ်နှောင်ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း ထွက်ပြေးပါက သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် သြဂုတ်လ ၁၂ နှင့် ၁၉ ရက်တို့တွင် ယင်း နေအိမ်မှ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးမှ ရဲစခန်းတွင် ထွက်ဆိုခဲ့ကြသည်။
နှိပ်စက်ခံရမှုကြောင့် အလုပ်သမား မစန်းစန်းဝင်း အသက် (၃၂) နှစ်၊ (ဘ) ဦးတင်ဝင်းတွင် ဦးခေါင်း၊ ခြေလက် နာကျင်၊ အမာရွတ်များ၊ ဒူးခေါင်း ရောင်ကိုင်း ဒဏ်ရာများရရှိခဲ့ပြီး အလုပ်သမား မမြတ်မြတ်မိုး အသက် (၃၈) နှစ်၊ (ဘ) ဦးခင်ကြွယ်တွင် ဝဲပါးစောင် နာကျင် ရောင်ကိုင်း၊ ကျောပြင် ရေနွေးပူ လောင်၊ ဒူးနှစ်ဖက် နာကျင် ရောင်ရမ်း၊ ဦးခေါင်းဒဏ်ရာ အမာရွတ်များ အသီးသီးရရှိ ထားသောကြောင့်မှုခင်းဆေးစာဖြင့် ကော့သောင်း ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကာ ဆေးကုသမှုခံနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွက် ကော့သောင်းမြို့မ ရဲစခန်းတွင် (ပ) ၁၇၆၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ. ၃၂၆/၃၄၂/ ၅၀၆/၁၁၄ တို့အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Mizzima News


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
