(၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေငြာချက်

ကမ္ဘာ့ကုလသမဂ္ဂက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာစာတမ်းကို ပြဌာန်းအတည်ပြုခဲ့ပြီး နိုင်ငံတကာလူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်ခဲ့သည်။ အဆိုပါ ကြေညာစာတမ်းကို ဘာသာစကားပေါင်း (၅၃၀) ဖြင့် ထုတ်ပြန်ခဲ့ သည်။ မြန်မာနိုင်ငံသည်လည်း ပထမဆုံးထောက်ခံမဲပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ တွင် (၇၇) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ထိုသို့လူ့အခွင့်အရေးကို အသိအမှတ်ပြုလာခဲ့သော်လည်း မြန်မာနိုင်ငံသည် နှစ်ပေါင်း (၇၀) ကျော် အာဏာရှင်စနစ်ဆိုးကြောင့်  နည်းမျိုးစုံဖြင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ပစ်မှတ်ထားကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ပြည်သူများ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ကြရသည်။ ထို့အပြင် စစ်အုပ်စုသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး စစ်အာဏာ သိမ်းမှုကို ကျူးလွန်ခဲ့ကာ ရက်ပေါင်း (၁၂၆၃) ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၆၄၀၀) ကြိမ်၊ ဥပဒေမဲ့ ဖမ်းဆီးမှုဖြစ်စဉ်ပေါင်း (၂၆၉၃) မှု၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း ဖြစ်စဉ်ပေါင်း     (၄၆၆၃) မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း (၄၈၁) မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၁၅၉) မှု နှင့် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖိနှိပ်မှု ဖြစ်စဉ်ပေါင်း (၆၆၇) မှု အစရှိသည့် ဖိနှိပ်မှုမျိုးစုံနှင့်တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိပါသည်။ ထို့အပြင် စစ်အုပ်စုသည် စစ်အာဏာ သက်ဆိုးရှည်ရေးအတွက် လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ပြီး အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးလျက်ရှိသည်။

ထိုသို့အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုမျိုးစုံကြုံတွေ့နေရသော်လည်း မြန်မာ့အရေး လှုပ်ရှား  သည့် တက်ကြွလှုပ်ရှားသူများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး လှုပ်ရှားမှုများကို အားကြိုးမာန်တက် ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်ကို ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် မှုအပေါ်လည်း လေးစားစွာ ကြိုဆိုထောက်ခံပါသည်။